ကျွန်းချောင်း ဓာတ်မြေဩဇာစက်ရုံ

ကျွန်းချောင်း ဓာတ်မြေဩဇာစက်ရုံ သည် ပုဂံမြို့ တစ်ဘက်ကမ်း ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ဆောက်ထားသော စက်ရုံတစ်ခု ဖြစ်သည်။ မကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်တွင် ပါဝင်ပေသည်။ ကျပ်သိန်း (၁၃၂၈)သိန်း ရင်းနှီးမြှုပ်နှံထားရသော စက်ရုံကြီး ဖြစ်သည်။ ၎င်းရင်းနှီးမြှုပ်နှံငွေထဲတွင် နိုင်ငံခြားငွေ (၈၉၃)သိန်း လည်းပါဝင်သည်။ ကျွန်းချောင်းဓာတ်မြေဩဇာ စက်ရုံကြီးမှာ ဧရာဝတီမြစ်နံဘေး မြန်မာ့ရေနံမြေ ဒေသတွင် တည်ဆောက်ထားခြင်းကြောင့် ဓာတ်မြေဩဇာ ထုတ်လုပ်ရာတွင် အဓိကလိုအပ်သော ကုန်ကြမ်းများကို အလွယ်တကူ လုံလုံလောက်လောက်ရရှိနိုင်ပေသည်။ ကုန်ကြမ်းများမှာ ရေနံကြောတစ်ဝိုက်မှ ရယူနိုင်သော သဘာဝဓာတ်ငွေ့များ၊ ရေနွေးငွေ့အတွက် ဧရာဝတီမြစ်ရေများ၊ ကောင်းကင်ထက်မှ လေများဖြစ်လေသည်။ ထိုသဘာဝကုန်ကြမ်းများကို ခေတ်မှီစက်ရုံကြီးမှ ဓာတ်မြေဩဇာများအဖြစ် ထုတ်လုပ်ပေးခြင်း ဖြစ်ပေသည်။

ဓာတ်မြေဩဇာဆိုသည်မှာ သဘာဝဓာတ်ငွေ့ကို ဓာတ်ပေါင်းပြုလုပ်ပြီးနောက်၊ လေဓာတ်၊ ရေဓာတ်၊ အပူဓာတ်တို့ကို သိပ္ပံနည်းအရ ပေါင်းစပ်ပေးလိုက်သောအခါ သာကူစေ့သဏ္ဌာန် မြေဩဇာအလုံးကလေးများ ဘဝသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ယင်းကို ယူရီးယား (သို့) ပုလဲဓာတ်မြေဩဇာဟု ခေါ်ခြင်းဖြစ်သည်။ ပုလဲဓာတ်မြေဩဇာတွင် နိုက်ထရိုဂျင်ဓာတ် ၄၆% ပါဝင်သည်။ ထို့ကြောင့် နိုက်ထရိုဂျင်ဓာတ် ၀.၁၃% သာပါဝင်သော နောက်ချေးထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်သည်။ ပုလဲဓာတ်မြေဩဇာသည် စပါး၊ ဂျုံနှင့် ဂုံလျှော်စိုက်ပျိုးရာတွင် အကောင်းဆုံးဖြစ်သည်။

ကျွန်းချောင်းဓာတ်မြေဩဇာ စက်ရုံကြီးသည် (၂၃၀)ဧက ကျယ်ဝန်းသည်။ တစ်နေ့လျှင် ဓာတ်မြေဩဇာ တန်ချိန် ၂၀၇-တန်ကို ထုတ်လုပ်ပေးနိုင်ပေသည်။ ၁၉၇၃-ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ပြည်ပသို့ တန်ချိန် ၁၀၃၆၀-တန် ရောင်းချနိုင်ခဲ့ပေသည်။[1]

ကိုးကား

  1. လွင်မောင်၊ မှတ်တမ်းသမိုင်း ပဲခူး မကွေးတိုင်း၊ ၁၉၇၅-ခု၊ဇူလိုင်လ၊ စာ-၂၈၉/၂၉၀


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.