အဲလဗတ်ဘုရင်၊ ပထမ

ပထမ အဲလဘတ် (အင်္ဂလိပ်: Albert I; ၈ ဧပြီ ၁၈၇၅ ၁၇ ဖေဖော်ဝါရီ ၁၉၃၄) သည် ဘယ်လ်ဂျီယမ်နိုင်ငံကို ၁၉ဝ၉ ခုနှစ်မှ ၁၉၃၄ ခုနှစ် အထိ အုပ်စိုးခဲ့သောဘုရင်ဖြစ်သည်။ အဲလဘတ်ဘုရင်သည် တိုင်းသူပြည်သားအပေါင်းတို့နှင့် ပွန်းပွန်းတီးတီး ခင်မင်ရင်းနှီးစွာ ဆက်ဆံတတ်သောကြောင့် ဘယ်လ်ဂျီယမ် တစ်မျိုးသားလုံး၏ ကြည်ညိုလေးစားခြင်းကိုခံရသည်။ ဒုတိယလီယိုပိုဘုရင်၏ညီ ဖလန်းဒါးနယ်စား ဖိလစ်မင်းသား၏ ဒုတိယသားဖြစ်၍ ၁၈၇၅ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် ဘရပ်ဆဲလ်မြို့၌ဖွားမြင်သည်။ ၁၉ဝဝ ပြည့်နှစ်တွင် ဗာဗေးရီးယားပြည်နယ်မှ အယ်လစ်ဇဗက်မင်းသမီး နှင့်လက်ထပ်သည်။ ၁၉ဝ၉ ခုနှစ်တွင် အဲလဘတ်မင်းသား သည် ဦးရီးတော် ဒုတိယ လီပိုဘုရင်၏ ထီးမွေကို ဆက်ခံရရှိလေသည်။

ပထမ အဲလဘတ်ဘုရင်


ဦးရီးတော်၏အရိုက်အရာကို ဆက်ခံရသောအခါ၌ ဘယ်လ်ဂျီယမ်နိုင်ငံ ရေကြောင်းကုန်သွယ်ရေးကို တိုးတက်အောင် ပြုပြင်သည်။ ကွန်ဂိုပြည်နယ်ဖွံ့ဖြိုးရေးကိုလည်း ဆောင်ရွက် သည်။ ဘယ်လ်ဂျီယမ်တပ်မတော်ကိုလည်း ပြန်လည်ပြုပြင်သည်။ သို့ရာတွင် တပ်မတော်ကို ပြန်လည်ပြုပြင်နေစဉ် ၁၉၁၄ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့၌ ဂျာမန်တို့က ပြင်သစ်နိုင်ငံကိုတိုက်ခိုက် ရန် ဘယ်လ်ဂျီယမ်နိုင်ငံတွင်းမှ ဖြတ်သန်းခွင့်တောင်းဆိုလေသည်။ ဘယ်လ်ဂျီယမ်နိုင်ငံသည် ကြားနေနိုင်ငံဖြစ်၍ အဲလဘတ်ဘုရင်က ထိုတောင်းဆိုချက်ကို ခွင့်မပြုချေ။ ထိုအခါဂျာမန်တပ်များသည် ဘယ်လ်ဂျီယမ်ကို ဇွတ်အတင်းဖြတ်ကျော်လာသဖြင့် စစ်ဖြစ်ပွားလေ သည်။


အဲလဘတ်ဘုရင်သည် ဘယ်လ်ဂျီယမ်တပ်များကို ကိုယ်တိုင် ဦးစီး၍ ဂျာမန်တပ်များကို ရွတ်ရွတ်ချွံချွံ ခုခံတိုက်ခိုက်သည်။ နောက်ဆုံး၌ အားမတန်၍မာန်လျော့ရသဖြင့် ဗရပ်ဆဲမြို့တော် ကျဆုံးသည့်တိုင်အောင် ဘုရင်သည် မိမိတပ်မတော်နှင့် မခွဲခွာ ခဲ့ချေ။ စစ်မျက်နှာနောက်ပိုင်းတွင် မိဖုရား အယ်လစ်ဇဗက် ကလည်း တိုက်ပွဲမှဒဏ်ရာရသူ စစ်သားများကို ပြုစုစောင့် ရှောက်လျက်ရှိလေသည်။ ၁၉၁၈ ခုနှစ် စက်တင်ဘာလတွင် အဲလဘတ်ဘုရင်သည် ဘယ်လ်ဂျီယမ်တပ်၊ ဗြိတိသျှတပ်၊ ပြင်သစ် တပ်များပါဝင်သော မဟာမိတ်တပ်ဖွဲ့ကို ကွပ်ကဲ၍ ရန်သူကို တိုက်ခိုက်ရာ ထိုနှစ်အောက်တိုဘာလ၌ ဘယ်လ်ဂျီယမ်ကမ်းခြေ ဒေသကို ဂျာမန်တို့လက်မှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့လေသည်။ ပထမ ကမ္ဘာစစ်ပြီးသည့်နောက် ၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အဲလဘတ်ဘုရင်သည် အောင်တပ်ခင်းလျက် ဗရပ်ဆဲမြို့တော်အတွင်းသို့ ပြန်လည်ဝင်ရောက် လာခဲ့လေသည်။ ပထမ အဲလဘတ်ဘုရင်သည် အားကစားဘက်၌လည်း ထူးချွန်သူဖြစ်သည်။ အထူးသဖြင့် တောင်တက်ခြင်း၌ ဝါသနာ ပါသည်။ ၁၉၃၄ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် မိမိ၏ ဝါသနာအလျောက် အာဒင်းနီး တောင်တန်းတစ်နေရာသို့ တက် နေစဉ် လိမ့်ကျ၍ အနိစ္စရောက်ရလေသည်။ သားအကြီးဆုံးက တတိယ လီပိုယိုဘွဲ့ကို ခံယူ၍ ဘယ်လ်ဂျီယမ်ထီးနန်းကို စိုးစံ လေသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.