တတိယဩဝါဒသုတ်

တတိယဩဝါဒသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။[1]

တတိယဩဝါဒသုတ်

ချစ်သား ကဿပ …. သင်ချစ်သားသည် ရဟန်းတော်တို့ကို ဆုံးမပါလော့။ ချစ်သား ကဿပ …. သင်ချစ်သားသည် ရဟန်းတော်တို့အား တရားနှင့်ယှဉ်သော စကားကို ဟောကြားပါလော့။ ငါဘုရားသော်၎င်း သင်ချစ်သားသော်လည်းကောင်း ရဟန်းတော်တို့ကို ဆုံးမရာ၏။ ငါဘုရားသော်၎င်း သင်ချစ်သားသော်လည်းကောင်း ရဟန်းတော်တို့ကို တရားနှင့်ယှဉ်သောစကားကို ဟောကြားရာ၏။ (ဗုဒ္ဓ)[1]

ဘုန်းတော်ကြီးမြတ်တော်မူလှသော မြတ်စွာဘုရား ယခုအခါ ရဟန်းတို့သည် အဆိုရ အဆုံးမရ ခက်လှပါကုန်သည်။ အဆိုအဆုံးမ ခက်ခြင်းကို ပြုတတ်သည့် အကုသိုလ်တရားတို့နှင့် ပြည့်စုံကြပါပေကုန်သည်။ မရိုမသေ အဆုံးအမ ဩဝါဒကို ယူကြပါကုန်သည်။ အဆုံးအမဩဝါဒကိုပင် ပေးသော်လည်း မခံယူကြပါကုန်။ (အရှင်မဟာကဿပ)[1]

ချစ်သား ကဿပ …. အကြောင်းသော်ကား ရှေးအခါဝယ် မထေရ်သူမြတ်ဖြစ်ကြသော ရဟန်းတော်အရှင်သူမြတ်တို့သည် ကိုယ်တိုင်ကတောကျောင်းနေ၍ တောကျောင်းနေခြင်း၏ ကျေးဇူးစကားကိုလည်း ဟောကြားကြပေကုန်သည်။ ကိုယ်တိုင်က ဆွမ်းခံ၍ ဆွမ်းခံခြင်း၏ ကျေးဇူးစကားကိုလည်း ဟောကြားကြပေကုန်သည်။ ကိုယ်တိုင်က ပံ့သုကူသင်္ကန်းကိုဆောင်၍ ပံ့သုကူသင်္ကန်းဆောင်ရခြင်း၏ ကျေးဇူးစကားကိုလည်း ဟောကြားကြပေကုန်သည်။ ကိုယ်တိုင်က တိစီဝရိက် ဓုတင်ဆောင်၍ တိစီဝရိက်ဓုတင်ဆောင်ခြင်း၏ ကျေးဇူးစကားကိုလည်း ဟောကြားကြပေကုန်သည်။ ကိုယ်တိုင်ကပင်လျှင် အလိုနည်း၍ အလိုနည်းခြင်း၏ ကျေးဇူးစကားကိုလည်း ဟောကြားကြပေကုန်သည်။[1]

ချစ်သား ကဿပ …. ရှေးဖြစ်သော မထေရ်သူမြတ်တို့သည် မိမိကိုယ်တိုင်က ရောင့်ရဲလွယ်၍ ရောင့်ရဲလွယ်ခြင်း၏ ကျေးဇူးစကားကိုလည်း ဟောကြားကြပေကုန်သည်။ မိမိကိုယ်တိုင်က အာရုံငါးပါးမှ ဆိတ်ငြိမ်ပြီးလျှင် အာရုံငါးပါးမှ ဆိတ်ငြိမ်ခြင်း၏ ကျေးဇူးစကားကိုလည်း ဟောကြားကြပေကုန်သည်။ မိမိတို့ကိုယ်၌က ရောနှောခြင်း မရှိကြပဲ မရောနှောခြင်း အသံသဂ္ဂတရား၏ ကျေးဇူးစကားကိုလည်း ဟောကြားကြပေကုန်သည်။ မိမိကိုယ်၌က သမ္မပ္ပဓာန် လုံ့လ ဝီရိယနှင့် ပြည့်စုံခြင်း၏ ကျေးဇူးစကားကိုလည်း ဟောကြားကြပေကုန်သည်။[1]

ချစ်သား ကဿပ …. ရှေးဖြစ်သော မထေရ်သူမြတ်တို့သည် ဤဆိုအပ်ပြီးသောအတိုင်း အာရညကင်ဓုတင်၊ ပိဏ္ဍပါတ်ဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိက်ဓုတင်ဆောင်၍ ကိုယ်တိုင်က အလိုနည်း ကိုယ်တိုင်က ရောင့်ရဲလွယ် ကိုယ်တိုင်ကပင် ဆိတ်ငြိမ် ကိုယ်တိုင်ကပင် မရောနှော ကိုယ်တိုင်ကပင် လုံ့လအားထုတ်မှုရှိကြ၍ သူတပါးတို့အားလည်း လုံ့လအားထုတ်မှုရှိအောင် လုံ့လအားထုတ်မှုရှိခြင်း၏ ကျေးဇူးစကားကိုလည်း ဟောကြားကြပေကုန်သည်။[1]

သို့ဟောကြားသော ရဟန်းတော်မထေရ်သူမြတ်ကို မထေရ်ကြီးဖြစ်သော ရဟန်းတော်အရှင်သူမြတ်တို့က ဧဟိ ဘိက္ခု – ကြွတော်မူပါဘုရား၊ ကောနာမာယံ ဘိက္ခု – အရှင်ဘုရားသည် မည်သို့ အမည်တော်ရှိပါသနည်း၊ ဘဒ္ဒ ကောဝ တာယံ ဘိက္ခု – အို အရှင်တို့ ဤအရှင်သူမြတ်ကား ကောင်းပါပေစွတကား၊ သိက္ခာ ကာမော ဝတာဟံ ဘိက္ခု – ဤအရှင်သူမြတ်သည် သိက္ခာသုံးပါးကို လိုလားတော်မူပါလေစွ၊ ဧဟိ ဘိက္ခု ဣဒံ အာသနံ နိသီဒါဟိ – ကြွတော်မူပါ အရှင်ဘုရား ဤနေရာထိုင်တော်မူပါဟူ၍ ခရီးဦးကြိုဆိုခြင်း နေရာပေးခြင်း ပင့်ဖိတ်ခြင်းအမှုကို ပြုကြပါသည်။[1]

ဓုတင်ဆောင်ခြင်း အစရှိသည်ကို လိုက်နာကျင့်ကြံသောရဟန်းအား မထေရ်ကြီးတို့က နေရာထားခြင်း အခွင့်အရေးပေးခြင်းကို မြင်ရသော သီတင်းငယ်တို့သည် ဒိဋ္ဌာနုဂတိ မြင်သည်ကို အစဉ်လိုက်၍ ထိုသို့ ဓုတင်ဆောင်ခြင်း အလိုနည်းခြင်း အစရှိသော အမှုကို ပြုကြပေကုန်သည်။[1]

ချစ်သား ကဿပ …. ယခုအခါမှာမူ မထေရ်ကြီး ဖြစ်ကြကုန်သော ရဟန်းတော်အရှင်သူမြတ်တို့သည် ကိုယ်တိုင်လည်း အာရညကင်ဓုတင် မဆောက်တည်ကြ၊ သူတပါးအားလည်း အာရညကင်ဓုတင်ဆောက်တည်ခြင်း၏ ကျေးဇူးစကားကို မပြောဆိုကြ။ ကိုယ်တိုင် ပိဏ္ဍပါတ်ဓုတင် ပံ့သုကူဓုတင် တိစီဝရိက်ဓုတင်ကို မဆောင်ကြ၊ သူတပါးအားလည်း ထိုဓုတင်ဆောက်တည်ခြင်း၏ ကျေးဇူးစကားကို မဟောကြ မပြောကြ။ မိမိတို့ကိုယ်တိုင်ကလည်း အလိုမနည်းကြ၊ အလိုနည်းခြင်း၏ ကျေးဇူးစကားကိုလည်း မဟောကြ မပြောကြ။ မိမိတို့ကိုယ်တိုင်က ရောင့်ရဲလွယ်မှု မရှိကြ၊ သူတပါးအားလည်း ရောင့်ရဲလွယ်ခြင်း၏ ကျေးဇူးစကားကို မဟောကြ မပြောကြ။ မိမိတို့ကိုယ်တိုင်က လူဒါယကာတို့နှင့် မရောနှောမှု မရှိကြဘဲ သောကောရောကော နေကြသဖြင့် မရောနှောခြင်း၏ ကျေးဇူးစကားကိုလည်း မဟောကြ မပြောကြ။ မိမိတို့ကိုယ်တိုင်က အာရုံငါးပါးမှ ဆိတ်ငြိမ်ခြင်း မရှိကြဘဲ အာရုံငါးပါးမှ ဆိတ်ငြိမ်ခြင်း၏ ကျေးဇူးစကားကိုလည်း မဟောကြ မပြောကြ။ မိမိကိုယ်တိုင်က သမ္မပ္ပဓာန် လုံ့လဝီရိယလေးပါးနှင့် မပြည့်စုံကြဘဲ သူတပါးတို့အားလည်း သမ္မပ္ပဓာန်လေးပါး လုံ့လဝီရိယ ပြည့်စုံခြင်း၏ ကျေးဇူးကို မဟောကြား မပြောကြားကြကုန်။[1]

ချစ်သား ကဿပ …. ယခုအခါ များစွာသောမထေရ်သူမြတ်တို့က အကြင်သူသည် ထင်လည်းထင်ရှား၏။ ကျော်လည်း ကျော်ကြား၏။အခြံအရံပရိသတ်လည်း များ၏။ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးတို့ကို ရလွယ်သော ဘုန်းရှင်ကံရှင်လည်း ဖြစ်ပေ၏။ ထိုသို့ဘုန်းကံကြီးမား ထင်ရှားသော ပုဂ္ဂိုလ်ကိုမှ မထေရ်ကြီးဖြစ်သော ပုဂ္ဂိုလ်တို့က ဧဟိ ဘိက္ခု – ကြွတော်မူပါ အရှင်ဘုရား၊ ကော နာမာယံ ဘိက္ခု – အရှင်ဘုရားအမည်တော်သသည် ဘယ်သို့ ခေါ်ပါသနည်း၊ ဘဒ္ဒကော ဝတာဟံ ဘိက္ခု – ဤရှင်သူမြတ်သည် ကောင်းလေစွ၊ သဗြဟ္မစာရိကာမော ဝတာယံ ဘိက္ခု – ဤအရှင်သူမြတ်သည် သီတင်းသုံးဖော်တို့၏ အကျိုးကို လိုလားပါပေစွ အစရှိသည်ဖြင့် မြှောက်ကာပင့်ကာ ပြောဆိုကြပေသည်။[1]

ချစ်သား ကဿပ …. ထိုအခြင်းအရာကို မြင်ကြသော သီတင်းငယ်တို့သည် ရှေးဆိုအပ်ပြီးသည့်အတိုင်း အရညကင်ဓုတင်တို့ကို ဆောက်တည်ဖို့ရန် စိတ်မညွတ်ကြဘဲ ထင်ရှားဖို့ ကျော်ကြားဖို့ ပစ္စည်းလေးပါး လာဘ်လာဘများဖို့သာလျှင် ကျင့်ကြံကုန်ကြသည်။ (ဗုဒ္ဓ)[1]

ကိုးကား

  1. တတိယဩဝါဒသုတ်၊ ကဿပသံယုတ်၊ သံဂါယနာအမေးအဖြေ – သုတ္တန္တပိဋက သံယုတ္တနိကာယ် (ပဋ္ဌမတွဲ)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.