ဆစ်ဂမန် ဖရွိုက်

ဇီးမွန် ဖရွိုက် (ဂျာမန်: Sigmund Freud) ၁၈၅၆ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် မွေးဖွား၍၊ ယဟူဒီမျိုးရိုးမှ ဆင်းသက်သော ဩစတြီးယားနိုင်ငံသားဖြစ်သည်။ ငယ်စဉ်က ဗီယင်းနားမြို့တွင် ပညာသင်ကြားသည်။ ဦးစွာ၌ ဖရွိုက်သည် သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းကို ဝါသနာ စူးစိုက်ခဲ့သော်လည်း၊ နောင်အခါ၌ကား ဆေးဖက်ဆိုင်ရာ သိပ္ပံပညာကို လိုက်စားခဲ့လေသည်။ နှစ်ပေါင်း အတန်ကြာမျှ ဆရာအမျိုးမျိုးတို့၏ လက်အောက်တွင် သုတေသနပြု၍ ပညာရှာမှီးခဲ့ပြီးနောက်၊ ၁၈၈၁ ခုနှစ်တွင် ဆရာဝန်ဘွဲ့ကို ရရှိသည်။ ငွေရေးကြေးရေးအခက်အခဲများကြောင့် သုတေသနလုပ်ငန်းကို စွန့်လွှတ် ၍၊ နာဗ်ကြောရောဂါကု ဆေးခန်းကို ဖွင့်လှစ်ခဲ့၏။ ၁၈၈၄ ခုနှစ်တွင် ဗီယင်နာမြို့ရှိ ဒေါက်တာဂျိုးဇက် ဗရွိုင်ယာကစိတ်ချောက်ချားရောဂါရသူကို အိပ်မွေ့ချ၍ကုသနိုင်ကြောင်းဖြင့် ဖရွိုက်အား အကြောင်းကြားလိုက်သည်။ ထိုကြောင့် ဖရွိုက်သည် နောက်တစ်နှစ်တွင် ပါရစ်မြို့တော်သို့ သွားရောက်၍၊ နာဗ်ကြောရောဂါကု ဆရာဝန်ကြီး ရှာကိုး၏ လက်အောက်တွင် တစ်နှစ်ကျော်မျှ ပညာသင်ကြားလေ့လာပြီးလျှင်၊ စိတ်ချောက်ချား ရောဂါစသော နာဗ်ကြောဆိုင်ရာရောဂါများကို နည်းသစ်နည်းဆန်းဖြစ်သော စိတ်ပညာနည်းဖြင့် ကုသရန်ကြိုးစားခဲ့သည်။

ဆစ်ဂမန် ဖရွိုက်


ထိုနောက် ဗီယင်းနားမြို့တော်သို့ ပြန်လာပြီးလျှင်၊ နာဗ်ကြောရောဂါဆိုင်ရာ ပါမောက္ခအဖြစ် ဆောင်ရွက်ယင်း၊ စိတ္တဇရောဂါကုသနည်းကို သင်ကြားပို့ချ၍၊ စိတ်ပညာကို သုတေသနပြုလုပ်ကာ လေ့လာ ဆည်းပူးခဲ့သည်။ ဂျာမန်တို့ ဩစတြီးယားနိုင်ငံကို ချဉ်းနင်းဝင်ရောက်လာသော ၁၉၃၉-ခုနှစ်၌ ဖရွိုက်သည် လန်ဒန်မြို့၌ နေစဉ်၊ တော်ဝင်အသင်းကြီးမှ သူ့အား အသင်းဝင် လူကြီးအဖြစ် အသိအမှတ်ပြုလေသည်။ ၁၉၃၉-ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့၌ ဖရွိုက် အနိစ္စရောက်လေသည်။

ဖရွိုက်သည် စိတ်ဓာတ်ခွဲနည်းဖြင့် စိတ္တဇရောဂါကုထုံးနည်းကို ကြံဆခဲ့သည်။ ထိုနည်းကို အသုံးပြုရာ၌ ဝေဒနာရှင်ကို စိတ်ရောကိုယ်ပါ လွတ်လွတ်လပ်လပ်နေစေသည်။ သို့မှသာ ဝေဒနာရှင်သည် သူမမှတ်မိသော နောက်ကြောင်းတို့ကို ပြန်လည်သတိရ၍၊ ကုသသူဆရာဝန်အား ရောဂါလက္ခဏာကို ဆန်းစစ်ရာ၌ အကူအညီပေးနိုင်လိမ့်မည်ဖြစ်၏။ ထိုပြင် ဖရွိုက်သည် လူ့စိတ်နှင့် အိပ်မက်တို့ကို သေချာစွာ လေ့လာလေသည်။ ဖရွိုက်၏ အလို၌ အိမ်မက်မက်ခြင်းဟူသည်မှာ လူတို့၏ အကယ်တန္တု မပြုလုပ်နိုင်ခြင်းကြောင့်သော်လည်းကောင်း၊ မပြုလုပ်အပ်ခြင်းကြောင့်လည်းကောင်း၊ ချုပ်တည်းထားရသည့် ဆန္ဒများကို အိပ်မက်မက်ခြင်းသာ ဖြစ်သည်ဟု ယူဆသည်။ ဖရွိုက်၏ အရေးပါဆုံးသော ရှာဖွေတွေ့ချက်မှာ စိတ်တို့တွင် မသိစိတ်ဟူ၍လည်းရှိသည် ဟူသော အချက်ပင်ဖြစ်၏။ ဖရွိုက်၏ ကာမစ္ဆန္ဒစိတ်ဆိုင်ရာ အယူအဆတို့မှာ စိတ်ပညာရှင်တို့အဖို့ ဝိဝါဒဖြစ်ပွားစေခဲ့သ်။ ဖရွိုက်သည် ကျမ်းအမျိုးမျိုးကို ဂျာမန်ဘာသာ၊ အင်္ဂလိပ်ဘာသာ တို့ဖြင့် ပြုစုခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် အနိစ္စမရောက်မီ နောက်ဆုံးပြုစုသွားသော ကျမ်းမှာ စိတ်ဓာတ်ခွဲနည်း အခြေပြကျမ်း ဖြစ်သည်။[1]


ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.