ဂျပန်သမိုင်း

ဂျပန်သမိုင်းတွင် သမိုင်းမတင်မှီခေတ်မှစ၍ နိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ထွန်းလာသည့် ခေတ်နီးသမိုင်းအထိ ဂျပန်ကျွန်းနှင့် ဂျပန်လူမျိုးတို့၏ သမိုင်းများ ပါဝင်သည်။ ဂျပန်ကို မှတ်တမ်းအဖြစ် ပထမဦးဆုံး ပထမရာစုနှစ်အတွင်း ရေးသားပြုစုသည့် ‘၂၄ သမိုင်း’ခေါ် တရုတ်သမိုင်းကျမ်းတွင် အကျဉ်းချုံး ဖော်ပြထားသည်။ သို့သော်လည်း ဂျပန်ကျွန်းပေါ်တွင် ကျောက်ခေတ်ဟောင်း ခေတ်ဦးပိုင်းမှစ၍ လူများ နေထိုင်လျက် ရှိပြီဖြစ်ကြောင်း သက်သေ အထောက်အထားများ ရှိသည်။ [1] နောက်ဆုံး ရေခဲခေတ်အပြီး ဘီစီ ၁၂၀၀၀ ခန့်တွင် ဂျပန်ကျွန်းစုပေါ်၌ လူသားများ ကျက်စားနေထိုင်သည့် ခြေရာများကို တွေ့ရှိရသည်။ ပထမဦးဆုံး သိရှိရသည့် မြေထည်ပစ္စည်းများမှာ ဂျိုမွန်ခေတ်မှ ဖြစ်သည်။

ဂျပန်သမိုင်း

  • ကျောက်ခေတ်ဟောင်း 35,000–14,000 BC
  • ဂျိုမွန်ခေတ် 14,000–300 BC
  • ယာယိုအိခေတ် 300 BC–250 AD
  • ကိုဖွန်ခေတ် 250–538
  • အစုကခေတ် 538–710
  • နာရာခေတ် 710–794
  • ဟဲအိအန်ခေတ် 794–1185
  • ကမကုရခေတ် 1185–1333
  • မူရိုမချိခေတ် 1336–1573
  • အဇုချိ မိုမိုယာမခေတ် 1568–1603
  • အဲဒိုခေတ် 1603–1868
  • မဲအိဂျိခေတ် 1868–1912
  • တအိရှိုးခေတ် 1912–1926
  • ရှိုးဝခေတ် 1926–1989
  • ဟဲအိစဲအိခေတ် 1989–ယခု

သမိုင်းမတင်မှီခေတ်

ကျောက်ခေတ်ဟောင်း

ရှိနနိုမြို့အနီး တူးဖော်ရရှိသည့် ဘီစီ ၃၀၀၀၀ ခန့်က ကျောက်ပုဆိန်

ဂျပန်ကျောက်ခေတ်ဟောင်းသည် ကျောက်ဖြင့် ပြုလုပ်ထားသည့် ကိရိယာ တန်ဆာပလာများ အစောဆုံး တွေ့ရှိရသည့် ဘီစီ ၁၀၀၀၀၀ မှ ၃၀၀၀၀ ခန့်အထိ ဖြစ်ပြီး နောက်ဆုံးရေခဲခေတ် ဘီစီ ၁၂၀၀၀ ခန့်တွင် အဆုံးသတ်သည်။ ဘီစီ ၃၄၀၀၀ ခန့်တွင် တရုတ်ပြည် မြောက်ပိုင်းဒေသမှ ဓားငယ်သဏ္ဌာန် ကျောက်ထည်ပစ္စည်းများ ဂျပန်သို့ ရောက်ရှိလာပြီး ဒေသတဝန်းတွင် ကျယ်ကျယ်ပျံ့ပျံ့ အသုံးပြုလာသည်။ သို့သော်လည်း ဘီစီ ၂၀၀၀၀ ခန့်တွင် ဆိုက်ဘေးရီးယားမှ ကျောက်ဓားပါးဟုခေါ်သည့် ကျောက်ထည်ပစ္စည်းသစ် ရောက်ရှိလာကာ ဂျပန်အရှေ့ပိုင်းဒေသတွင် တွင်ကျယ်လာသည်။ ကာလတစ်ခုအတွင်း ဤပစ္စည်းနှစ်မျိုးစလုံးကို တပြိုင်နက်တည်း အသုံးပြုခဲ့သည်။ ဘီစီ ၁၅၀၀၀ ခန့်တွင် ဓားငယ်သဏ္ဌာန် ကျောက်ထည်ပစ္စည်း အလျင်အမြန် ပျောက်ကွယ်သွားသည်။

ရေခဲခေတ် အဆုံးသတ်ပြီးနောက် ရာသီဥတုပူနွေးလာပြီး လူသားများ၏ စားဝတ်နေရေး ကြီးကြီးမားမား ပြောင်းလဲကာ အိုကီနာဝါ ကျွန်းစုမှလွှဲ၍ ကျန်ဒေသများတွင် ကျောက်ခေတ်လယ် ဂျိုမွန်ခေတ်အတွင်း စတင်ဝင်ရောက်လာခဲ့သည်။ [2]

ဂျိုမွန်ခေတ်

ဂျိုမွန်ခေတ်လယ်မှ မြေအိုး (3000–2000 BC)

ဂျိုမွန်ခေတ်သည် ဘီစီ ၁၄၀၀၀ မှ ၃၀၀ ခန့်အထိ ကြာမြင့်သည်။ ဂျိုမွန် ယဉ်ကျေးမှုနှင့်အတူ ပထမဦးဆုံး အတည်တကျ နေထိုင်မှုများသည် ဘီစီ ၁၄၀၀၀ ခန့်တွင် ပေါ်ပေါက်ခဲ့သည်။ ဂျိုမွန်ယဉ်ကျေးမှု၏ ထူးခြားချက်မှာ ထိုခေတ်အခါက လူများသည် အမဲလိုက်ခြင်း၊ တဲများဆောက်လုပ်ခြင်း၊ တွင်းအောင်းနေထိုင်ခြင်းနှင့် ကနဦးအဆင့် စိုက်ပျိုးခြင်းများကို တတ်မြောက်နေပြီ ဖြစ်သည်။ ထိုခေတ်က လူများသည် ယက္ကန်းမယက်တတ်သေးပေ။ သားရေဖြင့် ချုပ်လုပ်သည့် အဝတ်အထည်များကို ဝတ်ဆင် ကြသည်။

ဂျိုမွန်လူများသည် ဖွတ်မြီးကြိုးများ၊ သစ်ကိုင်းသစ်ခက်များဖြင့် ပန်းခတ်သည့် မြေအိုးများကို စတင်လုပ်ဆောင် တတ်ပြီဖြစ်သည်။ ဤမြေထည်များသည် ရှေးအကျဆုံး မြေထည်များ ဖြစ်နိုင်သည်။ ယင်းမြေထည်များနှင့်အတူ တွေ့ရှိရသည့် ဓားမြှောင်များ၊ ကျောက်စိမ်းများ၊ ကမာခွံများဖြင့် ပြုလုပ်သည့် ခေါင်းဘီးများနှင့် အခြား အိမ်သုံးပစ္စည်းများသည် ဘီစီ ၁၁၀၀၀ ခန့်ကဖြစ်နိုင်သည်။ [3] ဒိုကုခေါ် မြေထည် ပန်းကွက်များကိုလည်း တူးဖော်တွေ့ရှိရသည်။

ယင်းအိမ်သုံးပစ္စည်းများသည် အိုကီနာဝါအထိ ကုန်သွယ်ရေး လမ်းကြောင်းများ ဖောက်ကားလျက် ရှိနေပြီဟု ယူဆနိုင်သည်။ ဒီအန်အေ ခွဲခြမ်းစိတ်ဖြာချက်အရ ယခု ဟိုကိုင်ဒိုတွင် နေထိုင်သည့် အိုင်နုတိုင်းရင်းသားများသည် ဂျိုမွန်လူများမှ ဆင်းသက်လာသည်ဟု ဆိုနိုင်သည်။

ကိုးကား

  1. Global archaeological evidence for proboscidean overkill, Todd Surovell et al., Proceedings of the National Academy of Sciences, 2005
  2. Japanese Palaeolithic Period, Charles T. Keally
  3. "The earliest known pottery comes from Japan, and is dated to about 10,600 BC. China and Indo-China follow shortly afterward" ("Past Worlds" The Times Atlas of Archeology. p. 100, 1995). Alternatively, the Metropolitan Museum of Art's Timeline of Art History notes "Carbon-14 testing of the earliest known shards has yielded a production date of about 10,500 BC, but because this date falls outside the known chronology of pottery development elsewhere in the world, such an early date is not generally accepted". . Calibrated radiocarbon measures of carbonized material from pottery artifacts: Fukui Cave 12500 +/− 350 BP and 12500 +/− 500 BP (Kamaki & Serizawa 1967), Kamikuroiwa rock shelter 12, 165 +/-350 years BP in Shikoku (Esaka et al. 1967), from "Prehistoric Japan", Keiji Imamura, p46.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.