ဂျာမန်ဘာသာစကား

ဂျာမန် (Deutsch, [ˈdɔʏtʃ] ( ); အင်္ဂလိပ်: German) သည် အလယ်ဥရောပနိုင်ငံများတွင် အဓိကပြောဆိုသုံးစွဲသော အနောက် ဂျာမန်နွယ် ဘာသာစကား (West Germanic language) တစ်ခုဖြစ်ပြီး ၎င်း၏ ဝေါဟာရ အားလုံးနီးပါးမှာ အင်ဒို-ဥရောပ (Indo-European) ဘာသာစကား မိသားစု၏ ဂျာမန်နွယ်အုပ်စုမှ ဆင်းသက်လာသည်။ ဂျာမန်ဘာသာစကားမှာ ဂျာမနီဩစတြီးယားဆွစ်ဇာလန်အီတလီနိုင်ငံမြောက်ပိုင်းရှိ တောင်ပိုင်းတိုင်ရိုဒေသ၊ ဘယ်လ်ဂျီယန်နိုင်ငံ၏ ဂျာမန်စကားပြောသောဒေသနှင့် လက်ချင်စတိန်းနိုင်ငံတို့တွင် ပြောဆိုသုံးစွဲမှုအများဆုံးဘာသာစကားဖြစ်၍ ထိုနိုင်ငံများ၏ တရားဝင်ရုံးသုံးဘာသာစကား (သို့မဟုတ်) ပူးတွဲရုံးသုံးဘာသာစကားလည်းဖြစ်သည်။ ၎င်းသည် လူဇင်ဘတ်နိုင်ငံ၏ တရားဝင်ရုံးသုံးဘာသာစကားသုံးခုအနက် တစ်ခုဖြစ်သည်။ ပိုလန်နိုင်ငံရှိ အိုပိုးလ်ပြည်နယ်၏ ပူးတွဲရုံးသုံးဘာသာစကားလည်းဖြစ်သည်။ ဂျာမန်ဘာသာစကားနှင့် အနီးစပ်ဆုံးတူညီသောဘာသာစကားများမှာ အနောက်ဂျာမန်နွယ်ဘာသာစကားအုပ်စုဝင် အခြားဘာသာစကားများဖြစ်သော အာဖရီကန်းစ်ဒတ်ချ်အင်္ဂလိပ်၊ ဖရီးရှန်းဘာသာစကားများ၊ မြောက်ပိုင်းဂျာမန်စကား (Low German/Low Saxon)၊ လူဇင်ဘတ်ဘာသာစကားနှင့် ယစ်ဒစ်ရှ်ဘာသာစကားများဖြစ်သည်။ ထို့အပြင် မြောက်ပိုင်းဂျာမန်နွယ်ဘာသာစကားအုပ်စုဝင် (North Germanic) ဘာသာစကားများဖြစ်ကြသော ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်ဘာသာစကားများနှင့်လည်း ဝေါဟာရစကားလုံးများ ဆင်တူခြင်းများစွာရှိလေသည်။ ဂျာမန်ဘာသာစကားမှာ ဂျာမန်နွယ်ဘာသာစကားအုပ်စုတွင် အင်္ဂလိပ်ဘာသာစကားပြီးလျှင် ဒုတိယအသုံးအများဆုံးဘာသာစကားဖြစ်သည်။

ဂျာမန်ဘာသာစကားမှာ ကမ္ဘာသုံးအဓိကဘာသာစကားကြီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်၍ ကမ္ဘာတစ်ဝန်း လူဦးရေ သန်း၁၀၀နီးပါး မိခင်ဘာသာစကားအဖြစ်ပြောဆိုသုံးစွဲကြသည်။ ထို့ပြင် ဥရောပသမဂ္ဂ၏ လူသုံးအများဆုံး မိခင်ဘာသာစကားလည်း ဖြစ်သည်။ ဂျာမန်ဘာသာစကားမှာ အီးယူအဖွဲ့တွင် တတိယလူသုံးအများဆုံး နိုင်ငံခြားဘာသာစကားအဖြစ် အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာတို့၏ နောက်တွင်ရပ်တည်နေသည်။ ထို့ကြောင့် ဂျာမန်ဘာသာစကားမှာ ယေဘုယျလူသုံးအများဆုံးအနေဖြင့်ကြည့်လျှင် အီးယူအဖွဲ့တွင် ဒုတိယနေရာတွင်ရှိသည်။ ဂျာမန်ဘာသာသည် အီးယူတွင် မူလတန်းအဆင့်၌ ဒုတိယသင်ကြားမှုအများဆုံး နိုင်ငံခြားဘာသာအဖြစ် အင်္ဂလိပ်ဘာသာ၏နောက်တွင်ရှိသည်။ (သို့သော် အလယ်တန်းအဆင့်တွင် အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာတို့၏နောက်တွင် တတိယနေရာမှလိုက်သည်။) အမေရိကန်နိုင်ငံတွင် စတုတ္ထသင်ကြားမှုအများဆုံး နိုင်ငံခြားဘာသာစကားအဖြစ် စပိန်ပြင်သစ်နှင့် အမေရိကန် သင်္ကေတပြ ဘာသာစကားတို့၏နောက်တွင် ရပ်တည်နေသည်။ ထို့အပြင် သိပ္ပံဘာသာရပ်တွင် ဒုတိယအသုံးအပြုဆုံးနှင့် ဝက်ဘ်ဆိုက်များတွင် တတိယအသုံးအများဆုံးဘာသာစကားအဖြစ် အင်္ဂလိပ်နှင့် ရုရှားတို့၏နောက်တွင်ရှိသည်။ ဂျာမန်စကားပြောသောနိုင်ငံများမှ နှစ်စဉ်စာအုပ်စာပေအသစ်များ ပုံနှိပ်ထုတ်ဝေမှုမှာ ကမ္ဘာ့အဆင့်ငါးတွင်ရှိသည်။ ကမ္ဘာပေါ်ရှိ လက်ရှိထုတ်ဝေနေဆဲ စာအုပ်စာပေများ (e-book အပါအဝင်) ၏ ဆယ်ပုံတစ်ပုံမှာ ဂျာမန်ဘာသာဖြင့်ထုတ်ဝေသည်။ ယူနိုက်တက်ကင်းဒမ်းနိုင်ငံတွင် ဂျာမန်နှင့် ပြင်သစ်ဘာသာစကားများမှာ လုပ်ငန်းသုံးလိုအပ်မှုအများဆုံး နိုင်ငံခြားဘာသာစကားများဖြစ်ကြသည်။ (၄၉%သော လုပ်ငန်းများကဂျာမန်ဘာသာစကားနှင့် ၅၀%သောလုပ်ငန်းများကပြင်သစ်ဘာသာစကားတို့သည် အရေးအကြီးဆုံးဖြစ်သည်ဟု အသီးသီးထောက်ပြခဲ့ကြသည်။)

ဆက်စပ်ကြည့်ရှုရန်


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.