ဥဂ္ဂတသူကြွယ်

ဥဂ္ဂတသူကြွယ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် သံဃာအား စိတ်တူမျှစွာ လုပ်ကျွေးသည့် ဥပါသိကာများတွင် အသာဆုံး၊ အမြတ်ဆုံး ဧတဒဂ် ရခဲ့သည်။ ဥဂ္ဂတသည် ဟတ္ထိဂါမအရပ် (ဆင်ရွာ) သား ဖြစ်၏။ [1]

အနာဂါမ် ဖြစ်ခြင်း

မြတ်စွာဘုရားသည် နာဂဝနဥယျာဉ်၌ သီတင်းသုံးနေချိန် ဖြစ်၏။ ဥဂ္ဂတသည် ခုနစ်ရက်တိုင် သေရည် ယစ်မူးနေ၏။ ကချေသည်တို့ဖြင့် မြူးထူးကာ ဥယျာဉ်သို့သွား၏။ ထိုအခါ ဘုရားရှင်နှင့် တွေ့လေသည်။ ဥဂ္ဂတသည် ဘုရားရှင်ကို အနီးကပ် ဖူးမြင်ရသောအခါ အမူးပြေသွား၏။ အလွန်လည်း ရှက်သွား၏။ မြတ်စွာဘုရားက တရားရေအေးတိုက်ကျွေးရာ တရားဆုံးသော် အနာဂါမ် ဖြစ်လေသည်။[1]

အလှူအတန်း ပြုခြင်း

ထိုအချိန်မှ စကာ ဥဂ္ဂတသည် ရဟန်းတို့အား လှူဒါန်း၏။ နတ်တို့က ဥဂ္ဂတ၏ သဒ္ဓါတရားကို ပျက်စီးအောင် ပြုသော်လည်း မပျက်ပေ။ အလှူခံပုဂ္ဂိုလ်နှင့် ပတ်သက်၍ သဒ္ဓါတရားသည် မပျက်စီး၊ တူမျှသော သဒ္ဓါဖြင့် လှူ၏။ ဥဂ္ဂတသည် သီလဝန္တပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူးကိုသာ ချီးမွမ်း၏။[1]

ဧတဒဂ်ရခြင်း

မြတ်စွာဘုရားသည် သံဃာအား စိတ်မျှတစွာ ပြုလုပ်ကျွေးကြသော ဥပါသိကာများတွင် ဥဂ္ဂတသူကြွယ်သည် အသာဆုံး အမြတ်ဆုံးဟု မိန့်ကာ ဧတဒဂ် ပေးတော်မူ၏။[1]

ဥဂ္ဂတသူကြွယ်၏ အံ့ဖွယ်ရှစ်ပါး

  1. မြတ်စွာဘုရားကို ဖူးရသည်နှင့် တပြိုင်နက် ဘုရားအပေါ် အကြွင်းမဲ့ ယုံကြည် ကြည်ညိုခြင်း၊ ယစ်မူးမှု ချုပ်ငြိမ်းခြင်း။
  2. မြတ်စွာဘုရားကို ပထမအကြိမ် ဖူးတွေ့ရပြီး တရားနာကာ အနာဂါမ် ဖြစ်ခြင်း၊ လောကုတ္တရာသရဏဂုံနှင့်တကွ ဗြဟ္မစရိယပဉ္စမကသီလကို ခံယူဆောက်တည်ခြင်း။
  3. မိမိ၏ မယားကို တပါးသော ယောက်ျားအား စွန့်လှူပေးကမ်းလိုက်ရသော်လည်း စိတ်ထဲတွင် ဖောက်လွဲဖောက်ပြန်မှု မရှိခြင်း။
  4. မိမိ၏ စည်းစိမ်ဥစ္စာရှိသမျှတို့သည် သီလဝန္တပုဂ္ဂိုလ်မြတ်တို့နှင့် မခွဲခြားဘဲ ဆက်ဆံကုန်၏၊ သက်ဆိုင်ကုန်၏ဟူ၍ စိတ်ထားခြင်း။
  5. ရဟန်းသူမြတ်တို့ကို ရိုသေစွာ ချဉ်းကပ်ပြုစုခြင်း။ ရဟန်းသူမြတ်က တရားဟောလျှင် ရိုသေစွာ နာယူခြင်း။ မဟောလျှင် မိမိက ဟောခြင်း။
  6. သီလဝန္တပုဂ္ဂိုလ်၊ ဒုဿီလပုဂ္ဂိုလ် နှစ်မျိုးလုံး၌ ညီမျှသောစိတ်ဖြင့် ပေးကမ်းပြုစုခြင်း။
  7. ငါ့ထံ နတ်တို့သည် ချဉ်းကပ်၏။ ငါသည် နတ်တို့နှင့် အတူတကွ စကားပြောရ၏ဟု စိတ်မတက်ကြွခြင်း။
  8. နောက်ထပ်တဖန် ဤကာမဘုံသို့ ပြန်လာရောက်ကြောင်း သံယောဇဉ်အာရုံ မရှိခြင်း။[1]

ကိုးကား

  1. သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၂၀၀၅)။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်။ pp. ၅၉၂၊ ၅၉၃။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.