ညီသစ်

ညီသစ်သည် မြန်မာ တေးရေးဆရာ၊ ဘာသာပြန်စာရေးဆရာ နှင့် ကဗျာဆရာ တစ်ဦး ဖြစ်သည်။

တေးရေးဆရာ နှင့် ဘာသာပြန်စာရေးဆရာ ညီသစ်

ငယ်ဘဝ

အမည်ရင်းမှာ ဝင်းမျိုးကျော် ဖြစ်သည်။ ၁၉၇၀ ခုနှစ် ဇန်နဝါရီလ ၁၄ရက်တွင် ပျဉ်းမနားမြို့၌ မွေးဖွားခဲ့သည်။ ပျဉ်းမနားမြို့မှ ၁၉၈၅ ခုနှစ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်ခဲ့သည်။ မန္တလေးတက္ကသိုလ်တွင် ရုက္ခဗေဒ အဓိက ဖြင့် တက်ရောက်သင်ကြားခဲ့ပြီး သိပ္ပံဘွဲ့ကို ရရှိခဲ့သည်။

စာပေလှုပ်ရှားမှုများ

ညီဆင်းသစ် ဟူသော ကလောင်အမည်ဖြင့် ဘာသာပြန် ဝတ္ထုတိုနှင့် ဘာသာပြန် ကဗျာများကို မဂ္ဂဇင်းများတွင် စတင် ရေးသားခဲ့သည်။ ညီသစ်၊ ဝင်းမျိုးကျော်၊ ဧဒင် စသော ကလောင်အမည်များဖြင့်လည်း မဂ္ဂဇင်းများတွင် ဖက်ရှင်ဆိုင်ရာ ဆောင်းပါးများ၊ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ အနုပညာ ဆိုင်ရာ ဆောင်းပါး အမြောက်အများကို ရေးသားခဲ့သည်။

ဂီတ လှုပ်ရှားမှုများ

အဆိုတော် လေးဖြူ၏ ပါဝါ ၅၄ စီးရီး အတွက် သီချင်းများကို ရေးသားရာမှ ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ လေးဖြူ၊ ဝိုင်ဝိုင်းအငဲ၊ သီရိကိုကို၊ ဒွေးတို့ တွက် သီချင်းများကို ရေးသားပေးခဲ့ဖူးသည်။ ထင်ရှားသော သီချင်းများမှာ အလွမ်းရဲ့ နတ်သမီး (လေးဖြူ)၊ မျက်ရည်များ၏ နောက်ကွယ် (လေးဖြူ)၊ အငြှိုးအင်အား (လေးဖြူ)၊ လတစ်စင်းကို ရူးသွပ်သူ (လေးဖြူ)၊ ရေဆန်လမ်း (ဝိုင်ဝိုင်း)၊ နှလုံးသား ရှာသူ (ဝိုင်ဝိုင်း)၊ အချစ်မဲ့နိဂုံး (ဝိုင်ဝိုင်း) စသည်တို့ ဖြစ်ကြသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကာလတွင် VOTE NO ဆိုသော သီချင်းကို ဖန်တီး ဖြန့်ချိခဲ့ဖူးသည်။[1]

အလုပ်အကိုင်

၁၉၉၇ တွင် စင်ကာပူသို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး ၁၉၉၉ တွင် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထို့နောက် ၂၀၀၇ ခုနှစ်မှ စ၍ ထိုင်းရှိ ခေတ်ပြိုင်ဂျာနယ် နှင့် ဒီဗွီဘီတို့တွင် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။[1]

ကွယ်လွန်ခြင်း

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက် မနက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်၊ မာဘွန်ကရောင်း ဆေးရုံတွင် ပန်းနာရင်ကျပ် ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။[1] ကွယ်လွန်ချိန်၌ ရန်ကုန်မြို့တွင် သားသမီး ၂ ဦး ကျန်ရစ်ခဲ့သည်။

ထုတ်ဝေခဲ့ဖူးသော စာအုပ်များ

  • ဆင်းရဲသော ဖေဖေ ချမ်းသာသော ဖေဖေ
  • အချစ်ဆိုတဲ့အရာ
  • ဇနီးတစ်ယောက် ချစ်ရာရောက်အောင်
  • ခင်ဗျားဒိန်ခဲကို ကျွန်တော် နေရာ ရွှေ့ခဲ့တယ်


ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.