ဦးကျားကြီးဝင်း မီးလောင်မှု

ဦးကျားကြီးဝင်း မီးလောင်မှုသည် ၁၉၈၄ခုနှစ် မတ်လအတွင်းတွင် မန္တလေးမြို့ ၈၄လမ်းနှင့် ၃၅လမ်းထောင့်ရှိ ဦးကျားကြီးဝင်းမှ စတင်လောင်ကျွမ်းသော မီးလောင်မှုဖြစ်သည်။ဤမီးလောင်မှုမှာ မန္တလေးမြို့သမိုင်းတွင် ထင်ရှားသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ဤဖြစ်စဉ်တွင် လူ​ပေါင်း ၂၂၀၀၀​ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

မီးလောင်မှုဖြစ်စဉ်

၁၉၈၄ခုနှစ် မတ်လ ၂၄ရက်နေ့ ညနေ၃နာရီမထိုးမီတွင်တွင် မန္တလေးမြို့ ၈၄လမ်းနှင့် ၃၅လမ်းထောင့်ရှိ ဦးကျားကြီးဝင်းရှိ အုန်းဆံဖတ်ထု၍ ကားအမိုးကူရှင်ချုပ်သော အိမ်မှ စတင်လောင်ကျွမ်းခဲ့သည်။ခြောက်နှစ်သားအရွယ် ကလေးငယ်မှ အိမ်ပေါ်တွင် မီးခြစ်ရာမှ စတင်လောင်ကျွမ်းခဲ့သည်။ကပ်မိုးထရံကာအိမ်ကို မီးလောင်သဖြင့် ဝိုင်းဝန်းငြှိမ်းသတ်သော်လည်း လောင်စာများကြောင့် မီးမထိန်းနိုင်ခဲ့ပေ။မိနစ်ပိုင်းအတွင်းပင် မီးမှာ အရှိန်ရသွားခဲ့သည်။နွေဦးဖြစ်သဖြင့် တောင်လေတိုက်နေပြီး မြောက်ဖက်သို့ မီးမှာ ဆက်လောင်သွားခဲ့သည်။မီးသတ်ကားများမှာ ရေရရန်အတွက် ၃၅လမ်းအောက်ဖက် မစိုးရိမ်တိုက်နှင့် ကျုံးဘေးအထိ သွားရောက်ယူခဲ့ရသည်။ထို့အပြင် ရပ်ကွက်အတွင်း ရေပိုက်ခေါင်းများဖွင့်မရခြင်း၊ အိမ်များတွင် လောင်စာများ သိုလှောင်ထားခြင်း၊ ဝင်းအတွင်း မီးသတ်ကားဝင်ရခက်ခြင်းတို့ကြောင့် မီးထိန်းရန် ခက်ခဲ့သည်။ညနေ၃နာရီခန့်မှ စတင်လောင်ကျွမ်းခဲ့သော မီးမှာ ၇နာရီခန့်အကြာ မြောက်ဘက်သို့ဆက်လောင်သွားပြီး ၁၀နာရီခန့်တွင်မှ ကျုံးထိပ်အရောက်တွင် မီးညွန့်ကျိုးသွားခဲ့သည်။ [1]ထိုမီးမှာ ​ဈေးချိုအနီးသို့​ရောက်ရှိစဉ် ရတ်တရက်တိုက်လာ​သောအ​နောက်​လေ​ကြောင့် အ​ရှေ့​မြောက်ဘက်သို့ ဦးတည်သွားပြီး ​ဈေးချို​တော်မှာ မီး​ဘေးမှ လွတ်ကင်းခဲ့ရသည်။မီးငြှိမ်းရာတွင် သံဃာများပါ ဝင်​ရောက်ကူညီခဲ့ကြသည်။[2]

မီး​လောင်ပြီးဖြစ်စဉ်များ

မီး​လောင်သည့်​နေ့မှာ မန္တ​လေးမြို့ အ​ရှေ့ဘက်ရှိ ရွှေစာရံဘုရားပွဲ​တော် ​နောက်ဆုံးရက်ဖြစ်သဖြင့် ထိုပွဲတွင် လူအများ​ရောက်​နေကြသည်။အချို့မှာ ဘုရားပွဲမှပြန်လာသည့်အချိန်တွင် ၎င်းတို့၏အိမ်များမှာ ပြာပုံဘဝ​ရောက်နှင့်​နေပြီဖြစ်သည်။မီးမထိန်းနိုင်​တော့သည့်​နောက် ​ပြေးကြသူများတွင် မြို့​မြောက်ဘက်ရှိ မန်းရာပြည့်ကွင်း၊သုဓမ္မာဇရပ်များ၊ အ​နောက်ဘက်ရှိ ဘုန်းကြီး​ကျောင်းများ၊ မြစ်ဆိပ်မှ မင်းကွန်းဘက်သို့ပင် ​လှေဖြင့်​ပြေးကြသူများလည်းရှိသည်။ညဘက်ပိုင်းတွင် မန်းရာပြည့်ကွင်း၊သုဓမ္မာဇရပ်များ၌ လူ​ပျောက်ရှာသံများဖြင့် ဆူညံ​နေခဲ့ပြီး လုံခြုံ​ရေးအတွက် စစ်တပ်ပါချထားခဲ့ရသည်။မီး​လောင်ပြင်အား ပိတ်ထားပြီး ၃ရက်အကြာမှသာ ပြန်လည်ရှာ​ဖွေခွင့် ​ပေးခဲ့သည်။

ဆုံးရှုံးမှုများ

အ​ဆောက်အဦးများ

မီး​လောင်မှုတွင် ​​မူလဈေးချို​တော်၊ဘဏ်တိုက်နှင့် ​အော်တိုတာဝါတိုင်များလွတ်ရန် ကြိုးစားခဲ့ရသည်။ဈေးချို​တော်တိုက်တန်းကြီး၏ ​တောင်ဘက်ခြမ်း၊ ကြေးနန်းရုံးနှင့် ဘဏ်တိုက်ကြီး ခေါင်မိုး ပါသွားခဲ့သည်။​ရေကုန်သွားသဖြင့် ​​မြောင်း​ရေနှင့် ပက်ငြှိမ်းခဲ့ရသဖြင့် ၈၄လမ်းနှင့် ၃၃လမ်းရှိ လူထုစာအုပ်တိုက်မှာမူ မီးလွတ်သွားခဲ့သည်။ထို့​ကြောင့် ၈၄လမ်းအတိုင်း ​မြောက်ဘက်ရှိ အ​ဆောက်အဦးများမှာ ​ဈေးချို​တော်အထိ မီးလွတ်ခဲ့သည်။​ဈေးချိုအနီးရှိ ​ရှေး​ဟောင်း အိုးဘိုဗလီကြီးမှာ မီးထဲပါသွားခဲ့သည်။မြို့လယ်ရှိ ဘာသာရေး အဆောက်အအုံများ၊ စာကြည့်တိုက်များ၊ လူနေတိုက်တာများနှင့် စီးပွားရေး လုပ်ငန်းများ အများအပြား လောင်ကျွမ်းခဲ့သည်။

ပစ္စည်းများ

အိမ်တစ်အိမ် မီး​လောင်ရာတွင် ​သော့ဖွင့်မရသဖြင့် မီးခံသေတ္တာမှပစ္စည်းများ ထုတ်မရခဲ့​ပေ။​နောက်တွင်မှ သံဃာများက မီးလောင်ပြင်မှ ပြာများကို ဂုံနီအိတ်တွေနဲ့ ကျုံးသယ်လာပြီး လှည်းတွေနဲ့ တင်ယူကာ ရေဖျော် ပြန်စစ်ချပြီး စိန်ရွှေရတနာများကို ရှာပေးကြသည်။စိန်များမှာမူ ပြာဖြစ်ကုန်ပြီး ရွှေများမှာ ပြန်ရခဲ့သည်။ ထို့အပြင် ယဉ်​ကျေးမှုဌာနအား လှူဒါန်းမည့် မြန်မာဘုရင်ခေတ်နှင့် ဗြိတိသျှခေတ် မန္တလေးလက်ရာ ပုရပိုက်များ၊ ဓာတ်ပုံများနှင့် အခြားရှားပါးပစ္စည်းများလည်း မီးထဲပါခဲ့သည်။

မီး​လောင်မှုအပြီး စီးပွား​ရေးအ​ခြေအ​နေ

​ဈေးချိုအ​ရှေ့ဘက်ရှိ အ​ရောင်းအဝယ်​ရပ်ကွက်ကြီး မီး​လောင်သွားသဖြင့် မြို့၏ စီးပွား​ရေး ပျက်ခဲ့ရသည်။မီး​လောင်အပြီး ပြန်မ​ဆောက်နိုင်၍ မြို့လယ်​နေရာများအား ​ရောင်းချရာမှ မြို့ခံမဟုတ်သူများ မြို့လယ်တွင် ​​နေရာရလာခဲ့သည်။​မြေ​ဈေးတက်လာပြီး ​ငွေဖြူ၊​ငွေမဲ ပြဿနာများ ဖြစ်လာသည်။မြို့လယ်တွင် အထပ်မြင့်တိုက်များ အစားထိုးလာခဲ့သည်။ထို့အပြင် တရုတ်စားပွဲရုံများလည်း တိုးများလာခဲ့သည်။

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.