ငါးရာ့ငါးဆယ် နိပါတ်တော်

ပါဠိ ကျမ်းဂန်များတွင် ဇာတကခေါ် ဘုရားလောင်းနှင့် သက်ဆိုင်သည့် အဖြစ်တော်များ ရှိသည်။ ထိုဖြစ်တော်များမှာ အရေအတွက်အားဖြင့် (၅၄၇) ဇာတ်ရှိသည်။ သို့သော် အခေါ်ရလွယ်စေရန်အတွက် ငါးရာ့ငါးဆယ် နိပါတ်တော်ဟု ခေါ်ကြသည်။ ငါးရာ့ငါးဆယ်နိပါတ်တော်ဟု ခေါ်သဖြင့် မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မမူမီ ဘဝ ငါးရာ့ငါးဆယ်သာ ကျင်လည်ခဲ့ရသည်ဟု မမှတ်အပ်ပေ။ ငါးရာ့ငါးဆယ် ဇာတ်ကြောင်းတို့မှာ နုမှာငါးရာ ရင့်မှာတစ်ကျိပ် ဟူသောစကားရပ်အရ အခါအားလျော်စွာ ဟောကြားတော်မူခဲ့သော ပါရမီနုစဉ်ကာလမှ အဖြစ်အပျက် အကြောင်းအရာအချို့သာ ဖြစ်ကြသည်။


ပေါ်ပေါက်လာပုံ

ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထုများ၏ အခြေခံဖြစ်သော ပါဠိဂါထာတော်များကို သုတ္တန်ခုဒ္ဒကနိကာယ် နှင့် ပါဌဇာတ်တော် ပါဠိတော်များတွင် တွေ့ရသည်။ ထိုဇာတ်တော် (၅၄၇) ခုတွင် မြန်မာတို့ အတိုကောက်အားဖြင့် “တေ ၊ ဇ ၊ သု ၊ နေ ၊ မ ၊ ဘူ ၊ စန် ၊ နာ ၊ ဝိ ၊ ဝေ” ဟု အမှတ်အသား ပြုထားသော ဇာတ်ကြီး ဆယ်ဘွဲ့လည်း အပါအဝင် ဖြစ်သည်။ ငါးရာ့ငါးဆယ် ဇာတ်တို့တွင် မြတ်စွာဘုရား အလောင်းတော်သည် လူအဖြစ် (၃၅၇) ဘဝ ၊ နတ်အဖြစ် (၆၅) ဘဝ ၊ ကုန်းသတ္တဝါအဖြစ် (၆၀) ဘဝ ၊ ကောင်းကင် သတ္တဝါအဖြစ် (၅၇) ဘဝ ၊ ရေသတ္တဝါအဖြစ် (၈) ဘဝ ကျင်လည်ခဲ့တော် မူလေသည်။

ရေးသားစီရင်ခဲ့မှုများ

ဇာတ်ပါဠိတော်

မြတ်စွာဘုရားရှင်သည် ငါးရာ့ငါးဆယ် ဇာတ်တော်များကို ပါဠိဘာသာဖြင့် ဂါထာဖွဲ့၍ ဟောတော်မူခဲ့သည်။

ဇာတ်အဋ္ဌကထာများ

အေဒီ (၆) ရာစုခန့်တွင် သီဟိုဠ်ကျွန်း ၊ အနုရာဓမြို့ တောင်ဘက် မဟာဝိဟာရ ကျောင်းတိုက်၌ အရှင် ဗုဒ္ဓဃောသ မထေရ်သည် ထိုဂါထာများကို ပါဠိဘာသာဖြင့် အဌကထာ ဖွင့်ဆို ရေးသားတော်မူလေသည်။

အဌကထာဆိုသည်မှာ ပါဠိတော်ရင်း၌ ခက်ခဲကွယ်မြုပ်နေသော အနက် အဓိပ္ပါယ်တို့ကို ရှင်းလင်းဖော်ထုတ်၍ ဝတ္ထုကြောင်းနှင့် တကွ အကျယ်ဖွင့်ပြသော ကျမ်းမျိုးကို ခေါ်သည်။

ဇာတ်ဋီကာများ

သာသနာတော် ၉၃၀ လောက်တွင် သီဟိုဠ်ကျွန်း အနုရာဓမြို့ အနောက်ဘက် ဗဒရတိတ္တကျောင်းနေ အရှင်ဓမ္မပါလ မထေရ်သည် အရှင် ဗုဒ္ဓဃောသမထေရ်၏ အဌကထာ တွင် တိမ်မြုပ်နေသော အနက်အဓိပ္ပါယ်တို့ကို ရှင်းလင်းဖွင့်ဆိုထားသော ဇိနတ္ထ ပကာသနီ ခေါ် ဋီကာကျမ်းကို ရေးသားစီရင်ခဲ့သည်။

မြန်မာပြည်သို့ ရောက်လာခြင်း

ထိုဇာတ်အဋ္ဌကထာတို့သည် သီဟိုဠ်ကျွန်းမှ အောက်မြန်မာပြည် သထုံမြို့သို့ သာသနာတော် ၉၃၀ ကျော်တွင် ရောက်ရှိခဲ့သည်။ သာသနာ ၁၆၀ဝ ကျော် (သက္ကရာဇ် ၄၀ဝ ကျော်)လောက်တွင် သထုံမှ ပုဂံသို့ အနော်ရထာမင်း ဆောင်ယူ၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံး ပျံ့နှံ့လေသည်။

ဋီကာသစ်

ထို့နောက် မင်းတုန်းမင်းတရားကြီး လက်ထက်တွင် ပညာသာမိ သီရိကဝိ ဓဇမဟာဓမ္မရာဇာဓိရာဇာဂုရု တံဆိပ်တော်ရ ဒုတိယ မောင်းထောင်ဆရာတော် သည် အသမ္မောဟ ဝိလာသိနီဟူသော ဋီကာသစ်ကို ပါဠိဘာသာဖြင့် စီရင် ရေးသားတော်မူသည်။

ဋီကာ ဆိုသည်မှာ ပါဠိတော် အဌကထာတို့၌ တိမ်မြုပ်ကွယ်ဝှက်သော အနက်အဓိပ္ပါယ်တို့ကို အကျယ်ရှင်းလင်းဖော်ပြသော ကျမ်းကို ဆိုသည်။

ငါးရာ့ငါးဆယ် ဇာတ် ပါဠိတော် နိသျဟောင်းကို သာယာဝတီမင်းလက်ထက် သာသနဝံသ သီရိဓမ္မမဟာ ဓမ္မရာဇာဓိရာဇာ ဂုရု ကြံခင်းဆရာတော် စီရင်၍ နိဿယသစ်ကိုမူ မင်းတုန်းမင်းကြီးလက်ထက် မေဓာဘိဝံသ သီရိသဓမ္မဓဇ မဟာဓမ္မရာဇာ ဓိရာဇာဂုရု ပြည်ဆရာတော် ရေးသား စီရင်တော် မူခဲ့သည်။ ဇာတ်အဌကထာ နိသျများကိုကား ဘိုးတော် မင်းတရား လက်ထက် တောင်တွင်းဆရာတော် ၊ ပလိုင်းဆရာတော် ၊ မဲထီးဆရာတော် ၊ ရွှေတောင်ဆရာတော် ၊ တောင်လေးလုံး ဆရာတော် ၊ ကတိုးဆရာတော် ၊ ဗားကရာ ဆရာတော် ၊ ဆုံတားဆရာတော် ၊ ပထမ မောင်းထောင် သာသနာပိုင် ဆရာတော် ၊ မုန်တော ဆရာတော် ၊ ညောင်ကန်ဆရာတော် ၊ မင်းရွာ ဆရာတော် ၊ ပထမ ဆင်တဲ ဆရာတော်တို့ ရေးသား စီရင်တော် မူခဲ့ကြသည်။

မြန်မာသက်သက် စကားပြေ ဇာတ်တော်များကို မုံတိုင်ပင် ဆရာတော်နှင့် ညောင်ကန်ဆရာတော်တို့ စီရင်သည်ဟု ပိဋကတ် သမိုင်းက ပြဆိုလေသည်။ ဇာတ်ကြီးဆယ်ဘွဲ့ စကားပြေများဝတ္ထုများအနက် ဝေဿန္တရာ ၊ စန္ဒကုမာရ ၊ ဝိဓုရ ၊ မဟောသဓ ၊ နာရဒ ၊ ဇနက ၊ နေမိ ၊ တေမိဟူသော ဇာတ်တော်ကြီး ရှစ်ဘွဲ့ကို ဘိုးတော်ဘုရားလက်ထက် မင်းဘူး ဦးဩဘာသ စီရင်ခဲ့သည်။ ဘူရိဒတ် ဇာတ်တော်ကြီးကို မင်းဘူးမြို့ ၊ အနောက်လေသာကျောင်းတိုက် ဆရာတော်၏ တပည့် နန္ဒမေဍာ စီရင်ခဲ့သည်။ သုဝဏ္ဏသာမ ဇာတ်ကို မင်းဘူးမြို့ ရန်ကုန်တိုက် ၊ ရန်ကုန်ဆရာတော်၏တပည့် ဦးပညာတိက္ခ စီရင်ခဲ့သည်။

အနှစ်ချုပ်

ဗုဒ္ဓဘာသာဝေါဟာရ ငါးရာ့ငါးဆယ်ဟုဆိုလျှင် ဘုရားဟောဇာတ်နိပါတ်တော်ဟု ဗုဒ္ဓဘာသာ အဝါးဝသူတိုင်း နားလည်ကြကုန်၏။ ဤ၌ နိပါတ် အမည်နှင့် ဇာတ်ဝတ္ထု သင်္ချာမျှကိုသာ အကျဉ်းရုံး၍ ဖြေသွားမည်။ [1]

ဧကကနိပါတ် - အပဏ္ဏကဇာတ်အစ သဉ္စီဝဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၅၀-ပါဝင်သည်။

ဒုကနိပါတ် - ရာဇောဝါဒဇာတ်အစ ကပိလဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀ဝ-ပါဝင်သည်။

၃ တိကနိပါတ်-သင်္ကပ္ပဇာတ်အစ ဗကဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၅၀-ပါဝင်သည်။

၄ စတုကနိပါတ်- စူဠကလိင်္ဂဇာတ်အစဒေဝတာပဥှဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၅၀-ပါဝင်သည်။

၅ ပဉ္စကနိပါတ်- မဏိကုဏ္ဏလဇာတ်အစကပေါတဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၂၅-ပါဝင်သည်။

၆ ဆက္ကနိပါတ်- အဝါရိယဇာတ်အစပါရာဝတဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၂၀-ပါဝင်သည်။

၇ သတ္တကနိပါတ်- ကုက္ကုရဇာတ်အစပရ န္တဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၂၀-ပါဝင်သည်။

၈ အဋ္ဌကနိပါတ်- ကစ္စာနိဇာတ်အစဒီပိဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀-ပါဝင်သည်။

၉ နဝကနိပါတ်- ဂိဇ္ဈဇာတ်အစတိတ္တိရဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၂-ပါဝင်သည်။

၁၀ ဒသကနိပါတ်-စတုဒွါရဇာတ်အစဃဋပဏ္ဍိတဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၆-ပါဝင်သည်။

၁၁ ဧကာဒသကနိပါတ်- မာတုပေါသကဇာတ်အစ သုပ္ပါဒကဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၉-ပါဝင်သည်။

၁၂ ဒွါဒသကနိပါတ်- စူဠကုဏာလဇာတ်အစ မိတ္တာမိတ္တဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀-ပါဝင်သည်။

၁၃ တေရသကနိပါတ်- အမ္ဗဇာတ်အစ သရဘဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀-ပါဝင်သည်။

၁၄ ပကိဏ္ဏကနိပါတ်- ကေဒါရဇာတ်အစ ဘိက္ခာပရံပရဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၃-ပါဝင်သည်။

၁၅ ဝီသတိနိပါတ်- မာတင်္ဂဇာတ်အစ အယောဃရဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၄-ပါဝင်သည်။

၁၆ တိ ံသနိပါတ်- ကိ ံဆန္ဒဇာတ်အစ ဘဏ္ဍုတိန္ဒုကဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀-ပါဝင်သည်။

၁၇ စတ္တာလီသနိပါတ်- တေသကုဏဇာတ်အစ စူဠသုတသောမဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း၅-ပါဝင်သည်။

၁၈ ပဏ္ဏာသနိပါတ်- နိလိနိကာဇာတ်အစ မဟာဗောဓိပရိဗ္ဗာဇက ဇာတ်အဆုံးဇာတ်ဝတ္ထုပေါင်း ၃-ပါဝင်သည်။

၁၉ သဋ္ဌိနိပါတ်- သောဏဇာတ်အစ သံကိစ္စဇာတ်အဆုံး ဇာတ်ဝတ္ထု ၂-ခုပါဝင်သည်။

၂၀ သတ္တတိနိပါတ်- ကုသဇာတ်အစ သောဏနန္ဒဇာတ်အဆုံးဇာတ်ဝတ္ထု ၂-ခုပါဝင်သည်။

၂၁- အသီတိနိပါတ်- စူဠဟံသဇာတ်အစ မဟာသုတေသောမဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၅-ပါဝင်သည်။

၂၂- မဟာနိပါတ် -တေမိဇာတ်အစ ဝေဿန္တရာဇာတ်အဆုံး ဇာတ်ဝတ္ထု ၁၀-ပါဝင်သည်။

မှတ်ချက်။ ။ ဤ၌ ဇာတ်ဝတ္ထု အရေအတွက်အားဖြင့်၅၄၇-ဇာတ်သာရှိသည်ကို အဓိကသင်္ချာခေါ် သင်္ချာပိုအားဖြင့် ၅၅၀ (ငါးရာ့ငါးဆယ်) ဟုခေါ်သည်။

ဇာတ်တော်တို့၏ ကာလအပိုင်းအခြား

ဤ(၅၄၇)ဇာတ်အနက် လေးဇာတ်ကို ကမ္ဘာပိုင်းခြား၍ ဆိုသည်။

ဧကနိပါတ် (ဇာတ်နံပါတ်-၃၊ သေရိဝ ဝါဏိဇဇာတ်) - ၅ ကမ္ဘာထက်

ဧကနိပါတ် (ဇာတ်နံပါတ်-၉၄ ၊ လောမဟံသဇာတ်) -၉၁ ကမ္ဘာထက်

ဒုကနိပါတ် (ဇာတ်နံပါတ်-၁၆၊ အရကဇာတ်) - ၇ ကမ္ဘာထက်

သတ္တနိပါတ် (ဇာတ်နံပါတ်-၁၀၊ ဗက(ဗြဟ္မာ)ဇာတ်) - တစ်ခုသောကမ္ဘာ

ကျန်သော (၅၄၃)ဇာတ်သည် ကမ္ဘာကို ခွဲခြား၍ မဆို၊ လွန်လေပြီးသောအခါ.....ဟုသာ ဆိုသည်။ ဤကမ္ဘာအတွင်း၌ ဖြစ်သည်ချည်း ယူရမည်ဟု အချို့ဆရာတို့ ဆိုကုန်သည်။

[2]



ရည်ညွှန်းကိုးကား

  1. သုတေသန သရုပ်ပြ အဘိဓာန်၊ ၂၀ဝ၇။
  2. ဦးဖိုးကျား“ငါးရာ့ငါးဆယ် ကောက်နုတ်ချက်များ”
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.