ဂျပန့်ရင်သွေး

ဂျပန့်ရင်သွေး ရုပ်ရှင်ဇာတ်ကားသည် ၁၉၃၅ ခုနှစ်၊ ဂျပန်နိုင်ငံ တိုကျိုမြို့၌ ရိုက်ကူးထားသော မြန်မာရုပ်ရှင်တစ်ကားဖြစ်သည်။ ဒါရိုက်တာ ဦးညီပုမှ ရိုက်ကူးခဲ့ပြီး ဂျပန်အမည်မှာ Nippon Musume ဖြစ်သည်။ မြန်မာကုမ္ပဏီ အေဝမ်းဖလင် ကုမ္ပဏီနှင့် ဂျပန်နိုင်ငံရှိ ပီစီအယ်လ် ကုမ္ပဏီတို့ ပူးပေါင်းရိုက်ကူးခဲ့သည်။

စတင်ရိုက်ကူးခြင်း

ဒါရိုက်တာ မောင်ညီပု နှင့် မောင်မောင်စိုး တို့က ဂျပန်သို့ ရုပ်ရှင်ပညာသင်ယူစဉ် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ၁၉၃၄ ခုနှစ်၊ မေလအတွင်း စတင်ရိုက်ကူးပြီး ဂျပန်အစိုးရ၏ အကူအညီ များစွာရခဲ့သည်ဟု နိုဝင်ဘာလ ၂၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ဂျပန်၌ ပထမဆုံးရိုက်ကူးသည့်ဇာတ်ကား ဖြစ်သကဲ့သို့ နိုင်ငံရပ်ခြား၌ ရိုက်ကူးသည့် ပထမဆုံးမြန်မာရုပ်ရှင်လည်း ဖြစ်ခဲ့သည်။ [1]

ရုံတင် ပြသခြင်း

၁၉၃၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် ရန်ကုန်မြို့ အိုလံပီယာနှင့် ဘုရင့်ရုံတို့တွင် လေးလရာသီ ဂျပန်ပြည် ဇာတ်ကားနှင့် တွဲ၍ တစ်ပြိုင်နက် ပြသခဲ့သည်။ မြန်မာနိုင်ငံတွင် ရုံတင်ချိန်၌ ဂျပန်နှင့် ထိုင်းတို့တွင်လည်း တစ်ပြိုင်နက် ပြသသည်။ ဂျပန်ပရိသတ်များ စိတ်ဝင်တစား အားပေးကြကြောင်း ဂျပန်သတင်းစာများတွင် တခမ်းတနားပါရှိသည်။

၁၉၉၂ ခုနှစ်တွင် ဂျပန်နိုင်ငံတွင် ပြုလုပ်သည့် အရှေ့တောင်အာရှ ရုပ်ရှင်ပွဲတော်တွင် ထိုဇာတ်လမ်းအား ပြန်လည်ပြသခဲ့သည်။

ဇာတ်လမ်း အကျဉ်း

မြန်မာ ယောက်ျားပျိုကလေးနှင့် ဂျပန် မိန်းမပျိုကလေးတို့၏ အချစ်ဇာတ်လမ်းဖြစ်သည်။ ကောင်းကင်ယံတွင် စွန့်စားပြလိုသော မြန်မာလူငယ် ညီအစ်ကိုနှစ်ယောက် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်လာသည်။ တိုကျိုမြို့မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် မနားတမ်းပျံသန်းရန်ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်း ဖြစ်သည်။ ဂျပန်ပြည်၌ အစမ်းလေ့ကျင့် ပျံသန်းကြသည်။ တစ်နေ့ လေ့ကျင့် ပျံသန်းစဉ် လေယာဉ်စက် ချို့ယွင်းသဖြင့် တစ်နေရာသို့ ထိုးချလိုက်ရသည်။ လေယာဉ်မှာ ပျက်စီးသွားသော်လည်း ညီအစ်ကို နှစ်ဦးမှာ အသက်ချမ်းသာရာ ရရှိခဲ့သည်။ ၎င်းတို့အား ဂျပန်မိန်းကလေး အေးမိစံက ပြုစုသည်။ မကြာမီ အစ်ကို (မောင်ညီပု)နှင့် အေးမိစံတို့ မေတ္တာမျှကြသည်။ ဤတွင် အစ်ကိုသည် မိမိတို့ လာရင်း အကြံဖြစ်သည့် ကောင်းကင်ယံတွင် စွန့်စားခြင်းအလုပ်ကို စွန့်ကာ အေးမိစံအနားတွင် နေလေသည်။ ထိုအခါ အေးမိစံက အနစ်နာခံလျက် ညီအစ်ကို နှစ်ဦး၏ ရည်ရွယ်ချက်အကြံ အောင်မြင်စေရန် ဖန်တီးပေးခဲ့သည်။ သို့ဖြင့် ညီအစ်ကိုနှစ်ဦးသည် ကောင်းကင်ယံစွန့်စားခြင်းကို အောင်မြင်စွာပြုကာ မြန်မာနိုင်ငံသို့ ချောမောစွာ ပြန်ရောက်သွားကြလေသည်။ ထိုအချိန်တွင် ချစ်သူ၏ အောင်မြင်မှုသတင်းကို ကြားသိရင်း အေးမိစံ လွမ်းနာကျ၍ ကွယ်လွန်ရှာသည်။

ပါဝင်သရုပ်ဆောင်သူများ

  • မောင် ညီပု
  • မောင်မောင်စိုး
  • မောင် စံညွန့်
  • မိဆုကို တကရို ( ဧမိစံ (ခ) အေးမိစံ )

မင်းသမီးဟု အထင်မှားခြင်း

ဂျပန်၌ ပညာသင်ကြားစဉ် ၁၉၃၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်တွင် တိုကျိုမြို့တွင် မောင်ညီပု လက်ထပ်ခဲ့သည့် ဂျပန်မင်းသမီး တာကာကို ဆူဇူကီး (မ စန်းရင်) ကို အေးမိစံဟုထင်မှတ်ကာ လာရောက်ကြည့်ရှု့သူများ ရှိသည်ဟု ဆိုသည်။

ကိုးကား

  1. တင်နိုင်တိုး။ ခေတ်ဟောင်းသတင်းစာများက ပြောသော ၁၂ လရာသီ အဖြစ်အပျက်များ။ သူရိယစာပေ၊ ရန်ကုန်။ ၂၀၀၉ မတ်။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.