စဖင့်ရုပ်များ

စဖင့်ရုပ်များကို ဂရိ၊ အီဂျစ် စသောနိုင်ငံများတွင် တွေ့ရ သည်။ ဂရိနိုင်ငံမှ စဖင့်မှာ အလွန်ဆန်းကြယ်သည်။ အများ အားဖြင့် ခြင်္သေ့ကိုယ်၌ သိမ်းငှက်၊ သို့မဟုတ်၊ လူ၊ သို့ မဟုတ် သိုးထီးတို့၏ ဦးခေါင်းတစ်ခုခုကို တပ်ဆင်ထား သော အရုပ်များဖြစ်သည်။ အချို့မှာ မိန်းမ၏အပေါ်ကိုယ် တစ်ပိုင်း၊ ခြင်္သေ့ကိုယ်၊ မြွေအမြီးနှင့် ငှက်၏တောင်ပံများကို စုပေါင်း တပ်ဆင်ထားသော အရုပ်များဖြစ်သည်။ သိမ်းငှက်၏ဦးခေါင်း တပ်ဆင်ထားသော ဂရိစဖင့်ရုပ်များကို ခရစ်မပေါ်မီ နှစ်ပေါင်း ၂၅ဝဝ ကပင် တွေ့ရသည်။အီဂျစ် စဖင့်ရုပ်များမှာ မြန်မာတို့၏ မနုဿီဟရုပ်များနှင့်ဆင်သည်။

နာမည်ကျော် ဂီဇာ စဖင့်ရုပ်


ယောက်ျား၏ဦးခေါင်းနှင့်ခြင်္သေ့ ကိုယ်လက်အင်္ဂါများကို ပေါင်းစပ်ထုလုပ်ထားသည်။ အများအားဖြင့် ယင်းစဖင့်ရုပ်များ၏ ဦးခေါင်း များမှာ ရှေးအီဂျစ် ဖဲရိုးဘုရင်များ၏ ဦးခေါင်းပုံတူများ ဖြစ်ကြ သည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးသော စဖင့်ရုပ်မှာ အီဂျစ်နိုင်ငံ ဂီးဇာမြို့ ပိရမစ် အဆောက်အအုံကြီးအနီးတွင်ရှိ၍ ကျောက်သား ဖြင့် ထုလုပ်ထားသည်။ ယင်းစဖင့်ရုပ်ကြီး၏ အလျားမှာ ၁၈၉ ပေရှိ၍ အမြင့် ၆၅ ပေရှိသည်။ သို့သော် ယင်းစဖင့် ရုပ်ကြီးကို ထုလုပ်သည့် ခုနှစ် သက္ကရာဇ်ကိုကား အသေအချာ မသိရပေ။ ခက်ဖရင်း ဘုရင် စိုးမိုးစဉ် ခရစ်မပေါ်မီ နှစ်ပေါင်း ၂၉ဝဝ က ပေါ်ပေါက်လာခဲ့ဖွယ်ရာ အကြောင်းရှိသည်ဟု ယူဆရသည်။ စဖင့်ရုပ်ကြီး၏ မျက်နှာမှာ ရှေးအီဂျစ် ဖဲရိုး ဘုရင်တစ်ဦး၏ မျက်နှာ ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် စဖင့်ရုပ်ကြီး၏ မျက်နှာသည် ရှေးမွတ်စလင် လူမျိုးတို့၏ လက်ချက်ဖြင့် ပွန်းပဲ့ပျက်စီးခဲ့ရ ခြင်းကြောင့် မည်သည့်ဖဲရိုး ဘုရင်၏ မျက်နှာပုံပန်း ဖြစ်သည်ကို မသိနိုင်တော့ချေ။ စဖင့်ရုပ်များသည် ခရစ်မပေါ်မီနှစ်ပေါင်း ၂ဝဝဝ က ပေါ်ပေါက်ခဲ့၍ အီဂျစ်အနုပညာ၏ ခန့်ညားဆန်းကြယ်သော သရုပ်ကို ဖေါ်ပြကြလေသည်။ ဂီးဇာမြို့ စဖင့်ရုပ်ကြီးမှအပ မင်းဖစ်မြို့ရှိ စဖင့်ရုပ်များသည် အခြားသောစဖင့်ရုပ်များအနက် အကြီးဆုံးဖြစ်သည်။ ကျောက်ဖြူဖြင့် ထုလုပ်ထား၍ အလျား ၁၇၂ ပေ ၆ လက်မနှင့် အမြင့် ၅၆ ပေရှိသည်။ ယင်း၏ မျက်နှာပုံပန်းမှာ ယောကျာ်းအသွင် ဝတ်ဆင်ထားသော ဟက်ရှက်စွတ်ဘုရင်မကြီး၏ မျက်နှာပုံပန်းနှင့် တူသကဲ့သို့ ရှိသည်။ ဘီစီ ၁၄၄ဝ ပြည့်နှစ်က ထုလုပ်ထားခဲ့၍ အလျား ၁၇ ပေစီရှိ သိုးထီး၏ဦးခေါင်း တပ်ဆင်ထားသော စဖင့် ရုပ်များကိုလည်း သီးဗီးမြို့၌ တွေ့နိုင်လေသည်။

ဂရိစဖင့်ရုပ်နှင့်အီဂျစ်စဖင့်ရုပ်များကား မတူကြချေ။ ဂရိစဖင့် ရုပ်များသည် ယဉ်ကျေးမှု အနုပညာသဘောနှင့် မည်သို့မျှ စပ် ဆိုင်ခြင်း မရှိချေ။ အီဂျစ်စဖင့်ရုပ်များကား ဖဲရိုးဘုရင်တစ်ဦးဦး သို့မဟုတ် ယင်းဘုရင်အား စောင့်ရှောက်သော ဘုရင်တစ်ပါး ပါးနှင့် စပ်ဆိုင်၍၊ ယင်းတို့ကို လူတို့က ကိုးကွယ်သမှုပြုကြ သည်။[1]


အခြားကြည့်ရန်။ မနုဿီဟ

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.