အီလက်ထရွန်းနစ် မစ်ဆာ

အီလက်ထရွန်းနစ် မစ်ဆာ ဆိုသည်မှာ နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော လျှပ်စစ် သို့မဟုတ် အီလက်ထရွန်းနစ် ဆစ်ဂနယ်များကို အထွက် ဆစ်ဂနယ် တစ်ခု သို့မဟုတ် နှစ်ခု အဖြစ် ပေါင်းစပ်ပေးသော ကိရိယာ တစ်မျိုးဖြစ်သည်။ မစ်ဆာ ဆိုသော အသုံးအနှုန်းကို အသုံးပြုသော ပတ်လမ်းများတွင် အပေါင်း မစ်ဆာ နှင့် အမြှောက် မစ်ဆာ ဟူသော အခြေခံ ပတ်လမ်း နှစ်မျိုး ရှိသော်လည်း ၎င်းတို့သည် အလွန် ကွဲပြားခြားနားသော ပတ်လမ်းများဖြစ်သည်။

အပေါင်းမစ်ဆာ များမှာ နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ဆစ်ဂနယ်များကို ပေါင်းစပ်ပေးသည်။ ဤ အသုံးအနှုန်းကို အော်ဒီယို အီလက်ထရွန်းနစ်တွင်သာ အသုံးပြုလေ့ ရှိပြီး အော်ဒီယို မစ်ဆာများမှာ အသံ ဆစ်ဂနယ်၊ ဂီတ ဆစ်ဂနယ် နှင့် အသံ အဖက်တ် စသော အသံပိုင်းဆိုင်ရာ ကြိမ်နှုန်းများကို ပေါင်းစပ်ပေးသည်။

အမြှောက်မစ်ဆာ များမှာ အချိန်နှင့် အမျှ ပြောင်းလဲနေသော အဝင်ဆစ်ဂနယ်များကို မြှောက်ပေးသည်။ အကယ်၍ အဝင်ဆစ်ဂနယ်များမှာ f1 နှင့် f2 စသော ဆိုင်းဝေ့ဖ် ဆစ်ဂနယ်များဖြစ်ပါက အထွက် မစ်ဆာတွင် ဆိုင်းဝေ့ဖ် အသစ်နှစ်ခု ပေါ်ထွက်လာမည် ဖြစ်ပြီး ၎င်းတို့မှာ အပေါင်းကြိမ်နှုန်း f1 + f2 လှိုင်းနှင့် အနှုတ်ကြိမ်နှုန်း f1 - f2 တို့ ဖြစ်ပေလိမ့်မည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.