ဦးဥတ္တမသာရ
ဦးဥတ္တမသာရ သည် မြန်မာနိုင်ငံသားရဟန်းတစ်ပါးဖြစ်၍ တောင်တန်းသာသနာပြုဆရာတော် ဟူ၍ ထင်ရှားသည်။ ရေဆူဆရာတော်ဟူ၍လည်း သိရှိကြသည်။ ဝေးလံခေါင်းပါးသော တောင်တန်းဒေသတလျှောက် နှစ်ပေါင်းများစွာ သာသနာပြုခဲ့သည်။
ဦးဥတ္တမသာရ | |
---|---|
ဘာသာ | ဗုဒ္ဓဘာသာ |
ဘာသာအုပ်စု | ထေရဝါဒ |
အခြားအမည်များ | တောင်တန်းသာသနာပြုဆရာတော် |
ဓမ္မအမည် | ဥတ္တမသာရ |
ပုဂ္ဂိုလ်ရေးရာ | |
မွေးဖွား | ငွေတွင်းကုန်းရွာ၊ အရာတော်မြို့နယ်၊ စစ်ကိုင်းတိုင်း | ၁၅ ဇန်နဝါရီ၊ ၁၉၁၁
ကွယ်လွန် | ၂၇ ဒီဇင်ဘာ၊ ၁၉၉၅ ၈၄) မန္တလေးလေဆိပ် | (အသက်
မိဘ | ဦးဘိုးညို၊ ဒေါ်သေးတာ |
ဘာသာရေးရာ | |
ရဟန်းခံခြင်း | မြန်မာသက္ကရာဇ် ၁၂၉၂ |
စတင်ဝင်ရောက်ခြင်း | မြန်မာသက္ကရာဇ် ၁၂၈၄ |
ထေရုပ္ပတ္တိ
တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမသာရ (ခေါ်) မတ္တာဝိဟာရီ ဆရာတော်လောင်းလျာကို ၁၂၇၂ ခု၊ ပြာသို လပြည့်ကျော် ၁ ရက်၊ (၁၅ ဇန်နဝါရီ ၁၉၁၁)တနင်္ဂနွေနေ့တွင် စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းကုန်းကျေးရွာတွင် ခမည်းတော် ဦးဘိုးညို မယ်တော်ဒေါ်သေးတာ မှ ဖွားမြင်ခဲ့သည်။ ၁၂၈၄ ခုနှစ်တွင် ရွာကျောင်း ဆရာတော် ဘဒ္ဒန္တဝိလာသကို ဥပဇ္ဈာယ် ပြု၍ မိဘ နှစ်ပါး တို့၏ ပစ္စယာ နုဂ္ဂဟဖြင့် ရှင်သာမဏေ အဖြစ် ရောက်တော် မူသည်။ ၁၂၉၂ ခုနှစ်၊ ငွေတွင်းကုန်းရွာ ကျောင်းဆရာတော် ဘဒ္ဒန္တဝိလာသကို ဥပဇ္ဈာယ် ပြု၍ ရဟန်း အဖြစ်သို့ ရောက်တော်မူသည်။ စာပေလေ့လာ ဘဝမှာဆရာတော်သည် မုံရွာမြို့ ရွှေသိမ်တော်တိုက်၊ မဟာ လယ်တီတိုက်၊ စစ်ကိုင်းတောင် မဟာ သမယချောင်၊ မန္တလေးမြို့ ချမ်းသာကြီး မြောက်တိုက်၊ အမရပူရမြို့ တူးမောင်းတိုက်၊ ပခုက္ကူမြို့ မဟာ ဝိသုတာ ရာမတိုက် ဆရာတော်များ ထံတွင် ပိဋကတ် ကျမ်းစာများ ကို တတ်စွမ်းသမျှ သင်ယူ ခဲ့သည်။ ရှေးခေတ်စာသင်နည်းအရ ကျမ်းကြီးပေါက် သင်ယူ တတ်မြောက် တော်မူခဲ့ပြီး အင်္ဂလိပ်စာ၊ ချင်းစာပေ၊ ချင်းဘာသာ စကား တို့ကိုလည်း လေ့လာ တတ်မြောက် ခဲ့သည်။ ရန်ကုန်တိုင်း ကမာရွတ် မြို့နယ် ဝါဆိုကျောင်းနှင့် လှိုင်မြို့နယ် အောင်ချမ်းသာ ကျောင်းတို့၌ စာဝါများ ပို့ချခဲ့သည်။သာသနာပြုတို့ အတုယူစရာစာပေများ သင်ယူတတ်မြောက်ပြီး၍ သပိတ်တလုံး ပိုက်ကာ တောထွက်တော်မူခဲ့သည်၊ နှစ်ပေါင်း ၅၀ ကျော်ကာလပတ်လုံး ချင်းတောင်တန်းတလျောက် သာသနာပြုတော်မူပြီး ရံဖန် ရံခါမှသာ ပြည်မကြီးမှာ ဒကာဒကာမတို့ ပင့်လျောက်ချက်အရ ကြွရောက် ချီးမြှောက်တော်မူသည်၊
ဘဝနိဂုံး
၁၃၅၇ ခုနှစ်၊ ပြာသိုလဆန်း ၇ရက် (၂၇၊ ၁၂၊ ၁၉၉၅) နေ့ ညနေ ( ၆:၃၀) နာရီ အချိန်၌ သက်တော် ၈၆ နှစ်၊ သိက္ခာတော် ၆၆ ဝါ အရတွင် ချင်းပြည်နယ်၊ ဖလမ်း မြို့နယ်၊ လုံပီး ကျေးရွာမှ ရန်ကုန်မြို့သို့ ဆေးကုသမှု ခံယူရန် ကြွရောက်တော်မူစဉ် မန္တလေး လေဆိပ်မှာပင် တဘဝ ချုပ်ငြိမ်းတော်မူခဲ့လေသည်။
ချင်းတောင်တန်းက အတွေ့အကြုံများ
အသွားအလာ ခက်ခဲ၍ ဝေးလံ ခေါင်းပါးသော တောင်တန်း ဒေသ များတွင် နှစ်ပေါင်း ၅၀ မျှ သီတင်းသုံး နေထိုင်လျက် ဒေသခံ တိုင်းရင်းသား များအား ဗုဒ္ဓ တရားတော်များကို မျိုးစေ့ချ ပေးတော်မူခဲ့ပြီး အိန္ဒိယနိုင်ငံ အာသံ ပြည်နယ်၊ မဏိပူရ ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်တန်း များနှင့် ဥရောပ နိုင်ငံများအထိ လှည့်လည့် သာသနာ ပြုတော် မူခဲ့သည်။အထူးအားဖြင့် မေတ္တာအရာတွင် ကြီးမားတော်မူကာ သတ္တဝါတို့ အပေါ် နူးညံ့သော စိတ်ထားဖြင့် လက်နှိပ်ဓာတ်မီးမပါ နေ့ရော ညပါ ကြမ်းတမ်းသော တောတောင် ခရီးဝယ် တောင်ဝှေးတစ်ချောင်းဖြင့် ခဲခဲယဉ်းယဉ်း ပင်ပင်ပန်းပန်း သွားလာ၍ သာသနာ ပြုတော်မူခဲ့ပြီး အစားအသောက် ကအစ ခြိုးခြံချွေတာကာ သာသနာပြုတော်မူခဲ့သည်၊တနေ့တနေ့ ဘုန်းပေးစရာ မရှိ၍ ပိန်းဥပြုတ် ကန်စွန်းဥပြုတ်ဖြင့်လည်း ဆွမ်းတနပ် ပြီးတော်မူခဲ့ရသည်လည်း ရှိခဲ့၏။ ဒေသခံ ချင်းတိုင်းရင်းသားတို့သည်ကား ကိုးကွယ်ခံ တန်ခိုးရှင်ကြီးဟူ၍လည်းကောင်း၊ သခင်ကြီး ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြကာ ချစ်ကြောက် ရိုသေလေးစားကြပေသည်၊ တခါတရံ ချမ်းအေးသော ဆောင်းတွင်းကာလဝယ် ထူထဲသော စောင်အထပ်ထပ် ခြုံထားသော်လည်း တောင်ပေါ်ကျောင်း၌ သီတင်းသုံးတော်မူသော သခင်ကြီး ကျောင်းသင်္ကန်းထက်မှ စောင်များကို ဖောက်ထွက်ကာ ထူးဆန်းသော အလင်းရောင်တန်းများဖြာထွက်နေခြင်း၊ ကျောင်းသင်္ကန်းတခုလုံး လင်းထိန်နေခြင်း စသော ထူးဆန်းဖွယ်ရာများကို တောင်ခြေမှ ချင်း တိုင်းရင်းသား ဒကာ ဒကာမများ မကြာခဏ တွေ့မြင်ကြရသည် ဟု ဆရာတော်ကြီး၏ အထ္ထုပ္ပတ္တိ စာအုပ်တွင် ဖတ်ရှု့ရပေသည်၊ ထိုအတွက်ကြောင့်လည်း ဆရာတော်ကြီးအား မေတ္တာဝိဟာရီ ( မေတ္တာဖြင့် အမြဲမပြတ်နေလေ့ရှိသော ) မထေရ်ကြီး ဟူ၍ ရဟန်းရှင်လူ အများက လက်ခံ ကြည်ညိုခဲ့ကြရသည်။အနည်းဆုံး တနှစ်တခေါက်အနေဖြင့် မြန်မာပြည် အလယ်ပိုင်း အောက်ပိုင်းဒေသများသို့ ကြွတော်မူကာ သက်တော်ကြီးရင့်တော်မူသည်အထိ ဒကာ ဒကာမတို့အား မေတ္တာဖြင့် ချီးမြောက်တော်မူခဲ့သည်။ ဆရာတော်ကြီး ပရိတ်ရွတ်တိုင်း တရားဟောတိုင်းမှာလဲ ရေအိုးရေခွက် ပုလင်း စသည်တို့၌ရှိသော ရေများ ဆူဝေ လျံတက် လေ့ရှိသောကြောင့် ရေဆူဆရာတော် ဟုလည်း ကျော်ကြားတော်မူခဲ့ပေသည်။
ရေးသားခဲ့သော စာအုပ်များ
- ကိုယ်တွေ့ မှတ်တမ်းများ - ၁၉၈၉ ခုနှစ်
- ချမ်းမြေ့စွာ ဘဝ နေနည်း တရားတော် - ၁၉၈၉ ခုနှစ်
- ဂုဏ်တော်ကွန်ချာ ပုတီး စိပ်နည်းများ - ၁၉၈၉ ခုနှစ်
- ဆရာတော် အရှင် ဦးဥတ္တမသာရ၏ ကိုယ်တွေ့ မှတ်တမ်းများ - ၁၉၅၄ ခုနှစ်
- တောင်တန်းတရား (ပထမတွဲ) - ၁၉၉၁ ခုနှစ်
- တောင်တန်း သာသနာပြု ဆရာတော် ဦးဥတ္တမသာရ - ၁၉၉၄ ခုနှစ်
- ပရိတ် မေတ္တာ တန်ခိုး ထက်စေသောနည်း - ၁၉၉၂ ခုနှစ်
- ဘဝ တံခွန်အောင် လမ်းညွှန် တရားတော် - ၁၉၉၂ ခုနှစ်
- ဘဝ အောင်မြင်ရေး လမ်းညွှန် ဒေသနာ - ၁၉၉၃ ခုနှစ်
- ဘုန်ကြီးမှတ်စု - ၁၉၉၇ ခုနှစ်
- မေတ္တာ စွမ်းအား လက်တွေ့ အကျိုးများ - ၁၉၉၄ ခုနှစ်
- မေတ္တာရှင်ကြီး၏ မေတ္တာစာ - ၁၉၉၂ ခုနှစ်
- ရဟန်း ဘဝ ချမ်းသာ (ပထမတွဲ) - ၁၉၉၂ ခုနှစ်
- ရဟန်း ဘဝ ချမ်းသာ (ဒုတိယတွဲ) - ၁၉၉၃ ခုနှစ်
- သံသရာဝဋ်ကို လွတ်အောင် ရုန်းကြစို့ရဲ့ - ၁၉၉၄ ခုနှစ်
စာစောင်အသီးသီးတွင် ရေးသားခဲ့သော ဓမ္မဆောင်းပါးများ
- ကိုယ်က ဖန်တီး၍ သံသရာ ကျင်လည် နေကြသည်၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၃၈) အမှတ် (၁၈) မှ (၂၁) အထိ
- ချင်းစော်ဘွားကြီး ဦးဝမ်မှုံ၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၂၉၊ ၁၁၊ ၁၉၃၇)
- ချင်းတောင်တန်း သာသနာပြု၊ ဒဂုန် မဂ္ဂဇင်း (၅/ ၁၉၄၁)
- တောင်တန်း သာသနာပြုရေး၊ ဒဂုန် မဂ္ဂဇင်း အတွဲ (၂၁) အမှတ် (၁) (၁၊ ၁၊ ၁၉၄၇)
- တောင်အစဉ်စဉ် တောအထပ်ထပ် သာသနာ ရောင်ခြည် ထင်ဟပ်ခဲ့ပြီ၊ ဂျာနယ်ကျော် မဂ္ဂဇင်း အတွဲ(၁၀) အမှတ် (၉) (၈၊ ၁၁၊ ၁၉၄၇)
- ဒေသန္တရ ဗဟုသုတ ရှာမှီးကြရာ၌ ကြုံကြိုက်တတ်သော အခက်အခဲများ၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၉၃) (၆/၁၉၄၁)
- နာဂ တောင်တန်းသားတို့၏ နောက်ကွယ်မှ ဤရက် ဤရွာများ၊ ဂျာနယ်ကျော်မဂ္ဂဇင်း (၂၂၊ ၂၊ ၁၉၄၇)
- နှစ်ပြည်ထောင် အခြေကျ အလယ်က ကျောက်ဆောင် မျှော်လို့သာ မှန်းမိတော့ လွမ်းခမ်းငဲ့ ရစ်သီ၊ ဒဂုန် မဂ္ဂဇင်း အတွဲ (၂၁) အမှတ် (၇) (၇/၁၉၄၇)
- နိဗ္ဗာန် ရလိုလျှင် သွားရောက်နည်း အဖုံဖုံရှိသည်၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၃၀) အမှတ် (၁၄)
- ဘုန်းကြီး ကျောင်းတိုက်များသည် လောက အယူဝါဒကို လိုက်နာ သင့်သလော၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၉၅) (၁၊ ၈၊ ၁၉၄၁)
- မဏိပူရ နယ်ခြား တမူးမြို့၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၁၀/၁၉၄၇)
- မြေပေါက်လွတ် ဆွမ်းကျွေးတဲ့ ပွဲတဲ့၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၁၃) အမှတ် (၃၆) မှ အမှတ် (၄၀) အထိ
- မြို့တော် ဖလမ်း၊ ဒဂုန် မဂ္ဂဇင်း အတွဲ (၂၁) အမှတ် (၁၀) (၁၀၊ ၁၁၊ ၁၉၄၇)
- မြို့တို့ ဌာနေ၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၈၈) (၁၊ ၁၊ ၁၉၄၁)
- မြို့တော် ဘုတလင်၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၈၈) (၃၊ ၇၊ ၁၉၄၁)
- ယဉ်ကျေးလာသော ချင်းတောင်၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၉) (ဧပြီလ)
- ရွှေပြည်ဝင် စာတမ်း၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၈၄) (၃၊ ၉၊ ၁၉၄၀)
- သာသနာပြု ပန္နက်စွဲရန် အကောင်းဆုံး ဌာနကြီး တခု၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၁၃၊ ၉၊ ၁၉၄၇)
- သာသနာ့ သူရဲကောင်းများ၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၂၂၊ ၂၊ ၁၉၄၇)
- အာသံပြည် သာသနာရေး၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၉) အမှတ် (၁၀)
- အယ်ဒီတာသို့ လွမ်းဖွယ် ချင်းဝိသေသတိုင်းမှ ပေးစာ၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၁၃၀၉) ခုနှစ်၊