The Rangoon Times

ရန်ကုန်တိုင်းမ် (အင်္ဂလိပ်: The Rangoon Times) သည် ဗြိတိသျှကိုလိုနီခေတ်တွင် မြန်မာနိုင်ငံရန်ကုန်မြို့၌ အင်္ဂလိပ်ဘာသာဖြင့် အပတ်စဉ် ထုတ်ဝေသော သတင်းစာဖြစ်သည်။ [1]

နောက်ခံအကျဉ်း

ရန်ကုန် ခရော်နီကယ်မှာ လူးဝစ်မှ အခြားရှေ့နေ မာရှယ် (H. Marshall) အား ရောင်းပြီးသည့် ၁၈၅၄ နောက်ပိုင်း ဗြိတိသျှကုန်သည်များဘက်မှ ရပ်ကာ အထက်မြန်မာပြည်ကို သိမ်းရန် လှုံ့ဆော်နေ၍ နာမည်ပျက်လာသည်။ ခြောက်လခန့်သာ ထုတ်ပြီး ကုန်သည်ဖြစ်သူ ဂေါ့ဖရိ (R. Godfree) ထံ လက်လွှဲသည်။ ဂေါ့ဖရိက ပဲခူးဂေဇက် (Pegu Gzaette) အမည်နှင့် စမ်းထုတ်သော်လည်း မရ။ ထိုနှစ်တွင်ပင် အိုင်းရစ်လူမျိုး ရှေ့နေ ဂျော့ကာရင် (George Curran) ကို ပြန်ရောင်းသည်။ ကာရင်က သတင်းစာလုပ်ငန်းကို စိတ်ပါသူဖြစ်၍ ကိုယ်တိုင် စာတည်းလုပ်သည့်နည်းတူ ကာလကတ္တားမှ စာတည်းကိုလည်း ခေါ်သုံးသည်။ သို့သော်လည်း အရောင်းတက်မလာ။ ကာရင်မှ ရှေ့နေ နယူတန် (Newton)၊ ထိုမှသည် ဆေးစပ်ရောင်းသူ ဒေါ်ဆင် (Dawson) လက်သို့ ရောက်လာသည်။

ရန်ကုန်တိုင်းမ် ထုတ်ဖြစ်ပုံ

ဒေါ်ဆင်လက်ထက်တွင် မြေယာကိစ္စ၌ အစိုးရနှင့် အာဘော်ကိုက်အောင် ရေးသဖြင့် အစိုးရနှင့် ပနံသင့်သည်။ ၁၈၅၃ ခု၊ ဇွန်လ ၂ ရက်တွင် ရန်ကုန်တိုင်းမ်ဟူ၍ နာမည်ပြောင်းသည်။ [2]

၁၈၆၉ ခုတွင် ဒေါ်ဆင်ထံမှ အက်စ်ဂျေဆက် (S. J. Seth)၊ ၁၈၈၅ ခုတွင် ဆက်ထံမှ အိုဘရိုင်ယင် (William O'Brien)၊ ၁၉၁၅ ခုတွင် အိုဘရိုင်ယင်ထံမှ စကော့လူမျိုး ဂျော့ဘရောင်း (George A. Brown) တို့ အဆင့်ဆင့် လက်လွှဲ ဝယ်ကြသည်။ [3]

၁၉၀၆ ခုတွင် အိုဘရိုင်ယင် သေသော် ကျန်ရစ်သော ဇနီးနှင့်သားများက အက်စ် ဝီလီယံ (S. Williams) ကို တိုက်မန်နေဂျာ ခန့်သည်။ နောက် ချန်နန်း အာနိုး (Channing Arnold) စာတည်း ဖြစ်လာသည်။ စတုတ် (T. L. Stokes)၊ အီဗာရက် (A. E. C. Everath)၊ ဂျက်ဆင် (P. W. Jackson) နှင့် ဝုစတာ (A. H. Wooster) တို့ကို သတင်းစာဆရာခန့်ပြီး ဝုစတာသည် မြန်မာနိုင်ငံ၏ ပထမဆုံးသတင်းထောက် ဖြစ်ခဲ့သည်။ (ယခင် ပြန်ကြားရေးဌာနခွဲ ရေဒီယိုသတင်းအယ်ဒီတာချုပ်) ဦးစိန်မှာ မြန်မာထဲမှ ပထမဆုံးသတင်းထောက် ဖြစ်သည်။

ထုတ်ဝေမှုနှုန်း

သတင်းစာအား အစပထမတွင် ရက်သတ္တပါတ် ၁ ခုတွင် ၂ ကြိမ်ထုတ်ဝေခဲ့ရာမှာ ၁၈၆၈ ခုနှစ်တွင် ထုတ်ဝေမှုနှုန်းမြင့်တက်လာကာ တစ်ပါတ်လျှင် ၃ ကြိမ်ထုတ်ဝေခဲ့သည်။ နောက် ၁၈၈၃ တွင် နေ့စဉ်ထုတ်ဝေလာခဲ့သည်။

အိုဘရိုင်ယင် ဆုံးသည့်နောက် တိုက်မန်နေဂျာဖြင့် ကြပ်ကြပ်မတ်မတ် လုပ်ကိုင်ရာ တနေ့ ၂ စောင် ထုတ်ရသည်အထိ အထူးရောင်းကောင်းသည်။ ဒုတိယကမ္ဘာစစ်မဝင်မီ ညနေသတင်းစာ ဖြစ်သွားသည်။

အထုတ်ရပ်ခြင်း

စစ်ပြီးနောက် ၁၉၄၅ ခုတွင် ပြန်မထုတ်တော့ဘဲ ရပ်စဲသွားသည်။

ကိုးကား

  1. Record No: 2216 - The Rangoon times ICON: International Coalition on Newspapers (March 16, 2010)။
  2. Buddhism, Power and Political Order။ Routledge။ p. 69။ ISBN 1134129475October 31, 2012 တွင် ပြန်စစ်ပြီး Cite has empty unknown parameter: |coauthors= (အကူအညီ)
  3. "Mr George A. Brown - Manager of the Rangoon Times"၊ December 31, 1940 November 4, 2012 တွင် ပြန်စစ်ပြီး

ပြင်ပလင့်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.