မျောက်ဝံ
အာဖရိကတိုက် အပူပိုင်းဒေသနှင့် အရှေ့တောင်အာရှ တောနက်ကြီးများ၌ လူနှင့် အလွန်တူသော မျောက်ဝံမျိုးများရှိ၏။ ထိုမျောက်ဝံမျိုးကို လူတူမျောက်ဟုခေါ်သည်။ မျောက်ဝံ ၄ မျိုးရှိရာ အကြီးဆုံးနှင့် ကြမ်းကြုတ်ခက်ထန်၍ အသန်စွမ်းဆုံး မျောက်ဝံမျိုး မှာ ဂေါ်ရီးလားမျောက်ဝံမျိုး ဖြစ်သည်။ ဒုတိယ အကြီးဆုံးမှာ လူဝံဖြစ်၍ တတိယမှာ ချင်ပန်ဇီမျောက်ဝံမျိုး ဖြစ်သည်။
အငယ်ဆုံးနှင့်လူသိအနည်းဆုံးမျောက်ဝံမျိုးမှာ မျောက်လွှဲကျော်ဖြစ်သည်။ မျောက်လွှဲကျော် သည် အခြားမျောက်ဝံ ၃ မျိုးထက်လူနှင့်အစစ အလွန်တူသည့်အလျောက် နောက်ခြေနှစ်ချောင်းဖြင့် လူကဲ့သို့ မတ်မတ်ရပ်နိုင်ပြီးလျှင် ခါးမကုန်းဘဲ လမ်းလျှောက်နိုင်သည်။
မျောက်ဝံမျိုး၌ အမြီးမရှိချေ။ အမြီးမပါရုံသာမက၊ ကိုယ်လုံးကိုယ်ထည်မှာလည်း သာမန်မျောက်ထက် သိသိသာသာ ကြီးထွားသည်။ကိုယ်ထည် အနေအထားတွင် မျောက်ဝံများသည် လူနှင့်များစွာနီးစပ်၍ မျောက်ဝံ တစ်မျိုးနှင့်တစ်မျိုးလည်း ကိုယ်ထည်အနေ အထားချင်း ထူးခြားကွဲလွဲချက် များစွာမရှိကြချေ။ လက်သည်းများမှာလည်း အခြားတိရစ္ဆာန်များကဲ့သို့ ချွန်ထက်မာကျောလှသည်မဟုတ်ဘဲ လူ၏ လက်သည်း ခြေသည်များကဲ့သို့ရှိသည်။ အချို့ မျောက်ဝံများသည် လူလောက်နီးပါး အသိဉာဏ်ရှိကြသည်။
လူနှင့်မျောက်ဝံများသည် ဤအချက်များတွင် အတော်တူကြသော်လည်း ကွဲပြားခြားနားသော အချက်များ ရှိပေသည်။ မျောက်ဝံများသည် လူထက် ကိုယ်လုံးကိုယ်ထည် တုတ်ခိုင်၏။ ခြေထောက်များမှာ လူ၏ ခြေထောက်ထက် အတန်ငယ်တို၍ လက်တံများက ပို၍ ရှည်ကြသည်။
မျောက်ဝံမျိုးတို့၏ ခြေထောက်သည် ခြေထောက်ဟုသာ ဆိုရသော်လည်း လက်နှင့် များစွာ မခြားနားလှချေ။ လေးဖက်သွားရာမှ တစ်ခါတစ်ရံ လူကဲ့သို့ ခြေနှစ်ချောင်းကို အားပြု၍ မတ်မတ်ရပ်ကာ လမ်းလျှောက်ရန် ကြိုးစားသည့်အခါတွင်လည်း လူကဲ့သို့ မားမားမတ်မတ် မလျှောက်တတ်ဘဲ အနည်းငယ် ခါးကုန်းလျက်ရှိသည်။ အဓိကခြားနားချက်ကား ဦးနှောက်ဆောက်တည်ထားပုံချင်း မတူသည့်အချက်ပင် ဖြစ်သည်။ မျောက်ဝံများ၏ ဦးနှောက်၊ ဦးနှောက်တွန့်များသည် လူထက်များစွာငယ်၏။
စကားပီပီသသပြောဆိုနိုင်မှုကို ထိန်းသိမ်းသည့် ဦးနှောက် တွန့်များကား မျောက်ဝံမျိုးတွင် မရှိချေ။မျောက်ဝံသည် ပါဏဗေဒအလိုအရ လူ၊ မျောက်၊ လီမာမျောက်တို့ အဝင်အပါဖြစ်သော ပရိုင်းမိတ် မျိုးစဉ်တွင် ဆိမိုင်းအီးဒီးမျိုးရင်း၌ ပါဝင်သည်။ သို့ရာတွင် အီဗော်လျူရှင်းခေါ် ဆင့်ကဲ ဖြစ်လာခြင်း သီအိုရီများအရ လူသည် မျောက်ဝံမျိုးမှ ဆင်းသက်လာသည်ဟု မယူဆကြပေ။ လူနှင့် မျောက်ဝံများသည် စပ်ကြားသတ္တဝါဟုခေါ်သော အလွန်ရှေးကျသည့် သတ္တဝါတစ်ကောင်မှ နှစ်လမ်းခွဲ၍ ဆင့်ကဲ ဖြစ်လာကြသည်ဟု ယုံကြည်ကြသည်။ သိပ္ပံပညာရှင်များသည် ထိုပျောက်ကွယ်နေသော စပ်ကြားသတ္တဝါ တွေ့ရှိရေးအတွက် ကမ္ဘာအနှံ့အပြားတွင် ကျောက်ဖြစ်ရုပ်ကြွင်းများကို ပိုက်စိပ်တိုက် ကြိုးပမ်း ရှာဖွေကြ၏။ ခရစ် ၁၈၉၁ - ၉၂ ခုနှစ်အတွင်း၌ဒပ်ချ ဆရာဝန် တစ်ဦးသည် ဂျားဗားကျွန်းပေါ်၌ သမိုင်းမတင်မီခေတ် ရှေးအရိုးစုများ ဖြစ်ကြသော သွားများ၊ ခေါင်းခွံ အပိုင်းအစနှင့်ပေါင်ရိုးတို့ကို တွေ့ရှိခဲ့သည်။ လူနှင့် မျောက်ဝံ စပ်ကြား ဆက်စပ်ရန်လိုနေသော ထိုပျောက်ကွယ်နေသည့် စပ်ကြားသတ္တဝါကို တွေ့ရှိပြီဟု ထိုသူက ယူဆလေသည်။
ယူဆသည့်အတိုင်းလည်း မတ်မတ်မျောက်ဝံ - လူ ဟု အမည်ပေးတော့၏။ သို့သော်လည်းခေါင်းခွံကိုပြန်၍ ဆက်စပ်ကြည့်ခြင်းအားဖြင့် ယင်းအတွင်း၌ရှိသော ဦးနှောက်သည် မျောက်ဝံမျိုးတို့အတွက် အလွန် ကြီးနေကြောင်းကိုတွေ့ရလေသည်။
ထို့ကြောင့် ထိုကျောက်ဖြစ်ရုပ်ကြွင်းသည် ရှေးအကျဆုံးဖြစ်သည့် စပ်ကြားသတ္တဝါ၏ ရုပ်ကြွင်းမဟုတ်ဘဲ ရှေးအကျဆုံးလူ၏ရုပ်ကြွင်းသာလျှင် ဖြစ်သည်ဟု သိပ္ပံပညာရှင်တို့က စိစစ်ဝေဖန်လျက် အတည်ပြုယူဆကြလေသည်။
မျောက်ဝံမျိုးသည် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကိုသာ အမြောက်အမြား စားသောက်ကြသည်။ မျောက်ဝံမျိုးတွင်ဂေါ်ရီးလားမျောက်ဝံသည် လူလောက်နီးပါး ကြီး၍ ပို၍ လေးသည်။ ကိုယ်အလေးချိန် ပေါင် ၄ဝဝ မှ ၄၅ဝ ခန့် အထိ ကြီးမားသောဂေါ်ရီးလားများ ရှိခဲ့ဘူးသည်။ မျောက်ဝံမျိုးသည် လေးဖက်သွားရာ၌လည်းကောင်း၊ သစ်ပင်တက်ရာ၌လည်းကောင်း အလွန်ကျင်လျင်ပြီးလျှင် လူကဲ့သို့ မတ်တတ်ရပ်၍ လမ်းလျှောက်နိုင်ကြ၏။ မျောက်မှာကဲ့သို့ အမြီးမရှိ၊ ပါးစပ်အိတ်မရှိချေ။
ဂေါ်ရီးလား မျောက်ဝံမျိုးတွင်အထူးသဖြင့် အထီးသည် ရန်စခံရသောအခါ မျိုးတွင် အလွန်ရက်စက် ကြမ်းကြုတ်သဖြင့် ကြောက်မက်ဖွယ် ကောင်းသော တိရစ္ဆာန်ဖြစ်သည်။ လူဝံမျိုးသည် ဂေါ်ရီးလားမျောက်ဝံမျိုးလောက် ကြမ်းကြုတ် ခက်ထန်ခြင်း မရှိပေ။
ချင်ပန်ဇီမျောက်ဝံနှင့် အထူးသဖြင့် မျောက်လွှဲကျော် တို့ကား ကြောက်တတ်ကြသည်။ဂေါ်ရီးလား မျောက်ဝံသည် အသက်အရွယ်ကြီးရင့် အိုမင်းလာသောအခါ ငယ်စဉ်က လူနှင့်တူသောအသွင်အပြင်များ အားလုံးလောက် ပျောက်ကွယ်သွားလေသည်။ ဤသည်ကား အလွန်ထူးခြားသည့် ပြောင်းလဲမှု တစ်ခုပင် ဖြစ်သည်။ ထင်ရှားသည့် သဘာဝပညာရှင်ကြီး ဒေါက်တာအာဟတ်မင်းဆိုသူ၏ အာဘော်အရ ဂေါ်ရီးလားမျောက်ဝံ၏ နှာတံသည် မျောက်မောင်းမ၊ ဝက်ဝံနှင့်တောဝက်တို့၏ နှာတံလိုလိုကဲ့သို့ ဖြစ်လာ၍ အသက်အတော် ကြီးသော ဂေါ်ရီးလား၏ ဦးခေါင်းခွံသည် နှာတံတွင် ပို၍ ချွန်ထွက်လာပြီးလျှင် အစွယ်များမှာလည်း ကျား၊ ခြင်္သေ့တို့၏ အစွယ်ကြီးလောက်နီးနီး ကြီးမားလာသည်ဟု ဆိုသည်။ အရိုးစုများပင် အတော်ပြောင်းလဲသွားသည်။ ဦးခေါင်းခွံအပေါ်ပိုင်းသည် ငယ်ရွယ်စဉ်ကကဲ့သို့ လုံး၍ မနေတော့ဘဲ ထိပ်နှင့်နောက်ပိုင်းတွင် အရိုးကြီးများ ချွန်ထွက်လာသည်။ မျက်ကွင်းပေါ်ရှိ ခုံးနေသော အရေမှာလည်း တွန့်၍ တွဲကျလာ၏။ နဂိုက ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်မှာသာ၍ ဆိုးလာတော့၏။
ဂေါ်ရီးလား၏ သွားအရေအတွက်သည် လူတွင်ရှိသော သွားအရေအတွက်နှင့် အတူတူပင် ဖြစ်သော်လည်း အထက်တွင်ပြခဲ့သော အစွယ်မျိုးကား လူတွင် မရှိချေ။ သွားအနေအထား စီစဉ်ထားပုံမှာလည်း လူ၏ သွားအစီအစဉ်နှင့် မတူဘဲ ကွာခြား၏။
မျောက်ဝံမျိုးတွင် လူနားရွက်မျိုး တစ်ကောင်၌မျှ မရှိသည့်ပြင် လူ၏အရိုးများသည် ယင်းတို့၏ အရိုးထက် နူးညံ့ပျော့ပျောင်း၏။ လူသည် အပူဒဏ်၊ အအေးဒဏ်နှစ်ခုစလုံးကို ခံနိုင်ရည် ရှိ၍၊ ကမ္ဘာ့မြောက်ဖက်စွန်း အာတိတ်ဒေသတွင်သော်လည်းကောင်း၊ အလွန်ပူပြင်းသော သဲကန္တာရကြီးများတွင်သော်လည်းကောင်း၊ နေထိုင်နိုင်သော်လည်း မျောက်ဝံမျိုးများမှာ အာဖရိကနှင့် အာရှတိုက်အပူဆုံးဒေသများတွင်သာ နေထိုင်လေ့ ရှိကြသည်။ [1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)