စတော့ဟုမ်းမြို့
စတော့ဟုမ်း (အင်္ဂလိပ်: Stockholm) မြို့သည် ဆွီဒင်နိုင်ငံ၏မြို့တော်ဖြစ်သည်။ စက်မှု လက်မှုလုပ်ငန်း၏ ဗဟိုအချက်အခြာ ဌာနလည်း ဖြစ်၏။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၁,၇၈၇ ယောက် ရှိသည်။ ဤမြို့ကို ၁၂၅၅ ခုနှစ်တွင် ဆွီဒင်လူမျိုး နိုင်ငံခေါင်းဆောင်ကြီး ဗျာလဗို မြို့သား ဗျာယာ ဆိုသူက စတင် တည်ထောင်ခဲ့လေသည်။ မြို့အနေအထားမှာ တော်လဆီအွန် ပင်လယ်အော်နှင့်မေလာရေအိုင်ကြီးတို့၏ကမ်းခြေနှင့် ကျွန်းငယ် ကလေးများပေါ်တွင် ကျယ်ပြန့်စွာ တည်ရှိနေသဖြင့် အလွန်လှပ လေရကား၊ စတော့ဟုမ်းမြို့ကို ကမ္ဘာ့မြောက်ပိုင်း၏ ဗင်းနစ်မြို့ ဟူ၍ပင် ခေါ်ကြသည်။ တစ်ကျွန်းမှ တစ်ကျွန်းသို့ သွားလာရေး အတွက်လည်း ခိုင်ခံ့သော တံတားကြီးများ ဆောက်လုပ်ထား ၏။ ကျွန်းများ၌ ကျယ်ပြန့်သော ကမ်းခြေများရှိသဖြင့် လူ အများသည် ထိုဒေသသို့ လာရောက်ကာ ရေကူးခြင်း၊ နေစာလှုံခြင်းများ ပြုလုပ်ကြသည်။ ဆောင်းရာသီ ရေခဲသောအခါ၌ လည်း စတော့ဟုမ်းမြို့ပတ်ဝန်းကျင်ရှိ ရေခဲပြင်များတွင် စကိတ် စီးခြင်း၊ စကီးစီးခြင်း ပြုလုပ်ကြသည်။
စတော့ဟုမ်းမြို့တွင် ကြီးကျယ်ခမ်းနားသော ကစားကွင်းကြီးများ၊ ဥယျာဉ်ကြီးများနှင့် အဆောက်အအုံကောင်းကြီးများ ရှိသဖြင့် ဆွီဒင်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများကို ဤမြို့၌ တွေ့မြင်နိုင်လေသည်။ ရှေးဟောင်းရာဇဝင် အဆောက်အအုံများဖြင့် ပြတိုက်ကြီးသဖွယ် ခမ်းနား လှသော စကန်ဆင် ဥယျာဉ်ကြီးမှာ ၁၆ဝဝ ပြည့်နှစ်မှစ၍ ယနေ့တိုင် မြို့သူမြို့သားများ၏ အပန်းဖြေရိပ်သာ ဖြစ်ပေသည်။ ၁၃ ရာစုနှစ်အတွင်းက ဆောက်လုပ်ခဲ့သော ရစ်ဒါဟုမ်း ဘုရားရှိခိုးကျောင်း၊ ၁၇၅၄ ခုနှစ်တွင် ပြီးစီးသော ဘုရင့်နန်းတော်၊ ပါမောက္ခအော့စဗတ် ဆောက်လုပ်၍ ၁၉၂၃ ခုနှစ်တွင် ဆောက် လုပ်သော ဘုရင့်ကပွဲရုံကြီးများမှာ စတော့ဟုမ်းမြို့ရှိ ထင်ရှား ကျော်စော၍ ပိသုကာလက်ရာမြောက်သော အဆောက်အအုံကြီး များ ဖြစ်ကြသည်။ ထိုပြင် စတော့ဟုမ်းတက္ကသိုလ်၊ ဆေးကျောင်း၊ စိုက်ပျိုးရေးကျောင်း၊ သစ်တောကျောင်း၊ အင်ဂျင်နီယာကျောင်း အစရှိသော အဆောက်အအုံများနှင့် ပြတိုက်အမျိုး မျိုးလည်း ရှိလေ၏။ စီးပွားရေး လုပ်ငန်းများအဖြစ် အင်ဂျင်စက်၊ တံတား၊ သင်္ဘောစသော သံထည်ပစ္စည်းများ၊ စက္ကူနှင့် အစားအသောက်ကုန်ပစ္စည်းများ ထုတ်လုပ်သဖြင့် ထိုလုပ်ငန်း ရပ်များဆိုင်ရာ စက်ရုံများကိုလည်း စတော့ဟုမ်းမြို့၌ပင် တွေ့ မြင်နိုင်၏။
ဆောင်းရာသီ၌ သင်္ဘောဆိပ်တွင် ရေခဲမနေစေရန် ရေခဲခွဲစက်များဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားသောကြောင့် ပင်လယ် သွားသင်္ဘောကြီးများမှာ စတော့ဟုမ်းဆိပ်ကမ်းသို့ ကောင်းစွာ ဝင်ထွက်သွားလာနိုင်ကြ၏။ စတော့ဟုမ်းမြို့သည် ဆွီဒင်နိုင်ငံ၏ အကြီးဆုံး သင်္ဘောဆိပ် ဖြစ်လေသည်။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)