ညွန့်၊ ဦး(စည်သူ)

ညွှန့်၊ ဦး (စည်သူ) (ခရစ် ၁၉၁၀-၁၉⁠၉၆)

စည်သူဦးညွှန့်

အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (Economic and Social Commission for Asia and Pacific-ESCAP) အမှုဆောင်အတွင်းဝန် (အငြိမ်းစား)၊ အိုင်-စီ-အက်စ် (အငြိမ်း စား) စည်သူ ဦးညွှန့်ကို ဖခင် ဆားဝန်ထောက် ဦးကြူးလှိုင်၊ မိခင် ဒေါ်ကျင်ဆိုင်တို့က ၁၉၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ဘားအံမြို့၌ ဖွားမြင်သည်။ တစ်ဦးတည်းသော သားဖြစ်သည်။

ငယ်စဉ်က ဖခင်တာဝန်ထမ်းဆောင်သော မြို့များသို့ လိုက်ပါနေထိုင်ပြီး ပညာသင်ယူသည်။ ၁၉၂၇ ခုနှစ်တွင် သထုံမြို့အစိုးရကျောင်း (ယခု အထက ၁ သထုံ) မှ တက္ကသိုလ် ဝင်တန်းအောင်မြင်သည်။ရန်ကုန် တက္ကသိုလ်သို့ တက်ရောက် ပညာဆည်းပူးရာ တက္ကသိုလ်ပညာသင်ဆု ရရှိသည်။ တက္ကသိုလ်တက် ရောက်စဉ် တကောင်းဆောင်နှင့် ပြည်ဆောင် တို့တွင် အဆောင်နေကျောင်းသား ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ် တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (ဘီအေ)ရရှိသည်။ ၁၉၃၁ ခုနှစ်တွင် ပုဂံဆောင် အဆောင်နည်းပြအဖြစ် တာဝန်ထမ်း ဆောင်သည်။၁၉၃၂ ခုနှစ်တွင် အဂ‡လန်နိုင်ငံသို့သွားရောက်ပြီး အိုင်-စီ-အက်စ် သင်တန်းတက်ရောက်သည်။ ၁၉၃၄ ခုနှစ်မှစ၍ နိုင်ငံဝန်ထမ်းအဖြစ် ရာထူးအသီးသီး၌ တာဝန်ထမ်းဆောင်သည်။

ဦးညွှန့်သည် ၁၉၄၇ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့နှင့်ကျူးဘားနိုင်ငံ ဟားဗားနားမြို့များ၌ ကျင်းပသည့် အကောက်ခွန်နှင့် ကုန်သွယ်ရေးဆိုင်ရာ အထွေထွေသဘော တူညီမှု စာချုပ်အဖွဲ့( General Agreement on Tariffs and Trade-G A T T ) (ယခုကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့-World Trade Organization - W T O) တည်ထောင်ရန်ခေါ်ယူသော အစည်းအဝေးများနှင့် ညီလာခံများသို့ မြန်မာနိုင်ငံ ကိုယ်စား လှယ် အဖြစ် တက်ရောက်သည်။ ၁၉၄၈ ခုနှစ်တွင် G A T T တည်ထောင်သောအခါ မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖြစ် လက်မှတ်ရေးထိုးသည်။ ၁၉၄၈ ခုနှစ်မှ ၁၉၅၁ ခုနှစ်အထိ ကျင်းပသော အပြည်ပြည်ဆိုင်ရာ အစည်း အဝေးများသို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် တက်ရောက်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရုံးစိုက်သောအာရှနှင့် အရှေ့ဖျားဒေသဆိုင်ရာ စီးပွားရေးကော်မီရှင် (Economic Commmission for Asia and the far East ECAFE) ယခု (ESCAP) ၌ စက်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ ဌာနအကြီးအကဲအဖြစ် ၁၉၅၂ ခုနှစ် တွင် တာဝန်ထမ်းဆောင်သည်။ ၁၉၅၇ ခုနှစ်တွင် ဒုတိယအမှုဆောင် အတွင်းဝန်အဖြစ်လည်းကောင်း၊ ၁၉၅၉ ခုနှစ်တွင် အမှုဆောင် အတွင်းဝန်အဖြစ်လည်းကောင်း ရာထူးတိုးမြှင့်ခန့်ထားခြင်း ခံရသည်။အမှုဆောင်အတွင်း ဝန်ရာထူးမှာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်ရာထူးနှင့် အဆင့်အတန်းတူညီပြီး ကုလသမဂ္ဂအဖွဲ့ အစည်းတွင် မြန်မာနိုင်ငံသားများထဲမှ ပထမဆုံး အဆင့်မြင့်ရာထူးကို တာဝန် ထမ်းဆောင်ရသူဖြစ်သည်။

ဦးညွှန့်သည် အမှုဆောင်အတွင်းဝန်အဖြစ် တာဝန် ထမ်းဆောင်စဉ် မဲခေါင်မြစ်ဝှမ်းစီမံကိန်း (The Mekong Development Project) အာရှလမ်းမကြီး (The Asian Highway)၊ အာရှစာရင်းအင်းတက္ကသိုလ် (The Asian Statistical Institute) ၊ အာရှစက်မှုဖွံ့ဖြိုးရေး ကောင်စီ (The Asian Industrial Development Council) ၊ အာရှဖွံ့ဖြိုးရေးဘဏ် (The Asian Development Bank)၊ အာရှငွေကြေး ပေးချေမှု အုပ်စု (The Asian Clearing Union)တို့ကို တည်ထောင်ဖွဲ့စည်း ဆောင်ရွက်သည်။ ၁၉၆၆ ခုနှစ်တွင် တည်ထောင်ဖွဲ့ စည်းသော အာရှဖွံ့ဖြိုးရေးဘဏ်၏ ဖခင်ကြီး အဖြစ် နိုင်ငံတကာကအသိအမှတ်ပြုခြင်းခံရသည်။ ၁၉၇၃ခုနှစ် တွင် အမှုဆောင်အတွင်းဝန်အဖြစ်မှ အငြိမ်းစားယူသည်။

ဦးညွှန့်သည် အငြိမ်းစားယူပြီးနောက် မြန်မာနိုင်ငံတွင် ပြန်လည်နေထိုင်ပြီး ဗုဒ္ဓဘာသာ ထွန်းကား ပြန့်ပွားရေး လုပ်ငန်းများ ဆောင်ရွက်သည်။ ဆဌသင်္ဃာယနာတင် ပိဋကတ်စာမူကို အင်္ဂလိပ်ဘာသာသို့ပြန်ဆို ပုံနှိပ်ထုတ်ဝေသော လုပ်ငန်းတွင်ပါဝင်သည်။ ထို့ပြင် နိကာယ်ငါးရပ် ထွန်းကား ပြန့်ပွားရေး အသင်း ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်သည်။ ဦးညွှန့်သည် ၁၉၅၀ ပြည့်နှစ်တွင် နိုင်ငံတော်က ချီးမြှင့်သည့် စည်သူဘွဲ့ကို ရရှိသည်။ ၁၉၃၅ ခုနှစ်တွင် ဒေါ်သန်းတင် (ဝိဇ္ဇာဘွဲ့ဂုဏ်ထူး) နှင့် လက်ထပ်ခဲ့ပြီး သားလေးဦး၊ သမီးတစ်ဦးထွန်းကားသည်။ ဒေါ်သန်းတင်သည် ၁၉၈၁ ခုနှစ်က ကွယ်လွန်ခဲ့ပြီး သားတစ်ဦးနှင့် သမီးတစ်ဦး တို့သည်လည်း ကွယ်လွန်သည်။

နိုင်ငံဝန်ထမ်းများနှင့် ကုလသမဂ္ဂတာဝန်များကို ကြိုးပမ်းထမ်းဆောင်ခဲ့သော အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် အမှုဆောင်အတွင်းဝန် (အငြိမ်းစား)၊ အိုင်-စီ-အက်စ် (အငြိမ်းစား) စည်သူဦးညွှန့်သည် ၁၉⁠၉၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန် သည်။ ကွယ်လွန်ချိန်တွင် သားများဖြစ်ကြသည့် ဒေါက်တာ သန်းညွှန့် (ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)၊ ဒေါက်တာ စောဝင်း (သမားတော်ကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီး)၊ ဒေါက်တာလှညွှန့် (ဒုတိယညွှန့်ကြားရေးမှူး၊ မြန်မာသိပ္ပံနှင့် နည်းပညာသုတေသနဦးစီးဌာန) နှင့် မြေး ၁၁ ဦးကျန်ရစ်သည်။ [1]

ကိုးကား

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ ၁၉၇၈
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.