ကဇော်ပေါက်ခြင်း
ကဇော်ပေါက်ခြင်း (Fermentation) ဆိုသည်မှာ ဇီဝဓာတ်ပေါင်းများကို သက်ရှိဇီဝပစ္စည်းများ သို့မဟုတ် တဆေးပင်မှုန့်များအားဖြင့် ဖွဲ့စည်းမှုပြောင်းလဲခြင်း၊ ခွဲဖျက်ခြင်းများ ပြုလုပ်ခြင်း ဖြစ်သည်။ ကာဗွန်ဒိုင် အောက်ဆိုဒ်များ ထွက်ပေါ်မြဲဖြစ်သည်။ အထူးသဖြင့် အရက်ပြုလုပ်ရာ၌ ကစီဖတ်များနှင့် ဖျော်ရည်များကို တဆေးဖြင့် အချဉ်ဖောက်ရာမှ အင်ဇိုင်းများ ဖြစ်ပေါ်လာပြီးနောက် သကြားကို အရက်ပျံအဖြစ် ပြောင်းလဲပေးလေသည်။ အရက်ပျံကို ရေနံဓာတ်ပစ္စည်းများနှင့် အက်သလင်းတို့မှ ထုတ်လုပ်နိုင်သော်လည်း ရှေးက ကဇော်ဖောက်စေခြင်းဖြင့်သာ ပြုလုပ်ခဲ့ကြသည်။ ကစီကို ကဇော်ဖောက်စေခြင်းဖြင့် အက်စီတုန်း ရရှိကြောင်းကို ပထမကမ္ဘာစစ် အတွင်းက ဒေါက်တာချိမ်စေ့ဇမင်း တွေ့ရှိခဲ့ရလေသည်။ ရှာလကာရည်၊ ပုန်းရည် ပြုလုပ်ရာ၌လည်း ကဇော်ဖောက်ခြင်းဖြင့်သာ ပြုလုပ်သည်။ ကဇော် ဖြစ်စေသော ဇီဝပစ္စည်းနှင့် မူလပစ္စည်းကိုလိုက်၍ ထွက်ရှိသော ပစ္စည်းအမျိုးကွဲလေသည်။ [1]
သကြားမှ အယ်လကိုဟော (အရက်) ဖြစ်လာခြင်း၊ အယ်လကိုဟောမှ တဖန် ရှလကာရည် (ပုန်းရည်) ဖြစ်လာခြင်း၊ သစ်သီးများ အမှည့်လွန်၍ပုပ်သိုးသွားခြင်း၊ ပေါင်မုန့်များ ပွလာခြင်း၊ နွားနို့ ချဉ်သွားခြင်းစသော အဖြစ် ပြောင်းလဲခြင်းမျိုးကို ကဇော်ပေါက်ခြင်းဟု ခေါ်၏။ စပျစ်သီး၊ ပန်းသီး စသော အသီးများမှရသော သကြား၊ ကောက်နှံများမှရသော သကြားများထဲသို့ တဆေးထည့်လိုက်သောအခါ ကဇော်ပေါက်လာ၍ အယ်လကိုဟောနှင့် ကာဗွန်ဒိုင်အောက်ဆိုက် တို့ကိုရ၏။
သို့သော် တဆေးကြောင့် တိုက်ရိုက်အားဖြင့် ဤသို့ပြောင်း၍ အယ်လကိုဟော ဖြစ်လာသည်မဟုတ်။ တဆေးမှ ဖြစ်ပေါ်လာသော အင်ဇိုင်းကြောင့် သကြားနှင့်တကွ အခြား ပစ္စည်းများသည် မူလအခြေမှ ပျက်ပြားကာ ပစ္စည်းသစ်အဖြစ်သို့ ပြောင်းလဲသွားရသည်။ တဆေးမှာ စေး၍အမြှုပ်တက်နေသော ပစ္စည်းဖြစ်၏။ အရောင်မှာ အနည်းငယ်ဝါ၍ ဗက်တီးရီးယားများ ပါဝင်၏။ တဆေးကို အရက်ချက်ရာ၊ ကဇော်ဖောက်ရာ၊ အချဉ်ဖောက်ရာတို့၌ များစွာ အသုံးပြုကြ ရလေသည်။
နွားနို့ချဉ်၊ ထောပတ်၊ ဒိန်ခဲ စသော ပစ္စည်းများဖြစ်လာခြင်း၏ အကြောင်းရင်းမှာလည်း အပင်လောကဆိုင်ရာ ပစ္စည်းများတွင် အရင်းခံသော ဗက်တီးရီးယားမျိုးအချို့မှ ဖြစ်ပေါ်လာသည့် အင်ဇိုင်းက နွားနို့ကို အခြေပြောင်းလဲသွားစေခြင်းပင် ဖြစ်သည်။ ထိုကြောင့် ကဇော်ပေါက်ခြင်းသည် အင်ဇိုင်းများက တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ၊ ပစ္စည်းများကို မူလအခြေမှ ပျက်ပြားစေပြီးလျှင် ကဇော်ပေါက်၍ ပစ္စည်းသစ်အဖြစ်သို့ ပြောင်းလဲစေခြင်းပင် ဖြစ်၏။ လူခန္ဓာကိုယ်တွင်း၌လည်း ဓာတ်သဘာဝ အားဖြင့် အင်ဇိုင်းများ ဖြစ်လာ၍ ထိုအင်ဇိုင်းများသည် လူတို့ စားလိုက်သော အစားအစာများကို ကြေညက်စေသည်။
ကိုးကား
- လှသမိန် ၏ ဗဟုသုတစွယ်စုံ
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)