ဥပ္ပလဝဏ်ထေရီ

ဥပ္ပလဝဏ်ထေရီ

ဥပ္ပလဝဏ်ထေရီသည် ဂေါတမမြတ်စွာ ဘုရားလက်ထက်တော်တွင် တန်ခိုးကြီးသောအရာ၌ ဧတဒဂ်ရ ထင်ရှားသော ဘိက္ခုနီမတစ်ပါးဖြစ်သည်။ သာဝတ္ထိပြည် ကုဋေ ၁၆ဝ ကြွယ်ဝသော သူဌေး၏ သမီးဖြစ်၍ ကြာညိုအဆင်းရှိသောကြောင့် ဥပ္ပလဝဏ်ဟု အမည် တွင်သည်။ ကိုယ်အနံ့လည်း ကြာညိုနံ့သင်းသည်။ ဥပ္ပလဝဏ် သည် အလွန်ချောမော လှပသောကြောင့် ဇမ္ဗူဒိပ်တစ်ကျွန်းလုံးမှ မင်းများနှင့် သူဌေးများက လာရောက်တောင်းကြလေသည်။ ထိုအခါ ဖခင်ကပရိယာယ်ဖြင့် တောင်းလာသူအားလုံးကို ကျေနပ်စေခြင်းငှာ၊ သမီးအား ရဟန်း ပြုနိုင်မည်လောဟု မေးမြန်းတိုက်တွန်းသည်။ သမီးဖြစ်သူမှာ မူလကပင် ရဟန်းပြု ချင်သော ဆန္ဒပြင်းပြသဖြင့် ပြုနိုင်ပါသည်ဟု ဝန်ခံ၍ ရဟန်း ပြုသည်။ ရဟန်းအဖြစ်သို့ရောက်၍ များမကြာမီ ဆီမီးရောင်ကို မြင်ရသဖြင့် တေဇောကသိုဏ်းကို အာရုံပြုကာ မဂ်လေးတန်ရ၍ ရဟန္တာမဖြစ်သည်။


ရဟန္တာဖြစ်သည်နှင့် တစ်ပြိုင်နက် တန်ခိုး အဘိညာဉ် ကြီးမားလှသောကြောင့် အများကပင် အံ့ဩကြည်ညိုကြသည်။ မြတ်စွာဘုရားသည် တိတ္ထိတို့အား တန်ခိုးပြာဋိဟာကို ပြမည်ပြု သောအခါ မိမိပြခွင့်ပြုရန်ပင် လျှောက်ထားဝံ့သည်။ ထို့ကြောင့် မြတ်စွာဘုရားက လက်ဝဲရံ အဂ္ဂသာဝိကအဖြစ် မြှောက်စား၍ တန်ခိုးအရာ၌ ဣဒ္ဓိမန္တဧတဒဂ်ဘွဲ့ ချီးမြှောက်တော်မူသည်။ ဥပ္ပလဝဏ်ထေရီသည် ပဒုမုတ္တရ ဘုရားရှင်လက်ထက် ဝိမလာဒေဝီ နဂါးမဘဝမှစ၍ ကဿပ ဘုရားရှင်လက်ထက် တွင် ကိကီမင်းကြီး၏သမီးတော် သမဏဂုတ္တာ မင်းသမီးအဖြစ် ဆုပန်ခဲ့သည်။ ထို့နောက် ဥမ္မာဒန္တီအဖြစ်၊ ပဒုမဝတီမင်းသမီးအဖြစ် စသည်တို့၌လည်း ဆုပန်ခဲ့၍ တန်ခိုးထက်မြက်ခြင်း၊ သွားလေရာ၌ ဖဝါးချရာတွင်ကြာပွင့်ခံ ခြင်း၊ ကိုယ်နံ့မှာ ကြာညိုပန်းကဲ့သို့ မွှေးကြိုင်ခြင်း စသော အကျိုးတရားများနှင့် ပြည့်စုံရခြင်းဖြစ်သည်။ ဥပ္ပလဝဏ်ထေရီ သည် လည်းကောင်း၊ ဥပ္ပလဝဏ်သည် လည်းကောင်း ဤဗုဒ္ဓမြတ်စွာ ဘုရား၏ မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်လတ္တံ့။ ဟု ကောဏ္ဍညဗုဒ္ဓဘုရားဟောခဲ့သည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.