ဦးတင် (ယောဂီ)

၁၈၉၇ နိုဝင်ဘာ ၆ တွင် မွေးဖွားသည်။ အဖ ရွှေငွေရတနာကုန်သည် ဦးဘိုးသာ၊ အမိ ဒေါ်ဆင့်ဖြစ်သည်။

ဦးတင် (ယောဂီ)
မွေးဖွား(1897-11-06)၆ နိုဝင်ဘာ၊ ၁၈၉၇
ကြံခင်းမြန်မာ
ကွယ်လွန်၁ မတ်၊ ၁၉၇၅(1975-03-01) (အသက် ၇၇)
ရန်ကုန်မြန်မာ
အလုပ်အကိုင်သတင်းစာဆရာ၊ သွေးဆေးလုပ်ငန်းပိုင်ရှင်၊ တရားပြဆရာ

ကြံခင်းမြို့ ဘုန်းတော်ကြီးကျောင်း၊ ကြံခင်း အာစီအမ်ကျောင်း၊ ပြည်မြို့ အစိုးရအထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ပြည်မြို့ အစိုးရအထက်တန်းကျောင်းတွင် ပညာသင်နေစဉ် ပထမအကြိမ် ရန်ကုန် တက်ကသိုလ် ကျောင်းသားသပိတ်နှင့်ကြုံ၍ ကျောင်းမှထွက်ခဲ့ရသည်။

၁၉၁၂ တွင် တည်ထောင်စ ကြံခင်းအမျိုးသားအလယ်တန်းကျောင်း၌ ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၂၃ တွင် ကြံခင်းမြူနီစပယ် အတွင်းရေးမှူး၊ ၁၉၂၄တွင် ကြံခင်း အေဘီအမ် အလယ်တန်းကျောင်းတွင် ခြောက်တန်းပြဆရာအဖြစ် ဆောင်ရွက်သည်။ ကြံခင်း ဝိုင်အမ်ဘီအေအသင်း အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဝါသနာအရ ကြံခင်း မောင်တင်၊ သတိုးမျိုးနွယ် ကလောင်အမည်များဖြင့် ပညာ့အလင်းသတင်းစာတွင် ဆောင်းပါးနှင့် ကဗျာများ ရေးသားခဲ့သည်။ တစ်လလျင် စာရေးရာမှ လေးဆယ်ကျပ်နီးပါး ရသည်။

၁၉၂၅ တွင် ပညာ့အလင်းသတင်းစာမှ အယ်ဒီတာအလုပ် ကမ်းလှမ်းခံရ၍ ရန်ကုန်သို့ တက်ခဲ့သည်။ ထိုအချိန်တွင် မြန်မာ့အလင်းသတင်းစာမှ အယ်ဒီတာဆရာသင်ကို ပညာ့အလင်းသတင်းစာတိုက်ပိုင်ရှင်၏ စေခိုင်းချက်အရ လူဆိုး ဗိုလ်တထောင်ငမိုးက သတ်ရာ အမှုဖြစ်ပွား၍ ပညာ့အလင်းသတင်းစာမှာ တိုက်ပျက်သွားသည်။ ထို့ကြောင့် ပညာ့အလင်းသတင်းစာတွင် အယ်ဒီတာတာဝန်ထမ်းဆောင်မည့် မောင်တင်မှာ မြန်မာ့အလင်းသတင်းစာ၌ နိုင်ငံခြားကြေးနန်းသတင်းဘာသာပြန်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။

၁၉၂၆ မှ ၁၉၃၅ ခုထိ မြန်မာ့အလင်းသတင်းစာတွင် တာဝန်ခံအယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့သည်။

သတင်းစာတွင် ဘုန်းကြီးတစ်ပါးကျောင်းဆောက်ရန် အလှူခံကြေငြာကို စေတနာဖြင့် ထည့်ပေးရာမှ ထိုဘုန်းကြီးထံမှ သွေးဆေးနည်းပုရပိုဒ် ရရှိခဲ့သည်။ ဆေးအညွှန်းအတိုင်းဖော်စပ်၍ နီးစပ်ရာ ဒါနပြုရာမှ ဆေးစွမ်းလိုက်၍ ပေးမလောက်ဖြစ်လာသည်။ ၁၉၃၅ တွင် အယ်ဒီတာအလုပ်မှ နုတ်ထွက်၍ သွေးဆေးလုပ်ငန်းကို စတင်လုပ်ကိုင်သည်။ ယောဂီသွေးဆေးဟူ၍ ဆန်းသစ်သော ကြေငြာများဖြင့် စီးပွားဆောင်ရွက်ရာ ခြံပိုင်၊ တိုက်ပိုင်၊ ကားပိုင် သူဌေးဖြစ်လာသည်။ သွေးဆေးအမည်ဖြင့် ယောဂီဦးတင်ဟု နာမည်ထင်ရှားလာသည်။ ယောဂီသွေးဆေးနှင့် ယောဂီပုံနှိပ်တိုက်လုပ်ငန်းကို တွဲဖက်လုပ်ကိုင်ခဲ့သည်။

ဂျပန်ခေတ်တွင် လင်းလွန်းဦးလှ၊ ဦးထွန်းရင်တို့နှင့် အတူ နိုင်ငံအနှံ့ မင်္ဂလာ တရားပြန့်ပွားရေး မင်္ဂလာ စာမေးပွဲများကျင်းပရေးကို ဦးဆောင်ခဲ့သည်။

ကမ္ဘာအေးဘုရားလမ်း (၆)မိုင်စခန်းရှိ ယောဂီခြံတွင် တစ်လ လျင် နှစ်ကြိမ် တရားဆွေးနွေးပွဲများကို ကျင်းပခဲ့သည်။ ဗုဒ္ဓဘာသာကို စိတ်ဝင်စားသည့် နိုင်ငံခြားမှ လေ့လာသူများကို ယောဂီခြံတွင် နေရာထိုင်ခင်းပေး၍ စရိတ်ငြိမ်းဒါနပြုသည်။ ခြံအတွင်း ဟောပြောချက်များကို The Open Door Series အဖြစ် စာစောင်ငယ်လေးများထုတ်ဝေသည်။

တိုးတက်ကြီးပွားရေးဆိုင်ရာ တကယ့်ယောက်ျားစာအုပ်နှင့် ဆိုင်ငယ်လေးများအကျိုးရှိအောင်တည်ထောင်နည်း စာအုပ်နှစ်အုပ် ရေးသားခဲ့သည်။ နိဗ္ဗာန် နှင့် လောကဓာတ်စာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။

စက်မှုနှင့် ကုန်သည်ကြီးများအသင်း အဖွဲ့ဝင်၊ ဟင်္သာတ အသင်း အလုပ်အမှုဆောင်၊ ကြံခင်းအသင်း ဥက္ကဋ္ဌ၊ ယူနီယံကလဝ် အသင်းဝင်အဖြစ် ထမ်းဆောင်ခဲ့သည်။

၁၉၇၅၊ မတ်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ ကန်ရိပ်သာလမ်းသွယ်၊ ခြံအမှတ် (၁၉)နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်ရှုကြည်၊ ဒေါ်ခင်မေသန်း၊ ဒေါ်အေးကြင်နှင့် သားနှစ်ဦးဖြစ်သော စာရေးဆရာ ဗဟိုသိမ်းဆောင် နှင့် မြင့်သန်း‌၊ သမီးဒေါ်တင်တင်သန်းနှင့် ဒေါ်တင်တင်ကြည်တို့ကျန်ရစ်သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.