မင်းသုဝဏ်

မင်းသုဝဏ် (၁၀ ဖေဖော်ဝါရီ ၁၉၀၉ – ၁၅ ဩဂုတ် ၂၀၀၄) သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ ကဗျာဆရာတစ်ဦး ဖြစ်ပြီး ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သူများအနက် တစ်ဦး ဖြစ်သည့်အပြင်၊ မြန်မာနိုင်ငံ၏ နဝမမြောက် သမ္မတ ဦးထင်ကျော်၏ ဖခင်လည်း ဖြစ်သည်။

ဝဏ္ဏကျော်ထင်၊ သီရိပျံချီ

မင်းသုဝဏ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမောင်ဝန်
(1909-02-10)၁၀ ဖေဖော်ဝါရီ၊ ၁၉၀၉
ကွမ်းခြံကုန်းဟင်္သာတခရိုင်ဟံသာဝတီတိုင်းဗြိတိသျှဘားမား
ကွယ်လွန်၁၅ ဩဂုတ်၊ ၂၀၀၄(2004-08-15) (အသက် ၉၅)
ကမာရွတ်မြို့နယ်ရန်ကုန်မြို့မြန်မာနိုင်ငံ
ကြင်ဖော်(များ)ဒေါ်ကြည်ကြည်
သားသမီးဦးထင်ကျော်
မိဘဦးလွန်းပင်၊ ဒေါ်မိ
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အောက်စဖို့တက္ကသိုလ်
လန်ဒန်တက္ကသိုလ်
အလုပ်အကိုင်စာရေးဆရာ၊ ကဗျာဆရာ၊ မြန်မာစာ ပါမောက္ခ
ကျော်ကြားမှုခေတ်စမ်းစာပေ
ဆုတံဆိပ်များဝဏ္ဏကျော်ထင်ဘွဲ့
သီရိပျံချီဘွဲ့
မင်းသုဝဏ်

ငယ်ဘဝ

မင်းသုဝဏ်ကို ဟံသာဝတီတိုင်း(ယခု ရန်ကုန်တိုင်း)၊ ဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့တွင် ကုန်သည်များဖြစ် ကြသော ဦးလွမ်းပင်နှင့်ဒေါ်မိတို့က ၁၉၀၉-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားသည်။ မွေးချင်း (၇) ယောက်တွင် ဒုတိယမြောက်ဖြစ် ပြီး မွန်-မြန်မာမျိုးရိုးဖြစ်သည်။ အမည်ရင်း ဦးဝန်ဖြစ်ပြီး ရက်ချုပ်အရ ငယ်မည်မှာ မောင်လှမောင် ဖြစ်သည်။ အရပ်ထဲတွင် မောင်လှမောင်အမည်ရှိသူများမှာ အများအားဖြင့် ဆိုးကြ၍ မောင်လှဝံ ဟု အမည်ပြောင်းသည်။ မန္တလေးပုဏ္ဏား ဆရာညွန့်က ဇာတာဖွဲ့ပေးသည်။ ဘုန်းကြီးကျောင်းတွင် ဆရာတော်က စိန်ဝံ ဟူ၍ လည်းကောင်း အရပ်ထဲမှ ဦးရွှေဒုံးဆိုသူက ခွေးဝံ၊ ဝက်ဝံ ဟူ၍လည်းကောင်း ချစ်စနိုးခေါ်ကြသည်။ မြို့အနီးတွင် ရွှေဘိုမှ ပြောင်းလာသူများနေထိုင်သည့် ရွှေဘိုတန်းရှိသည်။ ငယ်စဉ်က အစားကောင်း၊ အသားညိုပြီး ရွှေဘိုတန်းက မဲ⁠မဲဝဝ၊ ထောင်⁠ထောင်မောင်းမောင်း ငပန်ဆိုသူနှင့်တူသဖြင့် အချို့က ငပန် ဟူ၍လည်း ခေါ်ကြသည်။ နောင်တွင် မောင်ဝံဟုသာတွင်၍ မိမိစိတ်ကြိုက် ဝ, ကို န,ငယ် သတ်ပြီး မောင်ဝန် ဟု ပြင်သည်။ [1]

ပညာရေး

၁၉၁၆ ခုနှစ်ခန့် အသက် (၇) နှစ်ရွယ်၌ ကွမ်းခြံကုန်းမြို့ ကြားကျောင်းခေါ် ရွှေကျင်ကျောင်းတိုက် (ဆရာဦးဖိုးလှိုင်ကျောင်း)တွင် မြန်မာစာစတင် သင်ယူသည်။ ကျောင်းအုပ်မှာ ဆရာတော်ဦးဣန္ဒဝံသဖြစ်၍ ဆဋ္ဌမတန်းထိနေခဲ့သည်။ ၁၉၂၁ တွင် ကွမ်းခြံကုန်းအမျိုးသားကျောင်းဖွင့်၍ ထိုကျောင်းသို့ ပြောင်းတက်ပြီး အင်္ဂလိပ်နှင့် မြန်မာ ၂ ဘာသာသင်ယူခဲ့သည်။ ကဗျာရေးနည်းကို ထိုကျောင်းမှ ဆရာဦးအာကာသန်းထံမှသင်ယူသည်။ ဆဌမတန်းထိနေခဲ့သည်။ ၁၉၂၃ ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်မြို့ဆရာမှတ်ကြီးကျောင်း (ခေါ်) စိန်ဂျွန်းကျောင်းကိုဝင်၍ ပဉ္စမတန်းမှ စတက်သည်။

၁၉၂၆ မတ်လတွင် အင်္ဂလိပ်-မြန်မာ အလယ်တန်း စကောလားရှစ်စာမေးပွဲ (စတုတ္ထရ၍) အောင်သည်။ အဌမတန်းမှစ၍ ဆရာမှတ်ကြီးအိပ်ဆောင်တွင် ကျောင်းသားမှူးလုပ်ရသည်။ ဗုဒ္ဓဘာသာမိန်းကလေးကျောင်း(ညကျောင်း)၌ အပတ်စဉ် အလှည့်ကျစာသင်ပေးရသည်။ ဤနှစ်မှာပင် ဒဂုန်မဂ္ဂဇင်း၌ပထမဆုံးကဗျာဖော်ပြခံရသည်။

၁၉၂၉ မတ်လတွင် ၁၀ တန်းကို ပထဝီဝင်ဂုဏ်ထူးဖြင့်အောင်သည်။ ဇွန်လတွင် ယူနီဗာစတီကောလိပ်သို့ရောက်ပြီး ပဲခူးဆောင်တွင်နေသည်။ ၁၉၃၀ ခုနှစ်၌ ဥပစာတန်းတွင် အထူးကျောင်းသားအဖြစ် အရွေးခံရ၍ တစ်နှစ်အတွင်း မတ်လမှာကျင်းပသော ဥပစာအထက်တန်းစာမေးပွဲဖြေဆိုရာ အောင်မြင်သည်။ မိုးရာသီထုတ် ကောလိပ်မဂ္ဂဇင်း (အမှတ်-၁)တွင် ကဗျာများစတင် ထည့်သွင်းခြင်းခံရသည်။

၁၉၃၁ မတ်လတွင် ပထမနှစ် (ဝိဇ္ဇာ) မြန်မာစာဂုဏ်ထူး အစမ်းစာမေးပွဲအောင်သည်။ ထိုနှစ်တွင် မိဘများစီးပွားပျက် ၍ ကျောင်းထွက်ပြီး ကွမ်းခြံကုန်းမြို့အမျိုးသားကျောင်းတွင် ကျောင်းအုပ်ဝင်လုပ်သည်။ ကလေးကဗျာများ စတင်ရေးသားခဲ့သည်။ တက္ကသိုလ်ဖွင့်သော် ပါမောက္ခ ဦးဖေမောင်တင် ခေါ်၍ အလုပ်မှထွက် တက္ကသိုလ်ပြန်တက်ခဲ့သည်။ ၁၉၃၃ မတ်လတွင် ဝိဇ္ဇာဂုဏ်ထူးတန်းကို (မြန်မာစာ-ပထမအဆင့်ဖြင့်) အောင်မြင်ခဲ့ပြီး ဇွန်လမှ ၁၉၃၅ မေထိ မြန်မာစာဌာန၊ အချိန်ပိုင်းနည်းပြလုပ်ခဲ့သည်။ ပဲခူးဆောင်တွင် ကျောင်းဆောင်နည်းပြလုပ်ပြီး မဟာဝိဇ္ဇာတန်းကို အချိန်ပိုင်း တက်ရောက်ခဲ့သည်။

၁၉၃၅ မတ်လ-မဟာဝိဇ္ဇာ-မြန်မာစာဂုဏ်ထူး စာမေးပွဲကို (ဒုတိယအဆင့်)ဖြင့် အောင်မြင်ခဲ့ပြီး အချိန်ပြည့်နည်းပြခန့်အပ်ခြင်း ခံခဲ့ရသည်။ ပင်းယဆောင်ပြောင်းရွေ့ပြီးနောက် ကျောင်းဆောင်နည်းပြဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ တက္ကသိုလ်ကျောင်းတိုက်၊ မြန်မာစာအသင်း အတွင်းရေးမှူး၊ တက္ကသိုလ်ဗုဒ္ဓဘာသာအသင်း အတွင်းရေးမှူး၊ ကောလိပ်မဂ္ဂဇင်းမြန်မာပိုင်း အယ်ဒီတာ၊ ဂန္ထလောက မဂ္ဂဇင်း အယ်ဒီတာများ အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။

၁၉၃၆ ခုနှစ်တွင် ပညာသင်ဆုရ၍ အင်္ဂလန်နိုင်ငံ၊ အောက်စဖို့တက္ကသိုလ်သို့ သွားရောက်ပညာသင်ခဲ့သည်။ စိန့်ကက်သရင်း ကျောင်းတွင် သက္ကဋ၊ ပါဠိ၊ တိဗက်၊ အထွေထွေဘာသာဗေဒပညာရပ်များကို သင်ယူခဲ့သည်။ ၁၉၃၈ အောက်တိုဘာတွင် လန်ဒန်တက္ကသိုလ်၊ အရှေ့ တိုင်းနှင့် အာဖရိကဘာသာရပ်များလေ့လာရေးကျောင်း (School of Oriental and African studies) သို့ ပြောင်းရွေ့ပညာသင်ကြားခဲ့သည်။

၁၉၃၉ အောက်တိုဘာတွင် အောက်စဖို့တက္ကသိုလ်မှ ဘီလစ် (B.Litt) ခေါ် စာပေဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး စက်တင်ဘာတွင် မြန်မာနိုင်ငံပြန်လည်ရောက်ရှိခဲ့သည်။ အောက်တိုဘာ ၁ တွင် လက်ထောက်ကထိကအဖြစ် လုပ်ကိုင်ခဲ့သည်။ မြန်မာနိုင်ငံ ပညာပြန့်ပွားရေးကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။

၁၉၄၀ တွင် မောင်ခွေးဖို့ ကလေးကဗျာများထွက်ရှိ၍ ၁၉၄၁ ၌သပြေညိုနှင့်အခြားကဗျာများ ထွက်ရှိသည်။

၁၉၄၂ - ဒုတိယကမ္ဘာစစ်အတွင်း ပညာရေးဌာန၊ ဘာသာပြန်ဌာနခွဲတွင်အမှုထမ်းသည်။ ပညာ့တံခွန်အသင်းနှင့် အဘိဓာန်လုပ်ငန်းကို ဦးဆောင်သည်။ (ကွမ်းခြံကုန်းမြို့တွင် ဇန်နဝါရီ ၁၀ ရက်တွင်စတင်ပြုစုသည်။)

၁၉၄၅ ဧပြီ ၇ ရက်တွင် စစ်ဘေးအန္တရာယ်ကြောင့် အဘိဓာန်လုပ်ငန်းကို ခေတ္တရပ်ဆိုင်းထားရသည်။ ဗြိတိသျှများပြန်ရောက်ပြီးနောက် အုပ်ချုပ်ရေးကိုင်ရသည်။ ကွမ်းခြံကုန်းမြောက်ပိုင်းတွင် မြို့အုပ်လုပ်ခိုင်း၍ ၂ လမျှလုပ်ရသည်။ ဩဂုတ် ၆ တွင် ရန်ကုန် မဂိုလမ်း၌ အရေးပေါ်တက္ကသိုလ်သင်တန်းများဖွင့်၍ မြန်မာစာလက်ထောက်ကထိကအဖြစ် အလုပ်ဝင်သည်။

၁၉၄၆ ဇွန် ၁ ရက်တွင် ကထိကအဖြစ် တိုးမြင့်ခန့်ထားခြင်းခံရ။

၁၉၄၇ - အိန္ဒိယနိုင်ငံဒေလီမြို့သစ်၌ကျင်းပသော အာရှတိုက် ဆက်ဆံရေးညီလာခံသို့၊ ဝတ်လုံတော်ရ ဦးကျော်မြင့်ခေါင်းဆောင်သောအဖွဲ့နှင့် တက်ရောက်။ ထိုနှစ် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းဖြစ်ပေါ်လာသော အခါ ဝေါဟာရ ကော်မတီတွင် ဝင်လုပ်ရ။

၁၉၄၈ - တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန၊ ဌာနမှူး။ အဘိဓာန်လုပ်ငန်းပြန်လုပ်။ အခြေခံ ဥပဒေမြန်မာစာမူကို လေ့လာအကြံပေးရ။ မြန်မာနိုင်ငံသုတေသနအသင်း အမှုဆောင်အဖွဲ့တွင်ဝင်ရောက်။ သုတေသန အသင်းဂျာနယ်တွင် စာတည်းအဖြစ်ဆောင်ရွက်။ ဇော်ဂျီနှင့်တွဲ၍ စာပေလောက စာအုပ် ထွက်ရှိ။

၁၉၅၀ - ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြင့်ခံရ။

၁၉၅၂ - အမေရိကန်ပြည်နယူးဟေဗင်မြို့၊ ယေးလ်တက္ကသိုလ်တွင် ၆ လခန့် ဘာသာဗေဒ ပညာဆည်းပူး။

၁၉၅၃ ဇွန် ၁ ရက်တွင် ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့်ထုတ်ဝေရေးဌာန စာတည်းမှူး။

၁၉၅၅ - သိပ္ပံမောင်ဝ၊ ဇော်ဂျီတို့နှင့်တွဲ၍ သုံးပွင့်ဆိုင် ခေတ်စမ်းစာပေ ထွက်ရှိ။

၁၉၅၇အောက်တိုဘာတွင် မြန်မာနိုင်ငံယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုဗီယက် ရုရှားပိုလန်ချက်ကိုစလိုဗက်ကီးယားအရှေ့ဂျာမနီနိုင်ငံများသို့ လှည့်လည်ခဲ့။- တိပိဋကပါဠိမြန်မာ အဘိဓာန်လုပ်ငန်း၊ မွန်မြန်မာအဘိဓာန်လုပ်ငန်းများတွင် ဝင်ရောက်ကူညီ။ စာပေဗိမာန်စွယ်စုံကျမ်းအဖွဲ့၊ စာပေဆု ပေးရေးအဖွဲ့၊ သုခမိန်အဖွဲ့၊ ပန်တျာမူမှန်ပြုလုပ်ရေးကော်မတီ၊ ပိဋကတ်တော်မြန်မာပြန်ကော်မီတီ၊ ဥပဒေဘာသာ ပြန် ကော်မတီတို့တွင် ဝင်ရောက်ဆောင်ရွက်။

၁၉၆၁မတ်လ ၁ ရက်မှ ၁၉၆၂ မေ ၁၂ ထိ၊ တက္ကသိုလ် မြန်မာစာဌာနတွင် ပါမောက္ခအဖြစ်အမှုထမ်း။ အောက်တိုဘာတွင် မြန်မာ့ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့သွားရောက်။ တက္ကသိုလ်စာအုပ်ထုတ်ဝေဖြန့်ချိရေးကော်မတီဥက္ကဋ္ဌ။ မြန်မာနိုင်ငံ သမိုင်းကော်မရှင်အဖွဲ့ဝင်အဖြစ်ဆောင်ရွက်။

၁၉၆၂မေ ၁၃ ရက်တွင် ပါမောက္ခရာထူးစွန့်၊ ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာနတွင် ပြန်လည်အမှုထမ်း။ သီရိပျံချီဘွဲ့ချီးမြင့်ခံရ။

၁၉၆၃ - မင်းယုဝေနှင့်တွဲ၍ ကဗျာ့ပရိယာယ် စာအုပ်ထွက်။

၁၉၆၄ - ၁၉၅၂ မှပြုစုခဲ့သည့် မြန်မာအဘိဓာန် ၅ ပိုင်းထွက်ရှိ။

၁၉၆၅ - ပန်းနှင့်ပင်စည်မြန်မာစာ မြန်မာမှု့ခရီး သည် (ဇော်ဂျီနှင့်တွဲလျက်) စာအုပ်များထွက်။

၁၉၆၆ - မြန်မာနိုင်ငံ စာမတတ်သူပပျောက်ရေးအတွက် သက်ကြီးစာသင်နည်း (၀၊ ထ၊ က၊ လ၊ သ-နည်း)ကို တီထွင်။

၁၉၆၈ - တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန၊ စာတည်းမှူးအဖြစ်မှ အငြိမ်းစားယူ၍ ပညာရေး ဌာန အထူးအရာရှိအဖြစ် ဆက်လက်ဆောင်ရွက်။ ပျဉ်းမငုတ်တို စာအုပ်ထွက်။

၁၉၇၀ - မြန်မာနိုင်ငံသုတေသနအသင်း (နှစ်-၆၀ ပြည့် နှစ်) တွင် အသင်း၏ဥက္ကဋ္ဌအဖြစ်အရွေးခံရ။ ရေချမ်းစင် စာအုပ်ထွက်ရှိ။

၁၉၇၁ မေ ၃၁ ရက်တွင် ပညာရေးအရာရှိအဖြစ်မှ အနားယူ။

၁၉၇၄ - အင်းယားကန်သို့အိုကုတို့ ကဗျာစာအုပ် ထွက်ရှိသည်။

၁၉၇၅ မှ ၁၉၇၉ ထိ ဂျပန်နိုင်ငံအိုဆာကာနိုင်ငံခြားဘာသာသင်တက္ကသိုလ်၌ ဧည့်သည်ပါမောက္ခအဖြစ် သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၀ ဖေဖော်ဝါရီလ - ဟိုက္ကူကဗျာ မြည်းစရာ စာအုပ် ထွက်ရှိသည်။

၁၉၈၄ - လီယာမင်းကြီး စာအုပ်ထွက် (ယင်းနှစ်အတွက် ဘာသာပြန်ရသဆုရ)

၂၀⁠၀၂ - ကဗျာပေါင်းချုပ်မင်းသုဝဏ်ဝတ္ထုတိုများစာအုပ်များထွက်ရှိ။ မင်းသုဝဏ်သည် မြန်မာနိုင်ငံ သုတေသနအသင်းအတွက် ဂါမဏိစန္ဒပျို့၊ တောင်ငူဆိုရတုအဖြေ၊ ဥမ္မာဒန္တီပျို့၊ သျှင်မဟာရဋ္ဌသာရ၏ ပကိဏ္ဏက စာစု(ဦးအုန်းရွှေနှင့်တွဲဖက်လျက်) တို့ကို တည်းဖြတ်ပေးခဲ့သည်။

ကလောင်ခွဲများ

  • (၁) မေဃဝန်-ကွမ်းခြံကုန်းမြို့
  • (၂) စိန်ဂျွန်းပျော်-ကွမ်းခြံကုန်းမြို့
  • (၃) ကွမ်းခြံကုန်း တောင်စုအစွန်က မောင်သုဝဏ်
  • (၄) ကွမ်းခြံကုန်း တောင်စုအလွန်က မောင်သုဝဏ်
  • (၅) ခင်သိင်္ဂီ (ဟံသာဝတီ)
  • (၆) စန်းသော်တာ
  • (၇) မောင်ဝန်
  • (၈) ကွမ်းခြံကုန်း-သုဝဏ်-၁၀ တန်း [1]

နိုင်ငံရေးနှင့် ဘဝနိဂုံး

၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ကမာရွတ်မြို့နယ်မှ အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သည်။ အနိုင်ရမဲ အရေအတွက် ၂၃,၃၄၅ (၇၆%) ဖြစ်သည်။ အခြေခံဥပဒေ ဖျက်သိမ်း သောကြောင့် အမတ်အဖြစ် တာဝန်ထမ်းဆောင်ခွင့် မရခဲ့ပါ။[2]

စစ်အစိုးရ၏ ဖိအားပေးမှုများကြောင့် ရွေးကောက်ပွဲ အနိုင်ရပြီး ရှစ်နှစ်အကြာမှာ ပါတီဝင်အဖြစ်မှ နုတ်ထွက်ခဲ့သည်။ ၂၀⁠၀၄-ခု၊ ဩဂုတ် ၁၅ ရက်၊ တနင်္ဂနွေနေ့နံနက် ၁၁:၃၀ နာရီတွင် ရန်ကုန်မြို့၊ ကမာရွတ် သပြေညိုနေအိမ်၌ ကွယ်လွန်သည်။

ထင်ရှားသောစာအုပ်အချို့

  1. မြန်မာစာ၊ မြန်မာမှု
  2. ပန်းနှင့်ပင်စည်
  3. ပျဉ်းမငုတ်တို
  4. ရေချမ်းစင်
  5. သဘာဝပြက္ခဒိန်
  6. အာကာတခွင် မြေပြင်တစ်ဝှမ်း
  7. စာပေလောက (+ဇော်ဂျီ)
  8. ခရီးသည် (+ဇော်ဂျီ)
  9. လီယာမင်းကြီး (ဘာသာပြန်)
  10. ဟိုက္ကူကဗျာမြည်းစရာ
  11. ငါးရာ့ငါးဆယ်ဇာတ်ပင်လယ်
  12. ကဗျာရေးချင်စာစပ်သင်
  13. မိုးပေါ်မှာကြယ်တစ်လုံး
  14. မောင်ခွေးဖို့ကဗျာများ
  15. အင်းလျားကန်သို့ အိုကူးတို့
  16. ကဗျာပေါင်းချုပ်
  17. ဓမ္မပဒ
  18. နှလုံးလှပုံပြင်များ
  19. တက္ကသိုလ်မြန်မာအဘိဓာန် (၅-ပိုင်း)
  20. မြန်မာသတ်ညွှန်းကျမ်း
  21. ဝတ္ထုတိုများ
  22. နှစ် လုံးပေါက် နက္ခတ်ကြည့်နည်း

ကိုးကား

  1. စာဆိုမင်းသုဝဏ်၏ စာပေနှင့် ဘဝဖြစ်စဉ်မှတ်တမ်း 1 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ ၊ ၂၀၁၄ တွင် ပြန်စစ်ပြီး။၈ ၂၀၁၄ တွင် ပြန်စစ်ပြီး။
  2. National League for Democracy Brief Biographies of Elected MPs 7 April 2012 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

www.minthuwun.com

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.