ချစ်လှိုင်
ဦးချစ်လှိုင်သည် မြန်မာနိုင်ငံရေးသမိုင်းတွင် ထင်ရှားသော ခေါင်းဆောင်ကြီး တစ်ဦးဖြစ်ခဲ့သည်။
ဦးချစ်လှိုင် | |
---|---|
ပြည်သူ့လွှတ်တော် အဖွဲ့ဝင် | |
တာဝန်သက်တမ်း ၁၉၄၈ – ၁၉၅၃ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၈၇၉ မော်လမြိုင်မြို့၊ ဗြိတိသျှဘားမား |
ကွယ်လွန် | ၃၁ အောက်တိုဘာ ၁၉၅၂ ရန်ကုန်မြို့ |
အလုပ်အကိုင် | နိုင်ငံရေးသမား၊ ရှေ့နေ |
ငယ်စဉ်ဘဝ
ဦးချစ်လှိုင်သည် မော်လမြိုင်မြို့သစ်ကုန်သည် သူဌေး ဦးသာညှင်း ဒေါ်ရင်တို့၏ ဒုတိယသား ဖြစ်၍ ၁၂၄၁ ခုနှစ် နယုန်လပြည့်ကျော် ၆ ရက် (၉ ဇွန် ၁၈၇၉)တနင်္လာနေ့တွင် ဖွားမြင်ခဲ့လေသည်။
ဦးချစ်လှိုင်သည် အသက် ၂ဝ အရွယ်တွင် အင်္ဂလန်သို့ သွား၍ ဝတ်လုံပညာကို သင်ကြားအောင်မြင်လာခဲ့သည်။
နိုင်ငံရေး ဆောင်ရွက်မှုများ
မြန်မာပြည်သို့ ပြန်ရောက်သောအခါမှစ၍ ဝိုင်၊ အမ်၊ ဘီ၊ အေ၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကို ငွေအား လူအားဖြင့် ကူညီခဲ့သည်။ ခရစ် ၁၉၁၇ ခုနှစ်မှစ၍ မော်လမြိုင်မြို့ ဝိုင်၊ အမ်၊ ဘီ၊ အေ၊ အသင်း၏ ဥက္ကဋ္ဌအဖြစ်ဖြင့် ဆောင်ရွက်၏။ ၁၉၁၉ ခုနှစ်တွင် ပုသိမ်မြို့၌ ကျင်းပသော မြန်မာနိုင်ငံလုံး ဆိုင်ရာ ဝိုင်၊ အမ်၊ ဘီ၊ အေ၊ နှင့် အလားတူ အသင်းများ အစည်းအဝေးပွဲ၌ ဦးချစ်လှိုင်အား ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။ နောက်နှစ်တွင် ပြည်မြို့၌ကျင်းပသော အစည်းအဝေး က ဆုံးဖြတ်ခဲ့သည့်အတိုင်း ဂျီ၊ စီ၊ ဘီ၊ အေ၊ ခေါ် မြန်မာ အသင်းချုပ် ပေါ်ပေါက်လာရာ ဦးချစ်လှိုင်ပင် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံခဲ့ရသည်။ ဦးချစ်လှိုင်သည် မိမိစီးပွားဥစ္စာများကို အနစ်နာခံလျက် မြန်မာနိုင်ငံရေးတွင် ရဲဝံ့စွာ ခေါင်းဆောင်မှု ပေးခဲ့သည်။
နောင်အခါ အဋ္ဌမအက်ဒွပ်ဘုရင်ဖြစ်လာသော အင်္ဂလိပ် ဝေလမင်းသားသည် ၁၉၂၁ ခု၌ တိုင်းခမ်းလှည့်လည်ရာ၊ ရန်ကုန်သို့ မရောက်မီတွင် အင်္ဂလိပ်အစိုးရက ဦးချစ်လှိုင်အား အခြားမြန်မာခေါင်းဆောင်အချို့နှင့်အတူ ဖမ်းဆီး၍ အကျယ်ချုပ် ထားခဲ့လေသည်။ နိုင်ငံရေးကို ဆောင်ရွက်ရာ၌ ပြည်သူ ပြည်သားများ၏ ကြည်ညိုလေးစားခြင်းကို ခံရသဖြင့် ၁၉၂၂ ခုနှစ်နှင့် ၁၉၂၄ ခုနှစ်တွင် သရက်၊ ပေါင်းတည်မြို့များ၌ ကျင်းပသော ပြည်လုံးကျွတ်ညီလာခံကြီးက သမ္မတဥက္ကဋ္ဌဘွဲ့ကို အပ်နှင်းကြ၏။ ယင်းအခါမှ အစပြု၍ 'သမ္မတဦးချစ်လှိုင်'ဟု တွင်သည်။ ထိုစဉ်က ဦးချစ်လှိုင်အား သရဖူမဆောင်းရသော မြန်မာပြည်၏ ရှင်ဘုရင်ဟုပင် ခေါ်ကြသည်။ နိုင်ငံရေးတရားများကို လှည့်လည်ဟောပြောစဉ် ရောက်လေရာအရပ်တိုင်း၌ အမျိုးသားများက ရွှေထီးများ ထီးဖြူများမိုးပေးခြင်း၊ အမျိုး သမီးများက ဆံပင်ကို ဖြန့်၍ လမ်းခင်းပေးခြင်း၊ ကရဝိက်ဖောင်များဖြင့် ကြိုဆိုခြင်းများကို ပြုလုပ်ကြသည်။
ခရစ် ၁၉၂၂ ခုနှစ်၌ ဗြိတိသျှအစိုးရက မြန်မာပြည်အား ဒိုင်အာခီအုပ်ချုပ်ရေး ပေးသောအခါ၊ လက်ခံသင့် မခံသင့် အရေးနှင့် စပ်လျဉ်း၍ ၁၉၂၃ ခုနှစ်တွင် ဂျီ၊ စီ၊ ဘီ၊ အေ နှစ်ခြမ်းကွဲသွားသည်။ ဦးချစ်လှိုင်သည် သပိတ်မှောက်ဝံသာနု ဂျီ၊ စီ၊ ဘီ၊ အေ၊ ကို ခေါင်းဆောင်သည်။ ဦးချစ်လှိုင်သည် မြန်မာပြည်၏ ရှေ့ရေးနှင့်သက်ဆိုင်၍ ကျင်းပသော ဗိလတ်မျက်နှာစုံညီ အစည်းအဝေးများကို ၁၉၃၁ ခုနှစ် နိုဝင်ဘာလတွင် တစ်ကြိမ်၊ ၁၉၃၃ ခုနှစ် အောက်တိုဘာလတွင်တစ်ကြိမ်၊ ၂ ကြိမ်တိုင်တိုင် တက်ရောက်ခဲ့သည်။ ၁၉၃၅ ခုနှစ် ရွေးကောက်ပွဲ၌ အိန္ဒိယပြည်နှင့် ခွဲရေး တွဲရေးပြဿနာ ပေါ်ပေါက်ခဲ့ရာ တွဲရေးဖက်မှ အရွေးခံရသည်။ ဗြိတိသျှခေတ် ဥပဒေပြုကောင်စီဥက္ကဋ္ဌအဖြစ်ဖြင့် ၁၉၃၂ ခုနှစ်၌ တစ်ကြိမ်၊ ၁၉၃၅ ခုနှစ်၌ တစ်ကြိမ် ပေါင်း ၂ ကြိမ်တိုင်တိုင် ရွေးကောက်တင်မြှောက်ခြင်းလည်း ခံရသည်။ ၁၉၃၇ ခုနှစ်တွင် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တင်မြောက်ခြင်း ခံရသည်။ အင်္ဂလန်ပြည် လန်ဒန်မြို့တွင်ကျင်းပသော ဆဋ္ဌမဂျော့ဘုရင် နန်းတက်ပွဲသို့ ၁၉၃၇ ခုနှစ်၌ တက်ရောက်ခဲ့သည်။ ဦးချစ်လှိုင်သည် နိုင်ငံရေးကို ဆောင်ရွက်ရာတွင် ဦးပု၊ ဦးထွန်း အောင်ကျော်၊တို့နှင့်အတူ 'လှိုင်၊ ပု၊ ကျော်ပါတီ'ကို၎င်း၊ ဦးမြတ်သာထွန်း၊ ဆာပေါ်ထွန်း နှင့်အတူ 'လှိုင်၊ မြတ်၊ ပေါ် ပါတီ'ကို၎င်း ဖွဲ့စည်းတည်ထောင်ခဲ့ဘူးသည်။ ထို့ပြင် ဦးချစ်လှိုင်သည် စစ်အတွင်း လွတ်လပ် သောခေတ် ၁၉၄၃ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့၌ အဓိပတိ၏ အတိုင်ပင်ခံအမတ်တစ်ဦးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရဘူးသည်။ စစ်ပြီး လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံခေတ်၌ လည်း ဦးချစ်လှိုင်သည် နိုင်ငံရေးကိုပင် ဆက်လက်ဆောင်ရွက် ပြန်သည်။ မော်လမြိုင်မြို့နယ်မှ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်၍ အရွေးခံ အနိုင်ရခဲ့သည်။ ပါလီမန် ပြည်သူ့လွှတ်တော်၌ အတိုက်အခံခေါင်းဆောင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။ မကွယ်လွန်မီ ၁၉၅၂ ခုနှစ် ဗတ်ဂျက်အစည်းအဝေးအထိ ပါလီမန်လွှတ်တော်သို့ တက်ရောက်ခဲ့၏။
ထိုသို့ နိုင်ငံရေးကို ဆောင်ရွက်ယင်း ဦးချစ်လှိုင်သည် ၁၉၅၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ (၁၃၁၄ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့) နံနက် ၆ နာရီခွဲအချိန် တွင် ရန်ကုန်မြို့ ဘောင်ဒရီလမ်း (အမှတ် ၁၈၅) နေအိမ်၌ ကွယ်လွန်အနိစ္စရောက်သည်။ ဦးချစ်လှိုင်၌ ဖြောင့်မှန်ရိုးသား သော စိတ်ဓာတ်နှင့် အလှူပေးရက်ရောသော စေတနာများ ရှိသည်။
မိသားစု
ကွယ်လွန်သွားသောခါတွင် ဇနီးဒေါ်အိနှင့် သမီး ၂ ယောက် ကျန်ရစ်ခဲ့သည်။[1] ဒေါ်နှင်းမြသည် ဦးချစ်လှိုင်၏ နှမအရင်း ဖြစ်သည်။ ဒေါ်နှင်းမြ (၁၈၈၇-၁၉၇၄) သည် မြန်မာ့ပထမဆုံး အမျိုးသမီး မင်းတိုင်ပင်အမတ် ဖြစ်သည်။
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)