စိုးသိမ်း၊ ဦး၊ ဂျီစီဘီအေ

ဦးစိုးသိမ်း
{{{သက်တမ်း}}}
မွေးသက္ကရာဇ် သက္ကရာဇ် ၁၂၄၇ ခု၊ သီတင်းကျွတ်လ
အမည်ရင်း စိုးသိမ်း
မိဘအမည် ဦးအောင်မြတ် + ဒေါ်မေ
မွေးဖွားရာဒေသ ရေနံချောင်းမြို့
နိုင်ငံသား {{{နိုင်ငံသား}}}
လူမျိုး {{{လူမျိုး}}}
ကိုးကွယ်သည့်ဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင်
ကြင်ဖော် {{{ကြင်ဖော်}}}
သားသမီး {{{သားသမီး}}}
ထင်ပေါ်ကျော်ကြားမှု
ထင်ရှားသည့်လက်ရာများ {{{ထင်ရှားသည့်လက်ရာများ}}}
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ {{{ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ}}}
ကွယ်လွန်ရက် {{{ကွယ်လွန်ရက်}}}
ကွယ်လွန်ရာဒေသ {{{ကွယ်လွန်ရာဒေသ}}}
လက်မှတ် [[Image:{{{လက်မှတ်}}}|100px]]
ကွန်ယက်

စိုးသိမ်း၊ ဦး (မြန်မာ ၁၂၄၇-၁၃ဝ၆)

နိုင်ငံရေးဖြင့် ထင်ရှားသော ဦးစိုးသိမ်း

ဦးစိုးသိမ်းသည် မြန်မာ သက္ကရာဇ် ၁၂၄၇ ခု (ခရစ် သက္ကရာဇ် ၁၈၈၅) ခုနှစ်၊ သီတင်းကျွတ်လတွင် ရေနံချောင်းမြို့၌ အဘ ဦးအောင်မြတ် အမိ ဒေါ်မေတို့မှ ဖွားမြင်သည်။ ဦးစိုးသိမ်း၏ မိဘများမှာ တွင်းစားမျိုးရိုးများ ဖြစ်ကြသည်။ မောင်စိုးသိမ်း ၅ နှစ်သား အရွယ်ခန့်တွင် ရေနံချောင်းမြို့ ဝက်ချုပ် ဆရာတော်ထံတွင် ၆ နှစ်ခန့်မျှ ပညာ သင်ကြားခဲ့သည်။ ၁၂၅၉ ခုနှစ်မှ ၁၂၆၅ ခုနှစ်အထိ ပြည်မြို့ အထက်တန်းကျောင်း၌ ပညာ သင်ကြားခဲ့သည်။ ၁၂၆၆ ခုနှစ်မှ ၁၂၆၈ ခုနှစ်အထိ မန္ဈလေးမြို့ စိန့်ပီတာ အထက်တန်းကျောင်း၌ ပညာ သင်ကြားခဲ့သည်။ နှစ်ကျောင်းလုံး၌ အင်္ဂလိပ်မြန်မာ နှစဘာသာတို့ကို သင်ကြားခဲ့သည်။ ထို့နောက် ၁၂၆၉ ခုနှစ်တွင် ရေနံချောင်းမြို့သို့ ပြန်လာပြီးလျှင် ဘီအိုစီ ကုမ္ပဏီတွင် အလုပ်လုပ်သည်။

ကိုစိုးသိမ်းသည် ၁၂၄၇ ခုနှစ် (၁၉၁၂ ခု) တွင် ဂျပန်နိုင်ငံသို့ ပညာ သင်ယူရန် သွားရောက်ခဲ့သည်။ ဂျပန်နိုင်ငံတွင် ပညာ သင်ယူနေစဉ် ဆရာတော် ဦးဥတ္တမနှင့် တွေ့ရှိသဖြင့် ဦးဥတ္တမ၏ အားပေး တိုက်တွန်း ကူညီမှုကြောင့် ဂျပန်နိုင်ငံတွင် ၃ နှစ်ကြာမျှ ပညာ သင်ယူသည်။

ထိုနောက်တဖန် ဦးစိုးသိမ်းသည် အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့သို့ သွာရောက်ပြီး ပညာ သင်ယူသည်။ ထိုမှတဖန် လောစ်အိန်ဂျလ်လိစ်မြို့ရှိ အနောက်တိုင်း ကောလိပ်၌ လည်းကောင်း၊ စတန်းဖို့မြို့ရှိ စတန်းဖို့ တက္ကသိုလ်၌ လည်းကောင်း ပညာ သင်ယူပြန်ရာ သတ္တုတွင်း လုပ်ငန်းဆိုင်ရာ ဘူမိဗေဒ ပညာရပ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။

ဤသို့ ပညာသင်ကြားနေပြီး ဒေသန္ဈ ရဗဟုသုတ အလို့ငှာ မက္ကဆီကိုနိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဟာဝိုင်းယန် ကျွန်းစု၏ မြို့တော် ဟိုနိုလူလူ စသည်များသို့ လည်းကောင်း၊ အင်္ဂလန်စကော့တလန်အိုင်ယာလန်ပြင်သစ်ဂျာမနီအီတလီဟော်လန်ဆွစ်ဇာလန်ဘယ်လဂျီယန် စသည့် နိုင်ငံများသို့ လည်းကောင်း၊ အီဂျစ်အိန္ဒိယ၊ သီဟိုဠ် (သီရီလင်္ကာ)၊ တရုတ်ယိုဒယားမလာယုကျွန်းဆွယ် စသည့် အာရှတိုက် နိုင်ငံများသို့ လည်းကောင်း အနှံ့အပြား လှည့်လည်ခဲ့လေသည်။ ၁၂၈၄ ခုနှစ် (၁၉၂၂) ခုနှစ်ခန့်တွင် မြန်မာပြည်သို့ ပြန်ရောက်ရှိ ခဲ့လေသည်။

ဦးစိုးသိမ်းသည် နိုင်ငံခြား တိုင်းပြည်များသို့ အနှံ့အပြား သွားလာ လည်ပတ် ခဲ့သော်လည်း မျိုးရိုး ဇာတိမာန် မပျောက်သော ပုဂ္ဂိုလ် ဖြစ်သည်။ မျိုးချစ်စိတ် ထက်သန်သူလည်း ဖြစ်သည်။ မျိုးချစ်စိတ် ထက်သန်သည့် အလျှောက် မြန်မာပြည်သို့ ပြန်ရောက်သည့် အခါ ပင်နီအကျႌကို အမြဲလိုပင် ဝတ်လေ့ရှိသည်။ များသောအားဖြင့် ခေါင်းပေါင်းအစား ပင်နီဦးထုပ်ကို ဆောင်းလေ့ရှိသည်။ တိုင်းရင်းဖြစ် ပစ္စည်း အားပေးသော အနေဖြင့် ထမင်းစားရာ၌ပင် ယွန်းပန်းကန်နှင့် စားသည်ဟူ၍ လည်းကောင်း၊ သူ၏အိမ်ကို မိုးရာသီ၌ပင် ထန်းရွက်ကို စနှစ်တကျ ဖြတ်လှီး၍ မိုးသည်ဟူ၍ လည်းကောင်း ဦးစိုးသိမ်းနှင့် သိကျွမ်းသူတို့က အမှတ်တရ ပြောဆိုကြသည်။

ဦးစိုးသိမ်းသည် နိုင်ငံခြားမှ ပြန်ရောက်လာပြီးသော အခါ ၁၂၈၄ ခု၊ ၁၂၈၅ ခုနှစ် လောက်တွင် ရေနံချောင်း ဆရာတော် ဦးတေဇိန္ဒ ကျောင်းတွင် စက်မှုလက်မှု ပညာကျောင်း တခု ဖွင်လှစ်သည်။ ကျောင်းသူ ကျောင်းသား လူငယ် လူရွယ် ၈ဝဝ ကျော်တို့ကို ကိုယ်တိုင် ကြပ်မတ်၍ ကျောင်းအုပ်ကြီး အဖြစ်ဖြင့် ပညာ သင်ကြားပေးသည်။

သက္ကရာဇ် ၁၂၈၆ (၁၉၂၃ - ၂၄) ခုနှစ်လောက်တွင် အမျိုးသား ပညာရေး ကောင်စီသည် မြန်မာနိုင်ငံရှိ အမျိုးသား ကျောင်းများအတွက် အစိုးရ အထောက်အပံ့ ခံယူခြင်း မပြုသင့်ဟု ဆုံးဖြတ်ခဲ့သည်။ ထိုအခါ ဦးစိုးသိမ်းသည် အထောက်အပံ့ မယူခြင်း ဟူသော အကြောင်းပြချက်ဖြင့် အမျိုးသား ပညာရေး ဘုတ်အဖွဲ့ကို တည်ထောင်ရာ၌ ပါဝင် အားပေးခဲ့သည်။ ဤသည်မှာ ဦးစိုးသိမ်းသည် နိုင်ငံရေး နယ်ထဲသို့ ကိုယ်ထိလက်ရောက် ဝင်ရောက် လာစေရန် ဖိတ်ခေါ်ခြင်း တရပ်ပင် ဖြစ်သည်။

ဤကဲ့သို့ အမျိုးသား ပညာရေး အဖွဲ့တွင် ဆောင်ရွက်နေဆဲ ဦးစိုးသိမ်းသည် ဂျီစီဘီအေ (မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာ အသင်းချုပ်ကြီး) အသင်းတွင် အရေးပါ အရာရောက်သူတို့နှင့် အဆက်အသွယ် ပြုသည်။ သူ၏ ရိုးသားမှုကြောင့် အများ၏ ယုံကြည် လေးစားခြင်းကို ခံရသည်။ ထိုအတွင်း ဦးချစ်လှိုင်၏ ဂျီစီဘီအေ သည် ၁၂၈၆ ခုနှစ်တွင် ၂ ခြမ်း ကွဲလေသည်။ ဤသို့ ၂ ခြမ်း ကွဲသောအခါ ဦးစိုးသိမ်းကို ကြည်ညိုသူတို့က ဦးစိုးသိမ်းအား ဂျီစီဘီအေ အသင်း၏ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ရန် စီစဉ်ကြသည်။ ရွှေဘိုမြို့တွင် ၁၂၈၇ ခု၊ နယုန်လပြည့်ကျော် ၁၁ ရက်နေ့တွင် စတင် ကျင်းပသော (၁၂) ကြိမ်မြောက် ဂျီစီဘီအေ အသင်း အစည်းအဝေး၌ ဦးစိုးသိမ်းအား ဥက္ကဋ္ဌကြီး အဖြစ် တင်မြှောက်ကြသည်။ ‘သမ္မတ ဦးချစ်လှိုင်’ ဟု ခေါ်တွင်သော အစဉ်အလာတိုင်း ‘သမ္မတ ဦးစိုးသိမ်း’ ဟု အမည်တွင်လာသည်။

သမ္မတ ဦးစိုးသိမ်း အဖြစ်ဖြင့် ဂျီစီဘီအေတွင် ဆောင်ရွက် လာခဲ့သည်မှာ ၁၂၉၁ ခု၊ တန်ခူးလဆန်း ၁ဝ ရက်နေ့မှ ၁၃ ရက်နေ့များတွင် တောင်ငူမြို့၌ ကျင်းပသော နှစ်ပတ်လည်အစီးအဝေးကြီးထိ ဖြစ်သည်။ ဦးစိုးသိမ်းသည် နိုင်ငံရေးကို သူ၏ အမြင်အတိုင်း တည့်မတ် ဖြောင့်မှန်စွာ လုပ်ဆောင်သူ ဖြစ်သည်။ ရိုးသားသူ ဖြောင့်မတ်သူဟု ကျော်ကြားသည်။ ဝံသာနု ခေါင်းဆောင်ကြီးပီပီ ဆင်းရဲသားများနှင့် ရောပြွမ်းတတည်း ဆက်ဆံသည်။ ဟိတ်ဟန်မပါ ရိုးရိုးဆက်ဆံမှုကိုသာ အစဉ် ပြလေ့ရှိသည်။ အစိုးရနှင့် မဆက်ဆံဘဲ နိုင်ငံရေး ဆောင်ရွက်ရန် ဟူသော ဝါဒကို ထားရှိသည်။ ထို့ကြောင့်ပင် ၁၂၈၈ ခုနှစ် (၁၅) ကြိမ်မြောက် မင်းဘူး ကွန်ဖရင့် အထိ ဦးစိုးသိမ်း၌ နောက်လိုက် အင်အား များခဲ့သည်။

ဦးစိုးသိမ်းသည် ထိုသို့ နောက်လိုက်အင်အား များလာသော်လည်း နောက်ပိုင်းသို့ ရောက်လာသော အခါ နိုင်ငံရေး၌ ဦးစိုးသိမ်းသည် အကြမ်းဖက်သော စနစ်ကို လက်ကိုင်ပြုသည်ဟု အများက စွပ်စွဲ လာကြလေသည်။ ဤသို့ စွပ်စွဲခံရခြင်းမှာ သူ့တွင် အကြောင်းရှိသည်။ အကြောင်းမှာ ဆရာစံ ခေါင်းဆောင်သော သာယာဝတီ ဟော်လှန်ရေးသမားများတွင် ဆရာစံနှင့်တကွ နောက်လိုက် နောက်ပါ အများအပြားသည် ဦးစိုးသိမ်း၏ ဂျီစီဘီအေ အသင်းဝင်များသာ အဖြစ်များသောကြောင့်တည်း။

ဆရာစံသည် ခရစ်သက္ကရာဇ် ၁၉၃ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဗြိတိသျှ အစိုးရကို တော်လှန် ခြားနားသည်။ ၁၉၃၁ ခု၊ နိုဝင်ဘာလ ၂၉ ရက်နေ့၌ သေဒဏ် အပြစ်ပေးခြင်း ခံရသည်။ ထိုစဉ်အခါက တော်လှန်ရေးသမားများကို အလွန်တရာမှ ချိုးနှိမ်လိုသော ဗြိတိသျှ အစိုးရသည် ယင်းတို့၏ မှတ်တမ်း အရပ်ရပ်တွင် လည်းကောင်း၊ ရုံးတင် စွဲဆိုသော အမှုတွဲတို့တွင် လည်းကောင်း၊ ဦးစိုးသိမ်းသည် အကြမ်းဖက် စနစ်ဖြင့် တော်လှန်ရေးသမားများကို လှုံ့ဆော်ခဲ့သည်ဟု အခိုင်အမာ စွပ်စွဲနိုင်ခြင်း မရှိခဲ့ချေ။ တော်လှန်ရေးသမားများ စီရင်နေသော တချိန်လုံးတွင် အစိုးရသည် ဦးစိုးသိမ်းအား တော်လှန်ရေးသမားများ ကိစ္စနှင့် စပ်လျဉ်း၍ ဖမ်းဆီးခြင်းလည်း မပြုခဲ့ချေ။

ထိုမျှသာ မကသေး ဘိလပ်တွင် ကျင်းပသော မြန်မာပြည်အတွက် မျက်နှာစုံညီ အစည်းအဝေးကို ၁၉၃၁ ခု၊ ဒီဇင်ဘာလ ၃၁ ရက်နေ့၌ သာယာဝတီ ဦးပု ဆွေးနွေးသော စကားရပ်များ အရမှာလည်း ဦးစိုးသိမ်းသည် ဆရာစံနှင့် မည်သို့မျှ ပတ်သက်ခြင်း မရှိသည်ကို တွေ့ရသည်။ သာယာဝတီ ဦးပု၏ ပြောစကား အရမှာ ဆရာစံသည် ဦးစိုးသိမ်း ဂျီစီဘီအေမှ ထွက်၍ ထို ဂျီစီဘီအေ မသိဘဲ လျှို့ဝှက်သော အသင်းတို့ကို သူ့အလိုလျှောက် တိတ်တဆိတ် တည်ထောင်ကြောင်း ကိုယ်တိုင် ရုံးတွင် ဖြောင့်ဆို ဝန်ခံခဲ့သည်။

ဤအချက်တို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်တို့သည် သာယာဝတီ တော်လှန်ရေးသမားများ ထဲတွင် ဦးစိုးသိမ်းအား ပါဝင်သည်ဟု မစွပ်စွဲနိုင်ဘဲ ရှိခဲ့သည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံရေး ရာဇဝင်ကို ရေးသားသူ ဦးဘခိုင်က ‘ဦးစိုးသိမ်းကဲ့သို့ နိုင်ငံခြားရောက်သူ ခေါင်းဆောင်တယောက်သည် လက်ချည်းသက်သက် မြန်မာအား စစ်သေနတ်ကို အသုံးပြုသည့် အစိုးရကို အကြမ်းဖက်၍ တိုက်ခိုက်ရန် တိုက်တွန်းသည် ဆိုသည်မှာ ဟုတ်နိုင်မည် မထင်’ ဟု မှတ်ချက်ချခြင်းပင် ဖြစ်တန်ရာသည်။ ဥိစိုးသိမ်းနှင့် အတူ လုပ်ဖော်ကိုင်ဖက် ဖြစ်သူတို့ကလည်း ဦးစိုးသိမ်း ဂျီစီဘီအေကို အစိုးရက မတရား အသင်းဟု ကြေညာ ခဲ့သော်လည်း ဘိလပ်၌ မြန်မာမျက်နှာစုံ အစည်အဝေးတွင် မြန်မာ ခေါင်းဆောင်တို့က ရှင်းပြလိုက်သော အခါ မတရား အသင်းဟု ကြေညာခြင်းမှ ကင်းလွတ်သည်ဟု ဆိုစမှတ် ပြုကြသည်။

မည်သို့သော အကြောင်း အရပ်ရပ်ကြောင့် ဖြစ်စေ၊ အထက် ဖော်ပြခဲ့သည့် တောင်ငူမြို့၌ ကျင်းပသော ဂျီစီဘီအေ ကွန်ဖရင့်၌ ဆရာတော် အချို့နှင့် လူအချို့တို့က ထိုကွန်ဖရင့်၌ တင်သွင်းသော အခွန် မပေးရေးနှင့် အာဏာဖီဆန်ရေး အဆိုတို့မှာ အစိုးရကို တော်လှန်ရန် အဆိုများ ဖြစ်သည်ဟု ယူဆကာ ဦးစိုးသိမ်းအား ထောက်ခံခြင်း မပြုဘဲ နေခဲ့ကြသည်။ ယင်းမှပင် ဦးစုကို ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက် လိုက်ကြသည်။ ဦးစုလည်း ‘သမ္မတ ဦးစု’ ဖြစ်လာသည်။ ဤတွင် ဦးစိုးသိမ်း ဂျီစီဘီအေနှင့် ဦးစု ဂျီစီဘီအေ ဟူ၍ နှစ်ခြမ်း ကွဲပြန်သည်။ ထိုခေတ် နိုင်ငံရေးကြောင့် ကွဲကြသည်မှာ ဦးချစ်လှိုင် ဂျီစီဘီအေမှ ဦးစိုးသိမ်း ဂျီစီဘီအေ၊ ဦးစု ဂျီစီဘီအေ အကွဲအားဖြင့် ၃ ကွဲ ကွဲသွားသည်။

ထို့နောက် ၁၂၉၂ ခုနှစ်တွင် မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်ရန် ဗြိတိသျှ အစိုးရတို့က ဆုံးဖြတ် လိုက်လေသည်။ ဤအခါ မြန်မာနိုင်ငံရေးတွင် အိန္ဒိယနှင့် ခွဲရေး တွဲရေး ပြဿနာ ဝင်ရောက် လာတော့သည်။ ထိုအခါ ဦးစိုးသိမ်းသည် နိုင်ငံရေး နယ်ပယ်မှ အနားယူကာ နေထိုင်လျက် ရှိသည်။ ထို့နောက်တွင်ကား ဦးစိုးသိမ်း၏ နိုင်ငံရေး ဆောင်ရွက်ချက်တို့သည် မှတ်တမ်း တင်လောက်အောင် မရှိတော့ချေ။

ဦးစိုးသိမ်းနှင့် ပါရမီ ဖြည့်ဖက် ဇနီးမှာ ပြည်မြို့သူ ဒေါ်သော့ ဖြစ်သည်။ ဒေါ်သော့သည် ဦးစိုးသိမ်းနှင့် တကယ့် ပါရမီဖြည့်ဖက် အမျိုးသမီး ဖြစ်သည်။ ငယ်စဉ်ကပင် ဦးစိုးသိမ်းနှင့် အတူတကွ ဂျပန်နိုင်ငံသို့ လိုက်ပါလျက် ပညာ သင်ကြားခဲ့သည်။ ပညာ သင်ကြားပြီး ၎င်းတို့ နှစ်ဦးသည် ဇနီးမောင်နှံ အဖြစ်ဖြင့် နိုင်ငံခြား အရပ်ရပ်သို့ အတူအကွ ရောက်ခဲ့ကြသည်။ သားသမီးကား တယောက်မျှ ထွန်းကားခြင်း မရှိချေ။

ဘဝနိဂုံး

ဦးစိုးသိမ်းသည် သက္ကရာဇ် ၁၃ဝ၆ ခု (၁၉၄၄ ခုနှစ်) တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ၎င်း၏ ဇနီး ဒေါ်သော့သည် ရန်ကုန်မြို့၌ပင် ၁၃ဝရ ခုနှစ်၌ ကွယ်လွန်ရှာသည်။ ဇနီးမောင်နှံ တနှစ်ပြီး တနှစ် ကွယ်လွန်ကြသည်။[1]

ကိုးကား

  1. ရွှေဥဩရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ် စပယ်ဦး စာပေ ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (တတိယ အကြိမ်)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.