ငွေတာရီ

ငွေတာရီ (၁၆ ဖေဖော်ဝါရီ ၁၉၂၅–၁၉ မတ် ၁၉၅၉) သည် မြန်မာ အမျိုးသမီး ကဗျာဆရာ၊ စာရေးဆရာမ တစ်ဦး ဖြစ်သည်။ ငွေတာရီကို အဖဗြိတိသျှဘားမား ဦးညွန့်‎နှင့် အမိဒေါ်ချစ်တင်တို့မှ ၁၆ ဖေဖော်ဝါရီ ၁၉၂၅ ခုနှစ်တွင် ရန်ကုန်မြို့၌ ဖွားမြင်သည်။ မွေးချင်း မောင်နှမ ငါးဦးအနက် တတိယမြောက် ဖြစ်သည်။ အမည်ရင်းမှာ ဒေါ်ခင်ရီ ဖြစ်သည်။

ဤဆောင်းပါးသည် ကဗျာဆရာမ အကြောင်း ဖြစ်သည်။ မဂ္ဂဇင်း အတွက် ငွေတာရီ မဂ္ဂဇင်း ကို ကြည့်ပါ။
ကဗျာဆရာမ
ငွေတာရီ
စာရေးဆရာမ ငွေတာရီ (၁၉၂၅ - ၁၉၅၈)နှင့် စာရေးဆရာ မင်းယုဝေ (၁၉၂၈)
မွေးဖွားဒေါ်ခင်ရီ
(၁၆-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး ""-၁၉၂၅)ဖေဖော်ဝါရီ ၁၆၊ ၁၉၂၅
ရန်ကုန်မြို့
ကွယ်လွန်‌ မတ် ၁၉၊ ၁၉၅၉(၁၉၅၉-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး ""-၁၉) (အသက် ၃၄)
ထာဝရ နားခိုရာနေရာတာမွေ
မိခင်ကျောင်းမြို့မမိန်းကလေးအထက်တန်းကျောင်း၊ ရန်ကုန်
အလုပ်အကိုင်ကဗျာဆရာ
မိဘ(များ)ဗြိတိသျှဘားမား ဦးညွန့်‎၊ ဒေါ်ချစ်တင်
ဆွေမျိုးသားချင်း‌လူမှုရေးစီမံကိန်း ကော်မရှင် အတွင်းရေးမှူး ဝဏ္ဏကျော်ထင် ဦးဘခင် ဒေါ်သက်မေ၊ ဗြိတိသျှဘားမားရုပ်ရှင် သမာဓိမြို့ဝန် ဝဏ္ဏကျော်ထင် ဦးချန်ထွန်း၊ ဒေါ်ရင်လှတို့၏ ညီမ၊ ဗြိတိသျှဘားမား ဦးနေဝင်းနှင့် ဟံသာဝတီသတင်းစာ ဦးဇော်ဝင်းတို့၏ အစ်မ
ရရှိသည့်ဆုများစာပေဗိမာန်စာပေဆု ၂ ဆုရ

ငယ်စဉ်က ရန်ကုန်မြို့၊ မြို့မမိန်းကလေးအထက်တန်းကျောင်း၌ ပညာဆည်းပူးသည်။ ၁၂ နှစ်သား ခုနစ်တန်းကျောင်းသူဘဝ၌ ဆရာဇော်ဂျီနှင့် မင်းသုဝဏ်တို့၏ ကဗျာများကို လေ့ကျက်ကာ ကဗျာ စပ်သည်။ ၁၄ နှစ်အရွယ် ၁၉၃၉ တွင် ကျန်းမာရေးအခြေအနေကြောင့် ကျောင်းထွက်ရသည်။ ထို့နောက် ရှေးဟောင်းမြန်မာစာပေများကို မောင်သုတ (ဗိုလ်မှူးဘသောင်း)ထံနှင့်၊ အင်္ဂလိပ်စာပေကို မစ္စက်မန်ရိုးထံ သင်ယူသည်။

စာပေလက်ရာ

ကဗျာကို အသက် ၁၅ နှစ် အရွယ်မှ စတင် ရေးသားသည်။ အသက် ၁၈ နှစ်၊ ၁၉၄၃ တွင် မိမိတို့နေထိုင်ရာ တာမွေရပ်ကွက်မှ လူငယ်များ ထုတ်ဝေသည့် တက်သစ် လက်ရေးစာစောင်၌ စတင်ရေးသားသည်။ ထို့နောက် စာနယ်ဇင်းများသို့ ကဗျာ ရေးပို့ကာ စာပေလောကသို့ ဝင်ရောက်သည်။ ထိုနှစ်တွင်ပင် မိခင်ကွယ်လွန်သည်။ ငွေတာရီသည် ဒီးဒုတ်ဦးဘချို၏ သမီး ပါလီမန်အမတ် မခင်ပု (ကလောင်အမည် ငွေဝတ်ရည်)နှင့်လည်း ခင်မင်ရာ သူငယ်ချင်း တစ်ဦးနှင့် တစ်ဦး ဒီးဒုတ်ဂျာနယ်နှင့် ယုဝတီဂျာနယ်များတွင် အပြန်အလှန် ကဗျာများ ရေးဖွဲ့သည်။ ငွေဝတ်ရည်သည် ငွေတာရီထက် စော၍ ကွယ်လွန်ရာ ၎င်းသည် သူငယ်ချင်းဖြစ်သူကို တမ်းတလျက် ကဗျာရေးဖွဲ့သည်။

ငွေတာရီသည် ၁၉၄၄ တွင် မင်ဆေးရည်ပဲ မှုန်သလားနှင့် ကဗျာရှင်ဝတ္ထုတို၊ ၁၉၄၇ တွင် မာလာမြိုင်ကဗျာများ စာအုပ်များကို ရေးထုတ်သည်။ ၁၉၄၈ တွင် အိန္ဒိယနိုင်ငံသို့ သွားလေ့လာသည်။

၁၉၅၂ ခုနှစ် (အသက် ၂၇) တွင် အင်းစိန်ခရိုင်ပညာဝန် ဦးဝင်းမောင်(ခ)ကဗျာဆရာ မင်းယုဝေနှင့် လက်ထပ်ခဲ့သည်။ သမီး မခင်ရီဝင်းကို ဖွားမြင်သည်။ မခင်ရီဝင်း (မဟာဝိဇ္ဇာ) သည် ၂ဝဝ၄ ခုနှစ်တွင် ထားဝယ် တက္ကသိုလ်၊ မြန်မာစာဌာန၌ ကထိကအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ငွေတာရီသည် ၁၉၅၄ ခုတွင် မင်းယုဝေနှင့် တွဲဖက်ကာ ရတနာကဗျာများ စာအုပ်ကို ထုတ်သည်။ ထိုနှစ်ပင် ခင်ပွန်းမင်းယုဝေနှင့် တွဲဖက်ဘာသာပြန်သည့် အီစွတ်ပုံပြင်များ စာအုပ်အတွက် စာပေဗိမာန်ဘာသာပြန်ဆုကို ရသည်။ ၁၉၅၆ တွင် ခင်ပွန်းသည်နှင့်အတူ လန်ဒန်တက္ကသိုလ်၊ အရှေ့တိုင်းဘာသာရပ် လေ့လာရေးကျောင်းသို့ လိုက်ပါကာ ဟော်လန်၊ ဘယ်လ်ဂျီယန်၊ ပြင်သစ်၊ အီတလီ၊ ဆွစ်ဇာလန်၊ အီဂျစ်၊ သီဟိုဠ်(သီရိလင်္ကာ)များသို့ လှည့်လည်သည်။ နိုင်ငံရပ်ခြားဒေသများသို့ သွားရောက်လေ့လာသော်လည်း တိုင်းတပါးကို အထင်ကြီးသူ မဟုတ်ချေ။ ကဗျာတပုဒ်တွင် "သူ့ရွာသူပြည်၊ သာမောသည်ကို၊ နှုတ်ရည်စကား၊ ဘယ်သို့ကြားလည်း၊ ငါကား မတုန်လှုပ်ပြီးတကား"ဟု ရေးဖွဲ့ထား၍ မြတ်နိုးဖွယ် ကောင်းသည်။[1]

ငွေတာရီသည် ကဗျာစာအုပ် ၄ အုပ် ရေးသား ထုတ်ဝေခဲ့သည်။ ငွေတာရီ၏ ကဗျာ ၁ဝဝ စာအုပ်သည် ၁၉၆ဝ ခုနှစ်၊ စာပေဗိမာန်ကဗျာဆု (ယခု အမျိုးသား စာပေဆု) ရခဲ့သည်။ မင်းယုဝေနှင့် ငွေတာရီတို့ ပူးတွဲ ဘာသာပြန်ဆိုသော ကမ္ဘာကျော် အီစွတ်ပုံပြင်များ စာအုပ်သည် ၁၉၅၄ ခုနှစ်၊ စာပေဗိမာန် ဘာသာပြန်ဆု (ယခု အမျိုးသားစာပေဆု) ရခဲ့သည်။ ငွေတာရီ၏ ကဗျာများသည် အလယ်တန်း၊ အထက်တန်း ကျောင်းသုံး စာအုပ်များတွင် ယနေ့ထိ ပြဋ္ဌာန်းခြင်း ခံရသည်။

ဘဝနိဂုံး

ကွယ်လွန်သည် အထိ ရေးသားခဲ့သော ကဗျာပုဒ်ရေပေါင်းမှာ ၈ဝဝ ကျော်ခန့် ရှိသည်။ ဝတ္ထုရှည်နှင့် ဝတ္ထုတိုများလည်း ရေးသားခဲ့သည်။ ကမ္ဘာ့ ပုံပြင်များကိုလည်း ဘာသာပြန်ဆိုခဲ့သည်။ ၁၉ မတ် ၁၉၅၈-ခုနှစ်(အသက် ၃၃)၊ ဗုဒ္ဓဟူးနေ့၊ ညနေ ၆ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်သည်။[2] အသက်ငယ်ရွယ်စဉ် ကွယ်လွန်၍ စာပေလောက တစ်ခုလုံးက နှမြောတသ ဖြစ်သည်။ ‌ကွယ်လွန်ပြီးမှ ၁၉၆၀ ပြည့်နှစ်တွင် လက်ရွေးစင်ကဗျာတစ်ရာကို မင်းယုဝေက စီစဉ် ထုတ်ဝေရာ ၎င်းစာအုပ်သည် စာပေဗိမာန်ဆု ရသည်။ ၁၉၆၄ တွင်လည်း ငွေတာရီ၏ စာပေလက်ရာ ဖြစ်သော ဆုနှင့် အခြားဝတ္ထုတိုများ စာအုပ်ကို ထုတ်ဝေသည်။

ငွေတာရီ၏ ရုပ်ကလာပ်ကို ရန်ကုန်မြို့၊ တာမွေသုသာန်ရှိ စာဆိုဗိမာန်၌ မြှုပ်နှံသည်။ မင်းယုဝေက ဇနီးဖြစ်သူ ငွေတာရီ၏ ဂူပေါ်တွင်ငွေတာရီ ဖွဲ့ဆိုခဲ့သည့် "ဘဝကွေ့ဝယ်" ကဗျာထဲမှ အောက်ပါအပိုဒ်ကို ထုတ်နုတ်ရေးထိုးထားသည်။ [3]

ဘဝကွေ့ဝယ် ပျော်မွေ့ကြည်သာ၊ သွားလေရာက နှစ်ဖြာလွမ်းခွဲ၊ ရောက်မလွဲတည့်။ ဘဝတိုတို လမ်းတစ်ခို၌ လျှပ်လိုခဏ၊ တွေ့ကြရခိုက် မေတ္တာ့မဏ္ဍိုင်၊ တူစိုက်ပြိုင်စို့။ တတ်နိုင်သမျှ၊ ချစ်ပါကြစို့။ ဘဝလမ်းတာ၊ တိုတောင်းစွာကို သာယာသမှု၊ ငါတို့ပြုစို့ ညစ်ကျူမတင်၊ စိတ်ဖြူစင်ဖြင့် များရှင်လူသူ၊ ငါတို့ကူစို့။

ငွေတာရီ

ကိုးကား

  1. တင်နိုင်တိုး (ဖေဖော်ဝါရီလ၊ ၂၀၁၃)။ ပါလီမန်ခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ။ မဇ္ဈိမစာပေ။ p. ၅၂။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  2. စာပေမောင်နှံတို့ရဲ့ ရွှေလက်ရာများ (ပထမ အကြိမ် ed.)။ ဇွန်ပွင့် စာအုပ်တိုက်။ ဇန်နဝါရီ ၂၀၀၅။
  3. ငွေတာရီကဗျာပေါင်းချုပ်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.