ချင်ပန်ဇီမျောက်ဝံ

ချင်ပန်ဇီ မျောက်ဝံ
Chimpanzees
Common Chimpanzee (Pan troglodytes)
မျိုးရိုးခွဲခြားခြင်း
လောက:
Animalia
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
Mammalia
မျိုးစဉ်:
Primates
မျိုးရင်း:
Hominidae
မျိုးရင်းသေး:
Homininae
မျိုးဇာတ်:
Hominini
မျိုးဇာတ်သေး:
Panina
မျိုးစု:
Pan

Oken, 1816
Type species
Pan troglodytes (Common Chimpanzee)
Pan paniscus (Bonobo)

Species

Pan troglodytes
Pan paniscus

Distribution of Pan troglodytes (Common Chimpanzee) and Pan paniscus (Bonobo, in red).

ချင်ပန်ဇီမျောက်ဝံ

လူနှင့် ပုံပန်းအနီးစပ်ဆုံး သတ္တဝါများဖြစ်သော မျောက်ဝံ မျိုး အားလုံးထဲ၌ အာဖရိကတိုက်ရှိ ချင်ပန်ဇီခေါ် မျောက်ဝံ တစ်မျိုးမှာ လူသိအများဆုံး ဖြစ်သည်။ ကမ္ဘာတစ်ဝှန်းလုံးရှိ တိရစ္ဆာန်ရုံအသီးသီး၌ ချင်ပန်ဇီမျောက်ဝံများကို မလွဲတမ်း တွေ့နိုင်သည်။ ကမ္ဘာအနှံ့ ကျော်ကြား၍ လူသိများရခြင်းမှာ အခြားကြောင့်မဟုတ် ချင်ပန်ဇီမျောက်ဝံတို့သည် မျောက်မျိုး တစ်မျိုးလုံးထဲတွင် ဉာဏ်အကောင်းဆုံးနှင့် ယဉ်ပါးလွယ်ဆုံး ဖြစ်သောကြောင့်တည်း။ ယင်းတို့သည် ဂေါ်ရီလားမျောက်ဝံကြီး များကဲ့သို့ ကြမ်းကြုတ်ခက်ထန်ခြင်း မရှိဘဲ စိတ်သဘော ကောင်း၍ တောထဲ မြေပြင်တွင်ဖြစ်စေ၊ သစ်ပင်ပေါ်တွင်ဖြစ်စေ အစုအအုပ်လိုက် လှည့်လည်သွားလာ စားသောက်လေ့ရှိကြ သည်။ ယေဘူယျအားဖြင့် တစ်အုပ်ထဲ၌ ပါဝင်သောအကောင် များသည် တစ်ကောင်နှင့်တစ်ကောင် သင့်မြတ်ကြ၏။ သို့သော် အခြားအုပ်နှင့်တွေ့လျှင် အုပ်နှင့်ချီ၍ ရန်ပွဲကြီးများ ဖြစ်တတ် သည်။ တောထဲ၌ အစားအစာရှားပါးလာလျှင် လူနေရပ်ရွာများ ထဲသို့ ရဲတင်းစွာ ချဉ်းကပ်၍ လူတို့ စိုက်ပျိုးထားသော လယ်ယာစိုက်ခင်းများကို အုပ်လိုက် စားသောက်ဖျက်ဆီးလေ့ ရှိ၏။ ထိုအချိန်မျိုးတွင် အနီးအပါး၌ မျောက်ဝံ ၁ ကောင် ၂ ကောင်ကို အစောင့်ချထားလေ့ရှိပြီးလျှင် ခြံရှင် ခြံစောင့်များ ထွက်လာခဲ့သော် အစောင့်ကျသော မျောက်ဝံများက သံကုန် အော်၍ အချက်ပေးတတ်ကြလေသည်။

ချင်ပန်ဇီမျောက်ဝံမျိုးကို လူသာမန်တို့ကသာ ဂရုစိုက် စိတ်ဝင်စားကြသည်မဟုတ်။ သိပ္ပံပညာရှင်များကလည်း လူတို့၏ အီဗော်လျူရှင်းခေါ် ဆင့်ကဲဖြစ်လာခြင်းကိစ္စနှင့် စပ်လျဉ်း၍ စိတ်ဝင်စားစွာ လေ့လာခဲ့ကြသည်။ ပါဏဗေဒ ဝေါဟာရအားဖြင့် ချင်ပန်ဇီကို အန်သရိုပိုပစ်သီကပ် ထရော့ ဂလိုဒိုက်တီဟု ခေါ်၍ ဂူနေလူဝံမျိုးဟု အဓိပ္ပာယ်ရသည်။ အခြားအခြားသော တိရစ္ဆာန်အမျိုးမျိုးနှင့် နှိုင်းစာလျှင် ချင်ပန်ဇီ မျောက်ဝံတွင် လူတို့၏စိတ်နှင့် အနီးစပ်ဆုံးသောစိတ် ရှိသည် ကို တွေ့ရသည်။ ချင်ပန်ဇီမျောက်ဝံတို့၏ ဇာတိနေရပ်မှာ အာဖရိကတိုက် အပူပိုင်းဒေသ၏ အနောက်ဘက်နှင့် အလယ် ပိုင်းရှိ တောနက်ကြီးများ ဖြစ်၏။ ချင်ပန်ဇီမျောက်ဝံတို့သည် ညဖက်အိပ်ချိန်ရောက်လျှင် များသောအားဖြင့် ကြောက်မက်ဖွယ် ကောင်းအောင် အုပ်လိုက် သံပြိုင်အော်မြည်ပြီးမှ အိပ်ရာဝင်လေ့ ရှိသည်။ ဤကဲ့သို့အော်မြည်ပြီး၍ အိပ်ကြသောအခါ ချင်ပန်ဇီ မျောက်ဝံအမများသည် သားငယ်သမီးငယ်များနှင့် အတူတကွ အိပ်စက်ကြသည်။ ဖခင်ဖြစ်သော ချင်ပန်ဇီမျောက်ဝံ အထီးများ ကမူ ယင်းတို့အောက်နားရှိ သစ်ကိုင်းပေါ်တွင် သစ်ပင်ကိုမှီ၍ သတိနှင့် အိပ်ယင်း ကျန်မိသားစုတို့အား ကာကွယ် စောင့် ရှောက်သည်။

တောတွင်းတိရစ္ဆာန်ရိုင်းကြီးတို့သည် ချင်ပန်ဇီမျောက်ဝံ အုပ်ကြီးများကို ရုတ်တရက် ရန်စခဲကြသည်။ အဘယ်ကြောင့် ဆိုသော် ချင်ပန်ဇီမျောက်ဝံတို့သည် အလွန်သန်စွမ်းပြီးလျှင် ခြေလက်၊ သွား၊ အစွယ်တို့ဖြင့် ကြမ်းတမ်းစွာ ခုခံတတ်သော ကြောင့် ဖြစ်၏။ ချင်ပန်ဇီမျောက်ဝံတို့အဖို့ အဓိကရန်သူမှာ ကျားသစ်ဖြစ်၏။ သို့သော် ကျားသစ်များပင်လျှင် ချင်ပန်ဇီ မျောက်ဝံတို့၏လက်ချက်ကြောင့် မကြာခဏ သေကြေကြ ရသည်။

ချင်ပန်ဇီမျောက်ဝံသည် ဂေါ်ရီလားမျောက်ဝံလောက် မကြီး ချေ။ သို့သော် အရွယ်ရောက်ပြီးသော ချင်ပန်ဇီမျောက်ဝံအချို့မှာ ၄ ပေကျော်ကျော်အထိ မြင့်နိုင်သည်။ ဂေါ်ရီလားမျောက်ဝံကဲ့သို့ ချင်ပန်ဇီမျောက်ဝံ ၌ အမြီးမရှိချေ။

ချင်ပန်ဇီမျောက်ဝံနှင့် စပ်လျဉ်း၍ မှတ်သားဖွယ်ကောင်း သော အချက်တစ်ချက်မှာ၊ ချင်ပန်ဇီမျောက်ဝံသည် များသော အားဖြင့် အခြားမျောက်ဝံမျိုးတို့ကဲ့သို့ ကိုယ်ကိုမတ်မတ်ထား၍ လမ်းလျှောက် သွားလာလေ့ရှိသော်လည်း သူ၏ခြေလက်အင်္ဂါ တို့မှာ အခြားမျောက်ဝံမျိုးတို့လောက် လူနှင့် နီးစပ်ခြင်းမရှိချေ။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.