ပု၊ ဦး (နန်းရင်းဝန်ဟောင်း)

နန်းရင်းဝန်ဟောင်း ဦးပု

နန်းရင်းဝန်ဟောင်း ဦးပု

ဗြိတိသျှ ၉၁ ဌာနအုပ်ချုပ်ရေး လက်အောက်တွင် နိုင်ငံရေး ခေါင်းဆောင်ကြီး တစ်ဦးအဖြစ် ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီး တစ်ဦးမှာ နန်းရင်းဝန်ဟောင်း ဦးပု ဖြစ်သည်။ ထိုစဉ်အခါက ဦးပုအမည်ဖြင့် ထင်ရှားခဲ့သော ပုဂ္ဂိုလ်မှာ ၂ ဦး ရှိခဲ့သည်။ ယင်းတို့မှာ သာယာဝတီ ဦးပု နှင့် ရွှေကျင် ဦးပုတို့ ဖြစ်ပါသည်။ ရွှေကျင် ဦးပုမှာ နန်းရင်းဝန်ဟောင်းဦးပု ဖြစ်သည်။

နန်းရင်းဝန်ဟောင်း ဦးပုသည် ပဲခူးခရိုင် (ယခု ပဲခူးတိုင်း) ရွှေကျင်မြို့၌ မြန်မာ့သက္ကရာဇ် ၁၂၄၃ ခုနှစ်၊ နတ်တော်လဆန်း ၁၅ ရက်၊ တနင်္လာနေ့တွင် ဖွားမြင်သည်။ ဦးပု ဖွားပြီး ၄ နှစ် အကြာမှ အထက်မြန်မာပြည် နောက်ဆုံးမင်း ဖြစ်သော သီပေါမင်း အဖမ်းခံရခြင်း ဖြစ်သည်။ ဦးပု၏ မိဘ မျိုးရိုးမှာ သစ်ကုန်သည် မျိုးရိုး ဖြစ်သည်။

မောင်ပုသည် မွေးရပ်ဌာနေ ဖြစ်သော ရွှေကျင်မြို့ အစိုးရ အလယ်တန်းကျောင်းတွင် စတင် ပညာ သင်ခဲ့သည်။ အသက် ၁၃ နှစ်သား အရွယ်တွင် သတ္တမတန်းကို စကောလားရှစ် (ခေါ်) ပညာသင်ဆုအဖြစ် ထူးချွန်စွာ အောင်မြင်ခဲ့သည်။ ရွှေကျင်မြို့ အစိုးရ အလယ်တန်းကျောင်းမှ ပြောင်းရွှေ့ပြီး ရန်ကုန်မြို့ အစိုးရ အထက်တန်း ကျောင်းတွင် ဆက်လက်ပညာသင်ကြားခဲ့ရာ ခရစ်နှစ် ၁၈၉၇ တွင် ဘင်္ဂလားတန်း ခေါ် ဆယ်တန်းကို ထူးချွန်စွာ အောင်မြင်ခဲ့သည်။ စကောလားရှစ် ခေါ် ပညာသင်ဆုကို ရရှိခဲ့ပြန်သည်။ ဆယ်တန်း အောင်မြင်သော အခါ မောင်ပု၏ အသက်သည် ၁၆ နှစ်မျှ ရှိပြီ ဖြစ်သည်။

မောင်ပုသည် ကာလကတ္တား တက္ကသိုလ်မှ ကြီးကြပ် ကွပ်ကဲ၍ စစ်ဆေးသော ကောလိပ်ဝင်ခွင့် စာမေးပွဲကို စကေားလားရှစ်နှင့်ပင် အောင်မြင်ခဲ့သည်။ ၁၈၉၈ ခုနှစ်တွင် ရန်ကုန် ကောလိပ်သို့ ဆက်လက် တက်ရောက် ပညာသင်ယူခဲ့ရာ ၁၉ဝ၂ ခုနှစ်တွင် ဘီအေ (ခေါ်) ဝိဇ္ဇာဘွဲ့တန်းကို အောင်မြင်သည်။

ကိုပုတို့ ဘီအေ နောက်ဆုံးနှစ်ကို ဖြေသော အခါ ဖြေဆိုသူ အားလုံးပေါင်းမှာ တပြည်လုံးတွင် သုံးဆယ် နီးပါးမျှသာ ရှိသည်။ အောင်စရင်း ထွက်လာသော အခါ ကိုပုနှင့် အခြား ကျောင်းသား လေးငါးယောက်သာ အောင်မြင်ခဲ့သည်။

ဦးပုသည် ဘီအေ အောင်မြင်၍ ဝိဇ္ဇာဘွဲ့ ရပြီးနောက် ကျောင်းမှ ထွက်ကာ ရှေ့နေအဖြစ် လုပ်ကိုင် ဆောင်ရွက်နေသည်။ ယင်းသို့ ရှေ့နေ အဖြစ် ဆောင်ရွက်နေစဉ် ‘ရှိခိုးခြင်းကိစ္စ၊ ဘုရားထူးခြင်း ကိစ္စ၊ ဖိနပ်ချွပ်ခြင်း ကိစ္စ’ စသော နိုင်ငံနှင့် ဘာသာ သာသနာရေး ကိစ္စရပ်များတွင် စေတနာ ဝန်ထမ်း အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ တိုင်းပြည်၏ အရေး ကိစ္စရပ်များကိုလည်း တစေ့တစောင်း အကဲခတ် လေ့လာနေသည်။

ဦးဖေပု၊ ဦးမောင်ကြီး၊ ဒေါက်တာ ဘရင်၊ ဦးလှဖေ စသည်တို့ တည်ထောင် လိုက်သော ဝိုင်အမ်ဘီအေ အသင်းတွင် မပါဝင် သေးသော်လည်း အားပေး ဆောင်ရွက်ချက်ကိုကား ပြုလုပ်ခဲ့သည်။ အသင်းသူ အသင်းသားများနှင့်လည်း အကျွမ်းတဝင် ဖြစ်ခဲ့သည်။

ဦးပုသည် ၁၉ဝရ ခုနှစ်တွင် ဥပဒေ ပညာသင်ရန် ဘိလပ်သို့ ထွက်ခွာသွားသည်။ သူနှင့်အတူ ဘိလပ်တွင် ပညာ သင်ကြားသူများမှာ ဦးမောင်ကြီး၊ ဦးမေအောင်၊ ဒေါက်တာ ဘရင် စသော ပုဂ္ဂိုလ်များနှင့် မထင်ရှားသော ပုဂ္ဂိုလ်အချို့တို့ ဖြစ်သည်။

အင်္ဂလန်တွင် ပညာ သင်ကြားနေစဉ် လစ်ဘရယ်ဂိုဏ်း၊ လေဘာဂိုဏ်း စသော နိုင်ငံရေး ဂိုဏ်းများနှင့် အဖွဲ့အစည်းများသည် ပြည်သူ့တို့နှင့် ပူးပေါင်း ဆောင်ရွက်ချက်များကို တွေ့မြင်ခဲ့ရသည်။ မိမိ ပါတီဘက် ပြည်သူအများ ပါဝင်လာအောင် စည်းရုံး သိမ်းသွင်းပုံ၊ ပြည်သူလူထု၏ အရေးကြီးသော ကဏဏ္ဍမှ ပါဝင်ပုံ စသည့် ဘက်စုံ အချက်များကို လေ့လာခွင့် ရခဲ့သည်။ ဥရောပနိုင်ငံ အသီးသီးမှ နိုင်ငံရေး လှုပ်ရှားမှုများကိုလည်း လေ့လာခဲ့သည့် အပြင် အင်္ဂလန် ပါလီမန် အကြောင်းကို အထူး လေ့လာခဲ့သည်။ မိမိ မြန်မာနိုင်ငံနှင့် ဟပ်စပ်မည့် ပုံစံမျိုးကိုလည်း စိတ်ကူးဖြင့် ဖန်တီး ကြည့်မိသည်။ မြန်မာနိုင်ငံ ပြန်ရောက်လျှင် နိုင်ငံရေး ကိစ္စများကို ဆောင်ရွက်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။ သို့ဖြင့် ဦးပုသည် ဥပဒေဘွဲ့ ရပြီးနောက် အင်္ဂလန်မှ မြန်မာပြည်သို့ ပြန်လာခဲ့သည်။

ဝတ်လုံတော်ရ ဦးပုသည် အင်္ဂလန်ပြည်မှ ပြန်လာပြီးနောက် ဝိုင်အမ်ဘီအေ အသင်းတွင် ဦးဖေအောင်နှင့် အတူ ပါဝင် ဆောင်ရွက်ခဲ့သည်။ ဝိုင်အမ်ဘီအေ အသင်းသည်လည်း ခေတ်ပညာတတ် လူငယ်များ အတော်များများ ပါဝင်လာသဖြင့် တိုးတက်လာခဲ့သည်။ အမျိုးသား၊ ဘာသာ၊ သာသနာနှင့် ပညာရေး ကိစ္စရပ်များကို ဦးတည် ဆောင်ရွက်ခဲ့သည်။

၁၉၁၁ ခု နှစ်ဦးပိုင်းလောက်တွင် အိန္ဈိယ ဘုရင်ခံချုပ် လော့ခ်ကာဇင် မြန်မာပြည်သို့ ရောက်လာသော အခါ ရှေးဟောင်း ပစ္စည်းများ၊ အဆောက်အအုံများ ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေကြမ်းကို တင်သွင်းခဲ့သည်။ ထိုဥပဒေကြမ်းကို ဝိုင်အမ်ဘီအေ ခေါင်းဆောင် တဦးဖြစ်သူ ဦးဘဖေက သဘောတူ ထောက်ခံခဲ့သည်။ မော်လမြိုင် သူဌေး ဦးသာညှင်းက ကန့်ကွက်ခဲ့သည်။ ဦးသာညှင်းသည် မော်လမြိုင် သာသနာ့ဓရ အသင်း ခေါင်းဆောင် တဦး ဖြစ်သည့်အပြင် မြို့မျက်နှာဖုံး ပုဂ္ဂိုလ်ကြီး တဦးလည်း ဖြစ်သည်။ နိုင်ငံရေးတွင် ထင်ရှားခဲ့သော ဦးချစ်လှိုင်၏ ဖခင်လည်း ဖြစ်သည်။ ဝိုင်အမ်ဘီအေ ခေါင်းဆောင် တဦးဖြစ်သူ ဦးဘဖေက သူရိယ သတင်းစာမှ ဆောင်းပါး တပုဒ်ဖြင့် ‘ရှေးဟောင်း အဆောက်အအုံနှင့် ပစ္စည်းများကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေအား ကန့်ကွက်ကြသော သာသနဓရ အသင်းကြီးများသည် သင်ပုန်းကြီးမှ နားလည်ကြ သေးရဲ့လား’ ဟု ဖော်ပြ ရေးသားခဲ့သည်။

သူဌေးကြီး ဦးသာညှင်းက သူ့ကို ဤသို့ ရေးသားရ ပါမည်လားဟု ဆိုကာ အသရေဖျက်မှု ပုဒ်မ ၅ဝဝ ဖြင့် တရား စွဲဆိုခဲ့သည်။ ယင်းအမှုတွင် ဦးဘဖေဘက်မှ ဝတ်လုံတော်ရ ဦးပု လိုက်ပါ ဆောင်ရွက်ခဲ့သည်။ ဝက်လုံတော်ရ ဦးပုက သူဌေး ဦးသာညှင်းအား သင်ပုန်းကြီးတွင် ပါသော ‘ဘောဒေဝပုတ္တ’ စာပိုဒ်ကို ရေးခိုင်းရာ သတ်ပုံသတ်ညွှန်း မမှန်ဘဲ ကပေါက်တိ ကပေါက်ချာ ရေးသားမိသည်။

ယင်းအခွင့်အရေးကို ယူကာ ဝတ်လုံတော်ရ ဦးပုက ရုံးတော်တွင် လျှောက်လွှဲချက် ပေး၍ အနိုင် ယူဆောင်ခဲ့သည်။ ဝတ်လုံ အဖြစ် အမှု လိုက်ခဲ့သော်လည်း အခကြေးငွေ တပြား တချပ်မှ မယူခဲ့ပေ။ ၁၉၁၂ ခုနှစ်တွင် ဝတ်လုံတော်ရ ဦးပုသည် သူရိယ သတင်းစာတွင် ရှယ်ယာဝင် တဦး အဖြစ် ပါဝင်ခဲ့ပြီး ဒါရိုက်တာ လူကြီး ၅ ဦးတွင် အဖွဲ့ဝင် ဥပဒေ အကြံပေး ပုဂ္ဂိုလ်ကြီး တဦး အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ ဒါရိုက်တာ လူကြီး ငါးဦးမှာ (၁) ဦးသွင်၊ (၂) စပါးပွဲစားကြီး ဦးဘိုးအောင်၊ (၃) ဝတ်လုံတော်ရ ဦးပု၊ (၄) ဦးလှဖေ၊ (၅) ဦးဘဖေတို့ ဖြစ်ကြသည်။

ဝတ်လုံတော်ရ ဦးပုသည် ဝိုင်အမ်ဘီအေမှ နိုင်ငံရေး လှုပ်ရှားမှုများကို တိုင်းပြည်အား သိရှိလာအောင် တတ်အားသရွှေ့ ပြသခဲ့သည်။ သူပြသခဲ့သည့် အလျောက် လူသိရှင်ကြား အတော် များလာသည်။ ဦးပု၏ ဂုဏ်သတင်းသည်လည်း တစထက် တစ တက်လာခဲ့သည်။ ၁၉၁၈ ခုနှစ်၊ ဧပြီလလထဲတွင် မွန်တေဂူချမ်း (စ်) စဖို (ဒ်) အစီရင်ခံစာ ထွက်ပြီးနောက် ဒုတိယ ဘုရင်ခံ ကရက်ဒေါက် အဖြစ် မြန်မာပြည်အား အုပ်ချုပ်စေခဲ့သည်။ ကရက်ဒေါက် စီမံကိန်း ကို ရေးဆွဲ၍ အုပ်ချုပ်ခဲ့သဖြင့် ၁၉၁၉ ခုနှစ်၊ ဩဂုတ်လတွင် လူထု တရပ်လုံး မခံရပ်နိုင် ဖြစ်ကာ အုံကြွ လာခဲ့သည်။ ဘိလပ်သို့ ကိုယ်စားလှယ် လွှတ်ကြရန် ဦးပု၊ ဦးဘဖေ၊ ဦးထွန်းရှိန်တို့ ၃ ဦးအား ရွေးချယ်၍ ကိုယ်စားလှယ် လွှတ်ကြသည်။ ယင်း ကိုယ်စားလှယ်တွင် ဦးပုသည် ဘိလပ်သွား မြန်မာ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်တဦး အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ ထိုမှစပြီး ‘ဖေ၊ ပု၊ ရှိန်’ ဟု တွင်ခဲ့ကြသည်။ (’သပြေနု ချိန် - ဖေ၊ ပု၊ ရှိန်’ ဟူသော ဆရာကြီး ဦးမှိုင်း၏ လေးချိုး အရေးအသားကြောင့် ဦးဘဖေ နာမည်က ရှေ့ဆုံးက ဖြစ်ခဲ့သည်။ ထိုစဉ်က ခေါင်းဆောင်မှာ ဦးဘဖေ မဟုတ်ပါ၊ ဦးပု ဖြစ်ပါသည်)။

ဦးပုသည် များသောအားဖြင့် ဥရောပ ဝတ်စုံများကို ဝတ်လေ့ရှိသည်။ ဘိလပ်တွင် တိုင်းပြည် အတွက် အရေးဆိုရန် အသွားအပြန် ၇ လမျှ ကြာအောင် ဆောင်ရွက်ခဲ့သည်။ ၁၉၂ဝ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မြန်မာပြည်သို့ ပြန်ရောက်ခဲ့သည်။

ဗြိတိသျှ နယ်ချဲ့တို့၏ ပါးနပ် အုပ်ချုပ်မှုကြောင့် အဖွဲ့အစည်းများ အကွဲအပြဲ ဖြစ်ခဲ့ရာတွင် ဦးပုသည် ဒိုင်အာခီ အုပ်ချုပ်ရေး ကို လက်ခံသော ၂၁ ဦးတွင် ပါဝင် ဆောင်ရွက်ခဲ့သည်။ ဦပုသည် ဒိုင်အာခီ ရပြီးမှ ဟုမ္မရူး(Home Rule) ကို တိုးတက် တောင်းမည်ဟူသော ရည်ရွယ်ချက်ဖြင့် ၂၁ ဦးတွင် ပါဝင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဒိုင်အာခီကို မလိုချင်သော ဦးချစ်လှိုင် ဂိုဏ်းဝင် ဆရာတော် ဦးဥတ္တမ အမှုအတွက် ဝတ်လုံ ဦးမောင်ကြီး၊ ဦးစိန်လှအောင်တို့နှင့် တွဲဖက်၍ အမှု လိုက်ခဲ့သည်။ ဒိုင်အာခီ အုပ်ချုပ်ရေး လက်ခံ မခံသာ သဘောကွဲလွဲပြီး အင်္ဂလိပ် မုန်းတီးရေးနှင့် ဆန့်ကျင်ရေးမှာ တသဘောတည်း တထပ်တည်း ဖြစ်၍ လိုက်ပါ ဆောင်ရွက်ခြင်း ဖြစ်သည်။ တနည်းအားဖြင့် မျိုးချစ်စိတ် ပီသမှုကို ပြလိုက်ခြင်း ဖြစ်သည်။ ဦးပုသည် ၁၉၂၁ ခုနှစ် မြန်မာပြည်သို့ ဝေလမင်းသား တိုင်းခန်း လှည့်လည်ရာတွင် သပိတ်မှောက်သော ပုဂ္ဂိုလ်များတွင် တဦး အပါအဝင် ဖြစ်ခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် ဒိုင်အာခီ အုပ်ချုပ်ရေးပြုလုပ်သော အခါ ဥပဒေပြု မင်းတိုင်ပင် အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။ ယင်းမှတဆင့် ဝန်ကြီးချုပ် ၄ နေရာ အနက် သစ်တောရေး ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခြင်း ခံရပန်သည်။ ထိုစဉ်က ဝန်ကြီးချုပ်၏ လစာမှာ ၅ဝဝဝိ/ ဖြစ်လေသည်။

ထို့နောက် ၁၉၂၅ ခုနှစ်တွင် ကျင်းပသော ဒုတိယ အကြိမ် ရွေးကောက်ပွဲတွင် လည်းကောင်း၊ ၁၉၂၈ ခုနှစ်တွင် ကျင်းပသော တတိယအကြိမ် ရွေးကောက်ပွဲတွင် လည်းကောင်း ၊ ၁၉၃၂ ခုနှစ်တွင် ကျင်းပသော စတုတ္ထအကြိမ် ရွေးကောက်ပွဲတွင် လည်းကောင်း၊ မင်းတိုင်ပင် အမတ် အဖြစ်ဖြင့် အကြိမ်ကြိမ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။ လွှတ်တော် ဥက္ကဋ္ဌ အဖြစ်နှင့်လည်း လုပ်ကိုင် ဆောင်ရွက်ခဲ့သည်။

ဦးပုသည် ၉၁ ဌာန အုပ်ချုပ်ရေး ကျင်းပသည့် ၁၉၃၆ ခုနှစ်တွင် ဒေါက်တာ ဘမော် ဦးစီးသော ညွန့်ပေါင်းအစိုးရ လက်ထက်၌ အခွန်တော် ဌာန ဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ဒေါက်တာ ဘမော် ပြုတ်ကျ သွားသောအခါ ညွန့်ပေါင်း အစိုးရကို ဦးပု ခေါင်းဆောင် အဖြစ် ဆောင်ရွက်ပြီး နန်းရင်းဝန်ကြီး ရာထူးကို လက်ခံ ဆောင်ရွက်ခဲ့သည်။ ဤသို့ဖြင့် ဦးပုသည် မြန်မာပြည် မလွတ်လပ်မီ သက်တမ်း တလျှောက်လုံးတွင် အစိုးရ အဖွဲ့နှင့် လွှတ်တော်ထဲတွင် တဝဲလည်လည် ကျက်စားခဲ့သည်။

ဘဝနိဂုံး

တချိန်က ထင်ရှားခဲ့သော နန်းရင်းဝန်ဟောင်း ဦးပုသည် ၁၉၇၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂ဝ ရက်နေ့ အသက် ၉၄ နှစ် အရောက်တွင် ဂွတ္တလစ် ရိပ်သာလမ်း နေအိမ်၌ လူကြီး ရောဂါဖြင့် ကွယ်လွန် သွားရှာသည်။ ဦးပုတွင် ထင်ရှားသော သားကြီးမှာ တရားဝန်ကြီးဟောင်း ဦးရှုမောင်ပင် ဖြစ်သည်။[1]

ကိုးကား

  1. ရွှေဥဩရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ် စပယ်ဦး စာပေ ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (တတိယ အကြိမ်)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.