အောင်လောင်ငှက်
အောင်လောင်ငှက်(သို့) ယောင်ယင်ငှက် ဟုလည်း ခေါ်သည်။ ယောင်ယင်ငှက်ကို အောင်လောင်ငှက် ဟုလည်း ခေါ်တတ်ကြသေးသည်။ ပါဏဗေဒအလိုအရ ဗူကာရော့စဗိုင်ကောနစ် ဟု ခေါ်၍ ဗူကာရိုတီဒီး မျိုးရင်းတွင် ပါဝင်သည်။
အောင်လောင်ငှက် | |
---|---|
Perched on a Mesua tree at Valparai, South India | |
သဘာဝထိန်းသိမ်းခြင်း အခြေအနေ | |
Near Threatened (IUCN 3.1) | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | တိရစ္ဆာန် |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Coraciiformes |
မျိုးရင်း: | Bucerotidae |
မျိုးရင်းသေး: | Bucerotinae |
မျိုးစု: | Buceros |
မျိုးစိတ်: | B. bicornis |
ဒွိနာမ | |
Buceros bicornis Linnaeus, 1758 | |
Synonyms | |
Buceros homrai[1] |
ယောင်ယင်ငှက်သည် ငှက်ကြီးမျိုး ဖြစ်သဖြင့် အလျား ၄၃ လက်မမှ ၅၂ လက်မထိ ရှိတတ်သည်။ နှုတ်သီးနှင့် မူလ အမွှေးရောင်များသည် တင်ပါး၏ ဂလင်းမှ ထွက်သော အမှုန့်စေးတစ်မျိုးကြောင့် အဝါရောင် ဖြစ်နေတတ်သည်။ ငှက်ဖို၏ မျက်နက်ဝန်းသည် အနီရောင် ဖြစ်သော်လည်း ငှက်မ၏ မျက်နက်ဝန်းမှာမူ အဖြူရောင် ဖြစ်သည်။ ယောင်ယင်ငှက်သည် ဆူညံစွာနေတတ်သော ငှက်ဖြစ်သည့်အပြင် ထူးခြားသော အသံများကိုလည်း ပြုလုပ်တတ်သေးသည်။
တောင်ခြေရှိ တောများတွင် ယောင်ယင်ငှက်ကို တွေ့နိုင်ပေသည်။ ယောင်ယင်ငှက်ဖိုနှင့် ငှက်မများသည် ရာသက်ပန် တွဲဖက်၍ နေတတ်ကြသည်ဟု ဆိုသော်လည်း သားပေါက်ချိန် မဟုတ်သောအခါများတွင် ယောင်ယင်ငှက်များသည် ခြောက် ကောင်မှ တစ်ဆဲ့ရှစ်ကောင်အထိ အုပ်ဖွဲ့၍ နေတတ်ကြသည်။ ပျံသန်းရာတွင် တောင်ပံကို ရိုက်ခတ်ကြသော်လည်း ထိုသို့ ရိုက်ခတ်သည့်ကြားတွင် လေဟုန်လည်း စီးတတ်ကြသည်။ ယောင်ယင်ငှက်၏ တောင်ပံရိုက်ခတ်သံသည် အခြားငှက်၏ တောင်ပံရိုက်ခတ်သံထက် ပို၍ ကျယ်လောင်သည်။ သို့သော် အခြားငှက်များကဲ့သို့လည်း နိမ့်ချေမြင့်ချေ မဖြစ်ချေ။ ယောင်ယင်ငှက်၏ တောင်ပံရိုက်ခတ်သံကို အတော်ဝေးဝေးမှပင် ကြားနိုင်လေသည်။ အချို့တောင်ပေါ်သားများ အထူးသဖြင့် နာဂလူမျိုးနှင့် ကချင်လူမျိုးတို့သည် သူတို့၏ ဦးခေါင်းတန်ဆာများတွင် တပ်ဆင်ရန်အတွက် ယောင်ယင်ငှက်များ၏ အမြီးမွှေးများကို အတော်လိုလိုချင်ချင် ရှာဖွေကြသည်။ ယောင်ယင်ငှက် သည် အထူးသဖြင့် သစ်သီးများကို စားလေ့ရှိသည်။ အစာကို စားရာတွင် ပထမအစာကို မြှောက်လိုက်၍ ကျအလာတွင်မှ လည်ကုပ်ကို ဖမ်း၍ ကိုက်စား လေ့ ရှိသည်။ သစ်သီးဖြင့် ယောင်ယင်ကို ပစ်လိုက်လျှင် အပစ်ခံရသော ယောင်ယင်ငှက်သည် ပစ်လိုက်သည့် သစ်သီးကို ဖမ်းယူလေ့ရှိသည်။
ဇန်နဝါရီလမှ ဧပြီလအထိ ယောင်ယင်ငှက်ကလေးများ ပေါက်သည်။ ယောင်ယင်ငှက်သည် အသိုက်တစ်သိုက်တည်းကိုပင် တစ်နှစ်ပြီးတစ်နှစ် ဆက်၍ သုံးလေ့ရှိသည်။ အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ အင်ဒိုချိုင်းနား၊ မလေးရှားကျွန်းဆွယ်နှင့် ဆူမတြားကျွန်းများတွင် ယောင်ယင်ငှက်များကို တွေ့နိုင်သည်။ မြန်မာနိုင်ငံရှိ တောင်ခြေတောများတွင် ယောင်ယင်ငှက်များကို တွေ့နိုင်လေသည်။ ပေ ၄ဝဝဝ ထိ မြင့်သော နေရာများ၌ပင် ယောင်ယင်ငှက်များကို တွေ့နိုင်လေသည်။[2]
ကိုးကား
- Hodgson,BH (1833). "Description of the Buceros Homrai of the Himalaya". Asiat. Res. 18 (2): 169–188.
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)