ဂေါတမဗုဒ္ဓ

ဂေါတမဗုဒ္ဓ[4] (ဘီစီ ၅၆၃/၄၈၀ ခန့်– ၄၈၃/၄၀၀ ခန့်) သိဒ္ဓတ္ထဂေါတမ[5] သကျမုနိဗုဒ္ဓ,[6][7] သို့မဟုတ် ဗုဒ္ဓ သည် ဤ ဘဒ္ဒကမ္ဘာ တွင် ပွင့်တော်မူခဲ့သော ကကုသန် ဗုဒ္ဓမြတ်စွာဘုရားကောဏဂုံ ဗုဒ္ဓမြတ်စွာဘုရားကဿပ ဗုဒ္ဓမြတ်စွာဘုရား၊ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား ဟူ၍ ဗုဒ္ဓမြတ်စွာဘုရား(၄) ဆူတွင် နောက်ဆုံး ပွင့်တော်မူခဲ့သော ဗုဒ္ဓမြတ်စွာဘုရား ဖြစ်သည်။

ဂေါတမဗုဒ္ဓ
အိန္ဒိယနိုင်ငံ၊ ဥတ္တရပဒေသပြည်နယ် မိဂဒါဝုန်ရှိ ဗုဒ္ဓရုပ်တု (၄ ရာစုခေတ်လက်ရာ)
ဘာသာဗုဒ္ဓဘာသာ
ကျော်ကြားမှုဗုဒ္ဓဘာသာ တည်ထောင်သူ
အခြားအမည်များသိဒ္ဓတ္ထဂေါတမ၊ စကြာမုနိ
ပုဂ္ဂိုလ်ရေးရာ
မွေးဖွားဘီစီ ၅၆၃ သို့ ၄၈၀[1][2]
လုမ္ဗိနီသက္ကတိုင်း
ကွယ်လွန်ဘီစီ ၄၈၃ သို့ ၄၀၀ (သက်တော် ၈၀)
ကုသိနာရုံပြည်မလ္လတိုင်း [note 1]
အိမ်ထောင်ဖက်ယသောဓရာ
သားသမီး
မိဘ
ရာထူး တာဝန်
ယခင်ကဿပဘုရား
ဆက်ခံမေတ္တေယျဘုရား

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

ဗုဒ္ဓဝင်

ဗျာဒိတ်ခံယူတော်မူပုံ

ဗျာဒိတ်တော်ခံယူနေပုံ

ဘုရားလောင်းသည် ဗျာဒိတ်ခံယူမည့်ဘ၀၌ အမရ၀တီမည်သော မင်းနေပြည်တော်ဝယ် သုမေဓါ အမည်ရှိသော သူဌေးသား ဖြစ်ခဲ့သည်။ သူ၏ အမိအဖတို့သည် သူငယ်ရွယ်စဉ်ကပင် သေဆုံးကြရာ ရွှေငွေ ပစ္စည်းဥစ္စာ များစွာ ကျန်ရစ်ခဲ့သည်။ ပညာတတ်မြောက်၍ တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်သောအခါ ဘဏ္ဍာထိန်းအမတ်က ပစ္စည်းအား လုံးကို သူ့အား လွှဲအပ်လေသည်။ သုမေဓါသူဌေးသားလေး စဉ်းစားသည်မှာ "ငါ၏ ဘိုးဘွားမိဘတို့သည် ပစ္စည်းကို ရှာရုံသာ ရှာတတ်၍ ယူမသွားတတ်ကြပါတကား။ ငါသည် စွန့်ကြဲပေးကမ်း၍ ကုသိုလ်ကို ငါ့နောက်ပါအောင် ယူသွားမည်။" ဤသို့စဉ်းစားပြီးလျှင် ရတနာတိုက်တို့ကို ဖွင့်၍ "အလိုရှိသူတို့ ယူကြကုန်လော့" ဟုကြွေးကြော်ကာ မိမိ၏ စည်းစိမ်အားလုံးကို လှူဒါန်းလေသည်။ ထို့နောက် ဟိမဝန္တာတောသို့ ထွက်ခွါကာ ရသေ့ ရဟန်း ပြုသည်။

ဘုရားလောင်း သုမေဓာရှင်ရသေ့သည် ဈာန်အဘိညာဉ်ရ၍ ကောင်းကင်ခရီးဖြင့် ကြွသွားစဉ် ဒီပင်္ကရာ မြတ်စွာဘုရား ကြွတော်မူရန် ရမ္မာမြို့သူမြို့သားတို့ လမ်းပြင်နေကြသည်ကို မြင်ရ၍ ကောင်းကင်မှဆင်းကာ မိမိ လည်း ပါဝင်လုပ်အားပေးလိုသောကြောင့် နေရာတစ်ကွက် တောင်းယူ လေသည်။ ဘုရားလောင်းရသေ့သည် တန်ခိုးဖြင့် ပြင်ဆင်လျှင် လွယ်ကူစွာပြီးနိုင်သော်လည်း ကိုယ်ဖြင့် အပင်ပန်းခံ၍ပြုမှ သာ၍အကျိုးများဖွယ် ရှိသောကြောင့် သူများနည်းတူ မြေကိုထမ်း၍ ရွှံ့ညွန်ဗွက်ကို ဖို့နေစဉ် ရဟန္တာလေးသိန်း နှင့်အတူ ဘုရားရှင် ကြွလာတော်မူသောကြောင့် ပြင်၍ မပြီးသေးသော ရွှံ့ညွန်ပေါ်မှာ မိမိကိုယ်ကို တံတားခင်း၍ မှောက်စင်းနေလေသည်။

ဤအချိန်တွင် သုမိတ္တာမည်သော အမျိုးသမီးကလည်း ကြာပန်းရှစ်စည်းတွင် ၅ စည်းကို ရသေ့အား ဘုရားရှင်ကိုလှူရန်ပေး၍ ၃စည်းကို မိမိကိုယ်တိုင် လှူဒါန်းလေသည်။ ဘုရားရှင်သည် အနာဂတံသဉာဏ်ဖြင့် အနာဂတ်ကို ဆင်ခြင်တော်မူကာ "ဤရသေ့သည် ဂေါတမဘုရား ဖြစ်လိမ့်မည်။ ဤအမျိုးသမီးကား ပါရမီဖြည့်ဖက် ဖြစ်လိမ့်မည်" ဟု ဗျာဒိတ်ပေးတော်မူသည်။ ထို့နောက် လှူဒါန်းထားသော ကြာပန်းရှစ်စည်းကို ရသေ့အပေါ် ကြဲဖြန့်ကာ ရသေ့၏ နံပါးမှ ရှောင်လွှဲ၍ ကြွတော်မူလေ သည်။

ဖွားတော်မူပုံ

ဘုရားအလောင်းသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီဖြည့်၍ ဘုရားမဖြစ်မီ တစ်ဘ၀အလို၌ တုသိတာနတ်ပြည်ဝယ် သေတကေတု မည်သော နတ်မင်း ဖြစ်လေသည်။ ဘုရားလောင်း နတ်မင်းသည် နတ်စည်းစိမ်ကို နှစ်ပေါင်း ၅၇၆သန်းပတ်လုံး ခံစားတော်မူပြီးနောက် နတ်သက်စေ့၍ စုတေဖို့ရန် စုတိနိမိတ်ငါးပါးထင်လာသောအခါ စကြာ၀ဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့သည် တုသိတာနတ်ပြည်သို့ စုပေါင်းလာရောက်ကာ ဘုရားဖြစ်ရန် လူ့ပြည်သို့ ဆင်းသက်ဖို့ လျှောက်ထားတောင်းပန် ကြသည်။ နတ်မင်းလည်း-

  1. ကာလ - တစ်သိန်းတမ်းနှင့် တစ်ရာတမ်းတွင်းဟူသော ဘုရားဖြစ်ချိန်ကာလကို ကြည့်ခြင်း
  2. ဒီပ - ဇမ္ဗူဒီပါတောင်ကျွန်းကို ကြည့်ခြင်း
  3. ဒေသ - မဇ္ဈိမဒေသကို ကြည့်ခြင်း
  4. ကုလ - မင်းမျိုး၊ ပုဏ္ဏားမျိုးတို့တွင် လူတို့အလေးအမြတ်ပြုသော အမျိုးကို ကြည့်ခြင်း
  5. ဇနေတ္တိယာအာယု - မယ်တော်၏ အသက်ကို ကြည့်ခြင်း

ဟူသော ကြည့်ခြင်းကြီးငါးပါးကို ကြည့်ပြီးနောက် လူ့ပြည်၌ ပဋိသန္ဓေနေဖို့ရန် ဝန်ခံတော်မူလေသည်။ ဝါဆိုလပြည့်နေ့မယ်တော်မာယာသည် နံနက်စောစောကပင် အလှူဒါနကြီးကိုပြု၍ ဥပုသ်စောင့်ထိန်း ပြီးလျှင် တိုက်ခန်းသို့ဝင်၍ သလွန်တော်၌ လျောင်းစက်အိပ်တော်မူသည်။ အိပ်ပျော်နေစဉ် အောက်ပါအိမ်မက်ကို မြင်မက်လေသည်။

နတ်မင်းကြီးလေးယောက်တို့သည် မိဖုရားကို ဟိမဝန္တာတော၌ရှိသော ဆေးဒန်းမြင်းသီလာ ကျောက်ဖျာ သို့ သလွန်နှင့်တကွ ယူဆောင်၍ အင်ကြင်းပင်ကြီးအောက်၌ ချထားကြလေသည်။ ထို့နောက် နတ်မိဖုရား များက အန၀တတ်အိုင်သို့ ဆောင်ယူ၍ မိဖုရားကို ရေချိုးပေးကြသည်။ ထို့နောက် နတ်ဝတ်တန်ဆာများ ဆင်ယင်ပေးကာ ငွေတောင်အတွင်း၌ ရှိသော ရွှေဗိမာန်သို့သွင်း၍ အိပ်ရာ၌ အိပ်စက်ကြစေသည်။ ထိုအခါ ဘုရားလောင်းဆင်ဖြူတော်သည် သူ၏နေရာ ရွှေတောင်မှ သက်ဆင်းကာ ငွေတောင်သို့ လာပြီးလျှင် ရွှေဗိမာန် သို့ ဝင်ပြီးနောက် မယ်တော်၏ လက်ယာနံပါးကို ဖောက်၍ဝင်သကဲ့သို့ အိမ်မက်မြင်မက်လေသည်။ ထိုအချိန်မှာပင် မာယာဒေဝီ မိဖုရား၏ဝမ်း၌ ဘုရားလောင်း ပဋိသန္ဓေယူ လေသည်။ အချိန်ကာလမှာ မဟာသက္ကရာဇ် ၆၇ ခု ဝါဆိုလပြည့်နေ့ ကြာသပတေးနေ့ပင် ဖြစ်သည်။

ဘုရားလောင်းပဋိသန္ဓေနေ၍ ဆယ်လပြည့်ရာ ကဆုန်လပြည့်နေ့တွင် မယ်တော်မာယာသည် ဆွေတော်မျိုးတော်များရှိရာ ဒေ၀ဒဟပြည်သို့ သွားလိုပါကြောင်း သုဒ္ဓေါဒနမင်းကြီးအား အခွင့်တောင်းလေ သည်။ မင်းကြီးသည် ကပိလဝတ်ပြည်မှ ဒေ၀ဒဟပြည်သို့ သွားရာလမ်းတစ်လျှောက်လုံးတွင် တန်ဆာဆင် စေ၍ မင်းခမ်းမင်းနားဖြင့် ထွက်တော်မူစေလေသည်။ ခရီးအကြား၌ လုမ္ဗိနီအင်ကြင်းဥယျာဉ်တော်ကို ခေတ္တ ဝင်တော်မူလေသည်။ မယ်တော်မာယာသည် အင်ကြင်းကိုင်းကို လက်ဖြင့် လှမ်းကိုင်လိုက်တုန်းမှာ ဝမ်းတော် လှုပ်လာ သောကြောင့် အဝတ်အကာအရံကို ကာရံစေ၍ မတ်မတ်ရပ်လျက်သာပင် ဘုရားအလောင်းတော်ကို ဖွားမြင်လေသည်။ ဤအချိန်သည် မဟာသက္ကရာဇ် ၆၈ ခု (ဘီစီ ၆၂၃) ကဆုန်လပြည့် သောကြာနေ့ ဖြစ်သည်။

ဖွားမြင်ပြီးသောအခါ သုဒ္ဓါဝါသဗြဟ္မာ့ဘုံမှ ရဟန္တာဗြဟ္မာမင်းက ဇာတဘက်ဖြင့် ခံယူ၍ မယ်တော် ၏ ရှေ့၌ပြကာ "အရှင်မိဖုရား၊ ဝမ်းမြောက်တော်မူပါ။ သားရတနာကို ဖွားမြင်ပါပြီ" ဟုဆို၏။ ထို့နောက် စတုမဟာရာဇ်နတ်မင်းကြီးများက သစ်နက်သားမွေးထည်ဖြင့် လှမ်းယူ၍ လူတို့လက်ကို လှမ်းလိုက်လေသည်။ ထို့နောက် လူတို့လက်မှ ဆင်းလျက် မြေ၌ တည့်မတ်စွာရပ်တော်မူ၍ အရပ်ဆယ်မျက်နှာသို့ ရှုစားတော်မူလေရာ အားလုံးသောနတ်ဗြဟ္မာတို့က အရိုအသေပေးကြသဖြင့် မြောက်အရပ်သို့ ခုနစ်ဖဝါးကြွ ပြီးလျှင် "အဂ္ဂေါဟမသ္မိ လောကဿ" ( တစ်လောကလုံး၌ ငါသာလျှင် အမြတ်ဆုံး) ဟု ကြုံးဝါး၏။

ဘုရားလောင်း ဖွားမြင်သောအချိန်မှာပင် ယသော်ဓရာမင်းသမီး၊ ညီတော် အာနန္ဒာ၊ ကာဠုဒါယီ အမတ်၊ ဆန္နအမတ်လောင်း တို့ကိုလည်း အသီးသီးဖွားမြင်သည်။ ကဏ္ဍကမြင်းကိုလည်း မွေးသည်။ ရွှေအိုး ကြီးလေးလုံးလည်း ပေါ်လေသည်။ ဗောဓိပင်လည်း ပေါက်သည်။

အမည်ပေးတော်မူပုံ

ဘုရားလောင်း ဖွားမြင်သည်ကြားသဖြင့် ကပိလဝတ်ပြည်နှင့် ဒေ၀ဒဟပြည်မှ ဆွေတော်မျိုးတော်များ စုဝေးရောက်လာကြပြီး မာယာဒေဝီနှင့် ဘုရားလောင်းကို ကပိလဝတ်ပြည်သို့ ခေါ်ဆောင်သွားကြ သည်။ သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော ကာလဒေဝီလ ရသေ့ကြီးသည် နန်းတော်သို့ ကြွရောက်လာရာ မင်းကြီးက သားတော်ကို ရသေ့ကြီးအား ပြ၍ "သားတော် ဆရာမြတ်ကို ရှိခိုးလော့" ဟုဆို၏။ ဘုရားလောင်းက ရှိမခိုး။ ရသေ့ကြီး၏ ဦးခေါင်းထက်၌ ခြေစုံရပ်လျက် တည်သည်။ ထူးကဲလှသဖြင့် ရသေ့ကြီးက ဘုရားလောင်းကို ရှိခိုးသလို မင်းကြီးကလည်း သားတော်ကို ပထမဆုံးအကြိမ် ရှိခိုးသည်။ ရသေ့ကြီးသည် ဘုရားလောင်းကို စူးစိုက်ကြည့်ကာ ရယ်လည်း ရယ်သည်။ ငိုလည်း ငိုသည်။ မင်းကြီးက မေးသောအခါ ရသေ့ကြီးက "မင်းမြတ်၊ သင့်သားတော်သည် ဘုရားဖြစ်လိမ့်မည်။ ထို့ကြောင့် ငါဝမ်းသာ၍ ရယ်သည်။ သို့ရာတွင် သားတော် ဘုရားဖြစ်ချိန်၌ ငါသေလွန်ပြီး ဖြစ်နေမည်။ ထို့ကြောင့် ဝမ်းနည်း၍ ငိုသည်" ဟု ဆို၏။

ဘုရားလောင်းဖွားမြင်ပြီး ငါးရက်မြောက်သောနေ့တွင် မင်းကြီးက ပုဏ္ဏားတော်များကို ဖိတ်ကာ သားတော်၏ လက္ခဏာတော်တို့ကို ကြည့်ရှုဖတ်သားစေသည်။ ပုဏ္ဏားတော် ခုနစ်ယောက်တို့က "သားတော်သည် စကြ၀တေးမင်းသော်လည်းကောင်း၊ ဘုရားသော်လည်းကောင်း ဖြစ်လိမ့်မည်" ဟူ၍ နှစ်ခွ ဆိုကြသည်။ အငယ်ဆုံးဖြစ်သော ကောဏ္ဍည ပုဏ္ဏားကမူ "အရှင့်သားတော်သည် တောထွက်၍ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်" ဟူ၍ တစ်ခွန်းတည်းသာ ဆိုလေသည်။ မင်းကြီးက "ငါ့သားတော်သည် အဘယ်အရာကို မြင်၍ တောထွက်မည်နည်း" ဟုမေးသည်။ "သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ် ကြီးလေးပါးကို မြင်၍ တောထွက်ပါမည်" ဟူ၍ ကောဏ္ဍည ပုဏ္ဏားက ဖြေသည်။ ထို့နောက် ဘုရားလောင်း ကို "သိဒ္ဓတ္ထ" ဟု အမည်ပေးသည်။ အဓိပ္ပာယ်မှာ အကျိုးအားလုံးကို ပြီးစီးစေသောသူ ဟူ၍ ဖြစ်သည်။ ဂေါတမအနွယ်ဖြစ်သောကြောင့် "သိဒ္ဓတ္ထဂေါတမ" ဟုလည်း ခေါ်ကြသည်။

ကြင်ရာတော်ရွေးခန်း

ဘုရားအလောင်း တစ်ဆယ့်ခြောက်နှစ် အရွယ်ရောက်သောအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး သည် ဆွေတော်မျိုးတော်မင်းများထံသို့ သမီးရတနာ ပို့ဆက်လာရန် ရာဇသံ ပေးသည်။ သမီးရှင် မင်းများက ဘုရားလောင်းမင်းသားကို "အဆင်းသာလှ၍ ပညာမတတ်" ဟု ကဲ့ရဲ့ကာ သမီးရတနာ မပို့ဘဲနေကြ လေသည်။ ထိုအကြောင်းကို သုဒ္ဓေါဒနမင်းကြီးက သားတော်အားပြောပြလေရာ ဘုရားလောင်းက အခက်ဆုံး လေးအတတ်ကို ပြရန် ဝန်ခံလိုက်လေသည်။ ထို့နောက် တိုင်းပြည်ရှိ ထင်ရှားသော လေးဆရာတို့ကို နန်းတော်မြေပြင်၌ စုရုံးစေကာ လေးဆရာလေးယောက်ကို လေးမျက်နှာကထား၍ ဘုရားလောင်းကိုယ်တိုင် အလယ်ကနေပြီးလျှင် "အသင် တို့က ငါ့ကို တစ်ပြိုင်နက်ပစ်ကြလော့" ဟု ဆိုလေသည်။ လေးဆရာလေးယောက် ပစ်လိုက်သော မြားတို့ မိမိအားမထိအောင် မြှားတစ်ဆင်းတည်းဖြင့် ကာကွယ်နိုင်လေသည်။ ဤသို့ လေးအတတ်ပြပြီးမှ ဆက်သလာသော သမီးကညာတို့တွင် သုဒ္ဓေါဒနမင်းကြီး၏ ညီမတော် အမိတ္တာနှင့် ဒေဝဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ယသော်ဓရာ အမည်ရှိသော မင်းသမီးနှင့် လက်ဆက်ကာ နန်းသိမ်းပွဲ ခံယူလေသည်။

ထီးနန်းစံတော်မူခန်း

ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော်အတွက် ဆောင်းဥတုတွင် စံမြန်းရန် ရမ္မ မည်သော ဘုံ ၉ ဆင့် နန်းဆောင်၊ နွေရာသီတွင် စံမြန်းရန် သုရမ္မ မည်သော ဘုံ ၅ ဆင့် နန်းဆောင်၊ မိုးဥတုတွင် စံမြန်းရန် သုဘ မည်သော ဘုံ ၇ ဆင့် နန်းဆောင် ဟူသော နန်းဆောင်ကြီးသုံးဆောင်ကို ဥတုအလိုက် ခံစားရန် ဆောက်လုပ်ပေးလေသည်။ ဤသို့ဖြင့် ဘုရားလောင်းသည် မင်းစည်းစိမ်ကို သက်တော် ၂၉ နှစ်အထိ ၁၄နှစ်မျှ စံစားတော်မူလေသည်။

သံဝေဂယူတော်မူခန်း

ဘုရားလောင်းသည် မင်းစည်းစိမ်ကို ၁၄နှစ်မျှ ခံစားပြီးနောက် သက်တော် ၂၉ နှစ် အရွယ်သို့ ရောက်သောအခါ များစွာသော အခြွေအရံတို့ဖြင့် ဥယျာဉ်တော်သို့ ထွက်တော်မူလေရာ ဗြဟ္မာမင်းတို့က သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နမိတ်ကြီးလေးပါးကို အစဉ်တိုင်းဖန်ဆင်းလျက် ဘုရားလောင်းနှင့် ရထားထိန်းမြင်ရုံမျှ ပြကြလေသည်။ ထိုအခါ သူအို၊ သူနာ၊ သူသေ တို့ကို တစ်ကြိမ်မျှ မမြင်ဖူးသော ဘုရားလောင်းသည် မိမိနှင့်တကွ ဆွေတော်မျိုးတော် အားလုံးပင် အိုကြရ နာကြရ သေကြရဦးမည်ဟူ၍ သံဝေဂဖြစ်တော်မူတုန်း သပ္ပါယ်သော ရဟန်းတော်ကို ဖူးမြင်ရသောအခါ ဘ၀အဆက်ဆက်က နှစ်သက်ခဲ့သော အသွင်ဖြစ်ရကား အားရရွှင်လန်းလျက် ရဟန်းပြုဖို့ရန် အဓိဋ္ဌာန်ပြုတော်မူလေသည်။ ထို့နောက် ညနေချမ်း၌ ဥယျာဉ်တော်မှ ပြန်တော်မူလေသည်။ ထိုပြန်ခါနီး၌ သားတော်ဖွားမြင်ကြောင်းကို သံတော်ဦးတင်လာသဖြင့် "ရာဟုဇာတော - အနှောင်အဖွဲ့ဖြစ်ပါပကော" ဟု ညည်းတွားတော်မူလေသည်။ ထိုစကားကို အကြောင်းပြု၍ သားတော် လေးကို ရာဟုလာ ဟု အမည်ပေးတော်မူလေသည်။

တောထွက်တော်မူပုံ

ဘုရားလောင်းသည် နန်းတော်သို့ ရောက်တော်မူပြီးနောက် ကချေသည် မောင်းမတို့ ကပြတီးမှုတ်လျက် ဖျော်ဖြေကြသည်ကို ရှေးကလို စိတ်ဝင်စားတော်မမူဘဲ သလွန်တော်၌ လျောင်းစက် တော်မူလေသည်။ ထိုအခါ ကချေသည်မောင်းမတို့လည်း သီဆိုတီးမှုတ်မှုများကို ရပ်တန့်၍ အိပ်ကြလေသည်။ ထိုသို့ မောင်းမများ ဒူးပေါ်ပေါင်ပေါ် စသည်ဖြင့် အိပ်ပျော်နေကြပုံကို ဘုရားလောင်း စက်တော်ခေါ်ရာမှ အထတွင် မြင်တော်မူ၍ ရှေးကထက် သံဝေဂရပြီးလျှင် "ယနေ့ညတွင်ပင် တောထွက်တော့အံ့" ဟု ကြံတော်မူကာ ငယ်ကျွန်တော်ရင်း ဆန္နအမတ်ကို နှိုးလျက် ကဏ္ဍကမြင်းကို ဆက်ဖို့ရန် အမိန့်ပေးလေသည်။

ထိုအခါ နန်းတော်၏ အတွင်းအပြင်၌ နတ်ဗြဟ္မာများတို့ ရောက်နေကြ၏။ နန်းတော်အတွင်းရှိ လူအများနှင့်တကွ တစ်မြို့လုံး မနိုးကြရအောင် နတ်များက စီမံထား၏။ ဘုရားလောင်းသည် တောသို့ ထွက်ခွာတော်မူခါနီးဝယ် သားတော်ကို ရှုစားတော်မူလိုသောကြောင့် ယသော်ဓရာမိဖုရား၏ အဆောင်တော်သို့ ကြွတော်မူလေသည်။ ဘုရားလောင်းသည် အဆောင်တော်အတွင်းသို့ ရောက်လာသောအခါ သားတော်လေးနှင့် ကြင်ယာတော်မိဖုရားတို့ စက်တော်ခေါ်နေပုံကို ရှုစားတော်မူရသောအခါ ရင်သွေးတော်လေးအား အားရပါးရ ပွေ့ယူတော်မူလိုသော်လည်း မိဖုရားနိုးလျှင် ထွက်နိုင်ဖို့ လမ်းမမြင်သောကြောင့် "ဘုရားဖြစ်မှ သားတော်ကို ရှုတော့အံ့" ဟု ဆုံးဖြတ်တော်မူကာ အဆောင်တော်မှ ထွက်ခွာတော်မူပြီးလျှင် ကဏ္ဍကမြင်းတော်ပေါ်သို့ တက်လေသည်။ ဤအချိန်သည်ကား မဟာသက္ကရာဇ် ၉၇ ခု ဝါဆိုလပြည့်နေ့ တနင်္လာနေ့ ဖြစ်သည်။

ဘုရားလောင်းသည် နတ်ဗြဟ္မာများ ခြံရံလျက် ဖွားဖက်တော် ဆန္နအမတ်အား မြင်းမြီးကို ကိုင်ဆွဲစေပြီးလျှင် ကဏ္ဍကမြင်းကို စီးလျက် မြို့တော်မှ ထွက်လေသည်။ မြို့တံခါးအနီးသို့ ရောက်သော အခါ မြို့စောင့်နတ်များက လူတစ်ထောင်ဖွင့်မှ ပွင့်နိုင်သော တံခါးကို တန်ခိုးဖြင့် ဖွင့်ပေးကြသည်။ ထိုအချိန် တွင် မာရ်နတ်ရောက်လာ၍ "အသင်မင်းသား ….. တောထွက်ဖို့ မလိုပါ။ မကြာခင် ခုနစ်ရက်မြောက်၌ စကြာရတနာ ဆိုက်ရောက်ပါလိမ့်မည်" ဟုပြော၍ တားလေသည်။ သို့သော် ဘုရားလောင်းကမူ ဂရုမထားဘဲ သွားမြဲအတိုင်းသွားလေသည်။ ထိုသို့ တောထွက်တော်မူလာရာ အနော်မာမြစ်ကမ်းသို့ ဆိုက်ရောက်တော်မူလျှင် မြင်းတော်ကို အချက်ပေး၍ ရှစ်ဥသဘ (၆၃.၉၈ မီတာ) ဝေးသော တစ်ဖက်ကမ်းသို့ ခုန်ပျံစေ၏။ တစ်ဖက်ကမ်းသို့ ရောက်သော် သဲသောင်ပြင်တွင် ထိုင်တော်မူ၍ သန်လျက်ဖြင့် ဆံတော်ကို ကိုယ်တိုင်ပယ်လေသည်။ ထိုသို့ ပယ်၍ "ဘုရားဖြစ်မည်မှန်လျှင် ဆံတော်သည် ကောင်းကင်မှာ တည်ပါစေသား" ဟု အဓိဋ္ဌာန်၍ မြှောက် လိုက်ရာ ဆံတော်သည် ကောင်းကင်၌ တည်လေသည်။ ကောင်းကင်၌ တည်နေသော ဆံတော်ကို သိကြားမင်းက ခံယူ၍ တာဝတိံသာနတ်ပြည်တွင် စူဠာမဏိစေတီ တည်ထားလေသည်။ ထို့နောက် ယဋိကာရ ဗြဟ္မာ ဆက်ကပ်လာသော သင်္ကန်းဖြင့် ရဟန်းပြုတော်မူ၍ ဝတ်လဲတော်ပုဆိုးကိုလည်း ယဋိကာရဗြဟ္မာမင်း ယူ၍ ဗြဟ္မာ့ပြည်ဝယ် ဒုဿစေတီ တည်ထားကိုးကွယ်လေသည်။

ဒုက္ကရစရိယာကျင့်တော်မူခန်း

ဘုရားလောင်းသည် ရဟန်းပြုပြီးနောက် ဒေသစာရီ လှည့်လည်တော်မူစဉ် အာဋ္ဌာရ ရသေ့နှင့် ဥဒကရသေ့တို့ထံ ဝင်၍ တရားထူးကို စုံစမ်းတော်မူရာ လောကီဈာန်လောက်ကိုသာ ထိုရသေ့တို့အထံမှ ရရှိ သဖြင့် တင်းတိမ်အားရတော်မမူသေးသောကြောင့် ဥရုဝေဠတောသို့ ကြွ၍ ဒုက္ကရစရိယာအကျင့်ကို ကျင့် တော်မူသည်။ ရှေးဦးစွာ သေနာ မည်သော နိဂုံးသို့ ဆွမ်းခံဝင်ကာ ဆွမ်းဘုဉ်းပေး တော်မူပြီးလျှင် မေတ္တာဘာ၀နာကို ပွားများလျက် ထိုနေ့ကာလကို လွန်စေတော်မူသည်။ ထို့နောက် ဆွမ်းအာဟာရကို သုံးဆောင်တော်မမူတော့ဘဲ အလိုအလျောက် ကြွေကျလာသော သစ်သီးကိုသာ ကောက်ယူ၍ ဘုဉ်းပေးတော်မူ၏။ ထို့နောက် ထိုထိုဤဤ သစ်ပင်အောက် လှည့်လည်ကောက်ယူ၍ စားရ ခြင်းကိုပင် အလုပ်ပျက်သည်ဟု အယူရှိသဖြင့် ကိုယ်တော်မြတ်နေရာ သစ်ပင်အောက်၌သာ ကြွေကျသော သစ်သီးများဖြင့်ပင် မျှတတော်မူလေသည်။ ထို့နောက် အစာအာဟာရ စားသောက်နေခြင်းကိုပင် အလုပ်ပျက်သည်ဟု ထင်တော်မူ၍ လုံး၀ အစာမစားဖို့ရန် ကြံတော်မူသည်။ သို့သော် နတ်များက အစာမစားလျှင် နတ်ဩဇာသွင်းပေးမည်ဟု လျှောက်လေသည်။ ထိုသို့ နတ်ဩဇာအသွင်းအခံလိုသောကြောင့် တစ်လက်ခုပ်လောက် ပဲရည်၊ ဆီးသီး လေးကိုမျှ ဘုဉ်းပေးတော်မူလေသည်။ ထိုသို့ ကြီးစွာသော ဝီရိယဖြင့် အစာအနည်းငယ်သာ စားကာ အားထုတ်မှုကြောင့် ဘုရားလောင်း၏ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော ခန္ဓာကိုယ်သည် ညိုမဲခြောက်ကပ်၍ နေလေသည်။ သွေးသားဟူ၍ မရှိတော့ ဘဲ အရိုးနှင့် အရေသာ ကျန်လေတော့၏။ ဤသို့ ဘုရားဖြစ်ရန် ခက်ခဲပင်ပန်းစွာ ကျင့်တော်မူလေသည်။ ဘုရားလောင်းသည် ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင်တိုင်ကျင့်သော်လည်း တရားထူး မရသောကြောင့် ထိုအကျင့်ကို စွန့်လိုက်လေသည်။ ထို့နောက် သေနာနိဂုံး၌ ဆွမ်းခံ၍ အာဟာရကို ပြန်လည် မှီဝဲလေသည်။ ထို့ကြောင့် မကြာမီပင် အားအင်တိုးပွား၍ ယခင်အသားအရေများ ပြန်လည်ဖြစ် ပေါ်လာလေသည်။

မာရ်နတ်ကို အောင်တော်မူခန်း

ဘုရားလောင်းသည် ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့တွင် သေနာနိဂုံးနေ သူဌေးကတော် သုဇာတာ၏ နို့ဃနာဆွမ်းကို ရွှေခွက်နှင့်တကွ အလှူခံတော်မူ၍ နေရဉ္စရာမြစ်ကမ်း၌ ၄၉လုတ်မျှ ဘုဉ်းပေးတော်မူပြီးလျှင် "ယနေ့ ဘုရားဖြစ်မည်မှန်လျှင် ဤရွှေခွက်သည် ရေညာသို့ ဆန်တက်စေသား" ဟု အဓိဋ္ဌာန်၍ မျှောလိုက် ရာ ရွှေခွက်သည် ရေညာသို့ ဆန်တက်သွား၍ ကာဠနဂါးမင်းဗိမာန်တွင်းသို့ သက်ဆင်းကာ ရှေးဘုရားရှင်တို့ ၏ ရွှေခွက်အောက်၌ တည်လေသည်။ ထို့နောက် ဘုရားလောင်းသည် နေရဉ္စရာမြစ်ကမ်းဘေးရှိ အင်ကြင်းဥယျာဉ်တွင်း၌ နေ့ဘက်တွင် သီတင်းသုံးတော်မူ၍ ညနေချမ်းတွင် ဗောဓိပင်သို့ ကြွတော်မူစဉ် လမ်းခရီးအကြားတွင် မြတ်ရိတ်သမား ပုဏ္ဏားထံမှ မြက်ရှစ်ဆုပ်ကို အလှူခံလျက် ဗောဓိညောင်ပင်အောက်သို့ ရောက်သောအခါ ထိုမြက်များကို ခင်းလိုက်လေသည်။ ထိုအခါ ဆယ့်လေးတောင်ကျယ်သော မြက်ဖြင့်ပြုသော ပလ္လင်တော် ပေါ်လာ လေသည်။ ဤကဲ့သို့ နွေကာလဝယ် စိမ်းစိုသော မြက်ခင်းပေါ်တွင် "ဘုရားမဖြစ်သမျှ ဤထက်ဝယ်ဖွဲ့ခွေထား သော တင်ပျဉ်ကို မဖျက်တော့အံ့" ဟု ဓိဋ္ဌာန်၍ထိုင်နေတော်မူသောအခါ နတ်သိကြားများ ရောက်လာလေ သည်။ သိကြားမင်းသည် ဝိဇယုတ္တရ အမည်ရှိ ခရုသင်းကို မှုတ်လျက် အောင်သံပေးနေလေ၏။ ပဉ္စသီခနတ်သားသည် ဗေဠု၀စောင်းကို တီးနေလေသည်။ သုယာမနတ်မင်းနှင့် သန္တုသိတနတ်မင်းတို့ကမူ သားမြီးယပ် နှင့် ပတ္တမြားရပ်များကို တငြိမ့်ငြိမ့် ခတ်နေ၏။ သဟမ္ပတိဗြဟ္မာမင်းမှာ ထီးဖြူတော်ကို ဆောင်းမိုးနေ၏။ ကာဠနဂါးမင်း၏ ကိုယ်ရံတော် နဂါးပျိုမလေးများက ဘုန်းတော်ဘွဲ့များကို သာယာစွာ ရွတ်ဆိုနေကြ၏။ အခြားသော နတ်ဗြဟ္မာအပေါင်းတို့သည် ပန်းနံ့သာအမျိုးမျိုးဖြင့် ပူဇော်ကြလေသည်။

ဤသို့သော အခြင်းအရာကို မာရ်နတ်မင်းမြင်သော် ချက်ချင်းပင် နတ်ပြည်တက်၍ မိမိစစ်သည် တပ်သားများကို စုစည်းလျက် မိမိကိုယ်တိုင်က လက်နက်အမျိုးမျိုးဆွဲကိုင်သော လက်ရုံးတစ်ထောင် ဖန်ဆင်းပြီးလျှင် ဂီရိမေခလာ ဆင်ပြောင်ကြီးကို စီးကာ ဗောဓိပင်သို့ ချီတက်လာလေသည်။ သို့သော် ဗောဓိပင်အနားသို့ မကပ်ဝံ့ဘဲ အဝေးကနေသာ အမျိုးမျိုးသော လက်နက်များဖြင့် ပစ်ခတ်ကြ လေသည်။ မာရ်နတ်၏ စစ်သည်များ တက်လာကာစကပင် နတ်ဗြဟ္မာတို့သည် ဝေးရာအရပ်မှ ရှောင်လွှဲ၍ အောင်ပွဲကို ကြည့်ရှုကြလေသည်။ ဘုရားလောင်းသည် တစ်ပါးတည်းကျန်ရစ်သော်လည်း အနည်းငယ်မျှ စိုးရွံ့တော်မမူဘဲ မာရ်နတ်ကို မေတ္တာဖြင့် ကြည့်တော်မူလျက် နှစ်သက်ဖွယ်စကားများကို တုံ့ပြန်ပြောဆို တော်မူပြီးလျှင် "ဤပုလ္လင်နေရာရဖို့အတွက် မရေမတွက်နိုင်သော ကာလတုန်းက စွန့်လွှတ်ခဲ့ရသည်ကို ထားလိုက်ပါဦးတော့။ နောက်ဆုံးဖြစ်သော ဝေဿန္တရာဘ၀ဝယ် ကြင်ရာတော်မဒ္ဒီမိဖုရားကို လှူတုန်းက ဤမဟာပထဝီမြေကြီးသည် ပဲ့တင်ဟီးလျက် ရိုက်တီးဆော်ခတ် အသိအမှတ်ပြုခဲ့ဖူးလေပြီ" ဟု မိန့်တော်မူလျက် လက်တော်ဖြင့် မြေကိုသုံးသပ်တော်မူလိုက်သောအခါ မြေကြီးသည် ပြင်းထန်စွာ လှုပ်ခတ်လေသည်။ မဟာပထဝီမြေကြီး၏ တုန်လှုပ်သံမှာ ပြင်းစွာ ဆူညံသည့်အပြင် ကောင်းကင်တစ်ပြင်လုံးလည်း တဂျုံးဂျုံးထစ်ခြုန်းလျက် မိုးကြိုးများ ကျရောက်လေ၏။ ထိုသို့ တစ်ပြိုင်နက် အကြီးအကျယ် ကြောက်မက် ဖွယ်များ ဖြစ်ပေါ်လာသောအခါ မာရ်နတ်သည် ကြောက်လန့်၍ ထွက်ပြေးလေသည်။ နောက်လိုက်နောက် ပါ စစ်သည်များအားလုံးလည်း အစုအရုံးပျက်ပြား၍ နတ်ပြည်သို့ တက်ပြေးကြလေသည်။ ဤသို့ဖြင့် ဘုရားလောင်းသည် မာရ်နတ်ကို နေမဝင်မီ အောင်တော်မူလေသည်။

ဘုရားဖြစ်တော်မူပုံ

ဘုရားလောင်းသည် မာရ်နတ်ကို အောင်တော်မူပြီးနောက် အာနာပါန ကမ္မဋ္ဌာန်းကို ဆက်လက်၍ အားထုတ်လေသည်။ ညဉ့်ဦးယံသို့ ရောက်သောအခါ ရှေးဘ၀များကို ပြန်လည်အောက်မေ့သတိရနိုင်သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူ၏။ ထို့နောက် သန်းခေါင်ယံအချိန်တွင် တစ်လောကလုံး၌ ရှိသော သတ္တဝါအပေါင်းကို တွေ့မြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူ၏။ ထို့နောက် မိုးသောက်ယံတွင် ကိလေသာဟူသမျှကို အကြွင်းမရှိ ပယ်သတ်နိုင်သော အာသဝက္ခဉာဏ်ကို ရတော်မူသည်။ နေအရုဏ် တက်သည်နှင့် တစ်ပြိုင်နက် တရားအလုံးစုံကို ဆရာမကူ ကိုယ်တိုင်သိတော်မူသော သဗ္ဗညုတဘုရား အဖြစ်သို့ ရောက်တော်မူလေသည်။ အချိန်ကား မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့ ဖြစ်သည်။

ဓမ္မစကြာတရားဟောတော်မူခြင်း

ဘုရားလောင်း ဖွားမြင်စ၌ လက္ခဏာဖတ် ပုဏ္ဏားရှစ်ယောက် တို့အနက် ငါးယောက်က ဘုရားလောင်းသည် ဧကန်မုချ ဘုရားဖြစ်မည်ဟု ယုံကြည်သောကြောင့် ဘုရားလောင်း တောထွက် သောအခါ ရသေ့ရဟန်းပြု၍ ဘုရားလောင်းကို လုပ်ကျွေးပြုစုကြလေသည်။ သို့သော် ခြောက်နှစ်ကြာ ပြီးနောက် ဘုရားလောင်း ဆွမ်းအာဟာရ ဘုဉ်းပေးသည်ကို မြင်သောအခါ ဘုရားဖြစ်တော့မည်မဟုတ်ဟု ထင်သောကြောင့် ဘုရားလောင်းထံမှ ထွက်ခွါကာ ဗာရာဏသီအနီး မိဂဒါဝုန်တော၌ နေကြလေသည်။

ဘုရာလောင်းသည် ဘုရားဖြစ်တော်မူပြီးနောက် တရားဦးဟောထိုက်သူကို ဆင်ခြင်တော်မူသော အခါ ထိုရသေ့ငါးဦးကို မြင်တော်မူ၍ ဗောဓိပင်မှ တစ်ဆယ့်ရှစ်ယူဇနာ (၂၂၈.၉၆ မိုင်) ဝေးကွာသော ဣသိပတန မိဂဒါဝုန်တော (ဘုရား ပစ္စေကဗုဒ္ဓါတို့ ဆင်းသက်ရာ၊ သားသမင်တို့အား ဘေးမဲ့ပေးရာတော) သို့ ခြေကျင်ကြွတော်မူသည်။ ရှေးရှေးသော ဘုရားရှင်တို့သည် ဓမ္မစကြာ တရားကို ဟောကြားရန် ကောင်းကင်ခရီးဖြင့် ကြွတော်မူသော်လည်း ဂေါတမဘုရားရှင်ကမူ မဂ်ဖိုလ်မျိုးစေ့ရှိသော ဥပကနှင့် တွေ့လို၍ ၂၂ မိုင် ခရီးကို ခြေဖြင့်သာ ကြွတော်မူလေသည်။ ထို့နောက် မဟာသက္ကရာဇ် ၁၀၃ ခု ဝါဆိုလပြည့်နေ့ စနေနေ့၏ ညနေချမ်း၊ အနောက်ဘက်၌ နေဝင်၍ အရှေ့ဘက်၌ အာသဠီနက္ခတ်နှင့် ယှဉ်လျက် လပြည့်ဝန်းပေါ်ထွက်လာသော အချိန်တွင် ပဉ္စဝဂ္ဂီရသေ့ငါးပါးအား ဓမ္မစကြာ တရားဦးကို ဟောကြားတော်မူလေသည်။ တရားအဆုံး၌ တစ်ဆယ့်ရှစ်ကုဋေသော နတ်ဗြဟ္မာတို့ နှင့်အတူ အရှင်ကောဏ္ဍည သောတာပန် တည်လေသည်။ ထို့နောက် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင်ဝပ္ပ၊ ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ၃ ရက်နေ့တွင် အရှင်မဟာနာမ်၊ ၄ ရက်နေ့တွင် အရှင်အဿဇိတို့ အသီးသီး သောတာပန်တည်ကြလေသည်။ ထို့နောက် ဝါဆိုလပြည့်ကျော် ၅ ရက်နေ့တွင် အနတ္တလက္ခဏာ သုတ်တော်ကို ဟောတော်မူသောအခါ ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာဖြစ်သွားကြလေသည်။

သာသနာပြုတော်မူခြင်း

ပဉ္စဝဂ္ဂီတို့အား ရဟန်းပြုပေးပြီးသောအခါ ဗုဒ္ဓ၊ ဓမ္မ၊ သံဃဟူ၍ ရတနာသုံးပါး အစုံအလင် ပေါ်ထွန်း လာပြီး မကြာမီမှာပင် ဗာရာဏသီမှ ယသသူဋ္ဌေးသားအမှူးပြုသော သူငယ်ချင်း ၅၅ ဦးတို့သည် ဘုရားရှင် ၏ တရားတော်ကို နာကြားရကာ ဧဟိဘိက္ခူ ရဟန္တာများ ဖြစ်လာခဲ့ကြသည်။ ဤအရှင်မြတ် အပါး၆၀သည် ဗုဒ္ဓသာသနာတွင် အဦးဆုံးသော သံဃအဖွဲ့အစည်းပင် ဖြစ်သည်။ ဘုရားရှင်နှင့်တကွ ထိုသံဃာတော်များသည် ရှေးဦးစွာ မိဂဒါဝုန်တော၌ သီတင်းသုံး နေထိုင်ခဲ့ကြ သည်။ မိုးလေကင်းလွတ် ဝါကျွတ်သောအခါ ဘုရားရှင်သည် ဝေနေယျတို့အား ဆုံးမသွန်သင်ရန် သံဃာ တော်အားလုံးကို ဒေသအသီးသီးသို့ သာသနာပြု စေလွှတ်တော်မူသည်။ စေလွှတ်ရာ၌ ရဟန်းတစ်ပါးလျှင် ခရီးတစ်ကြောင်းကျစီဖြင့် ခရီးထွက်ကြရန် ညွှန်ကြားတော်မူသည်။ ဘုရားရှင်ကိုယ်တော်တိုင်လည်း ဥရုဝေဠ တောသို့ ကြွတော်မူကာ သာသနာပြုလေသည်။ ဤအချိန်မှစ၍ ဘုရားရှင်သည် ၄၅ ဝါပတ်လုံး သာသနာပြု တော်မူခဲ့သည်။

ပရိနိဗ္ဗာန်စံတော်မူခြင်း

ဂေါတမမြတ်စွာဘုရား၏ နောက်ဆုံးခရီးကို ဒီဃနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ်၌ မှတ်တမ်းတင် ထားသည်။ ဤမှတ်တမ်းကို ရာဇဂြိုဟ်ပြည်၊ ဂိဇ္ဈကုဋ်တောင်မှ စတင်ထားသည်။ မှတ်တမ်းအရ ရာဇဂြိုဟ်ပြည်အနီး၊ ဂိဇ္ဈကုဋ်တောင်တွင် ဘုရားရှင်သီတင်းသုံးနေစဉ် ဘုရားရှင်ထံ သို့ ဝေသာကာရအမတ်ချုပ်ကြီး ရောက်ရှိလာသည်။ ဝေသာကာရမှာ အဇာတသတ်ဘုရင်၏ အမတ်ချုပ်ကြီး ဖြစ်ပြီး ဝေသာလီပြည်ကို တိုက်ခိုက်လျှင် အောင်နိုင်၊ မအောင်နိုင် အဇာတသတ်က ဘုရားရှင်ထံ မေးမြန်း ခိုင်းသောကြောင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ဝေသာကာရ၏ စုံစမ်းမှုကို ဘုရားရှင်က တိုက်ရိုက်အဖြေ မပေးဘဲ ဝေသာလီပြည်သားများသည် အပရိဟာနိယတရားခုနစ်ပါးတို့ကို ကျင့်သုံးနေသမျှ ကာလပတ်လုံး ၎င်းတို့အား မည်သည့်ရန်သူကမျှ အောင်မြင်မည်မဟုတ်ကြောင်း အရှင်အာနန္ဒာအား မိန့်ကြားခဲ့သည်။ ထို့နောက် ဗုဒ္ဓသည် အမ္ဗလဠီကာဥယျာဉ်နှင့် နာဠန္ဒာမြို့သို့ ထွက်ခွာတော်မူခဲ့သည်။ ထိုနှစ်နေရာတွင် တရား ဟောခဲ့ပြီးနောက် ပါဋလိရွာသို့ ခရီးဆက်တော်မူသည်။ ထိုရွာတွင် အဇာတသတ်၏ အမတ်ကြီးများဖြစ် သော သုနိဓနှင့် ဝေဿတာရတို့ ကပ်လှူသော ဆွမ်းကို အလှူခံခဲ့သည်။ တရားဓမ္မများ ဟောကြားခဲ့သည်။ ထို့နောက် ဂင်္ဂါမြစ်ကို ဖြတ်ကူးပြီးလျှင် မြစ်တစ်ဖက်ကမ်းရှိ ကောဋိရွာနှင့် နာတိကရွာတို့၌ ခေတ္တနားနေတော် မူသည်။ ထို့နောက် ဝေသာလီပြည်သို့ ကြွတော်မူသည်။

ဝေသာလီပြည်တွင် အမ္ဗပါလီ၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူပြီး တရားဟောတော်မူသည်။ အမ္ဗပါလီလှူဒါန်းသော ဆွမ်းကို အလှူခံတော်မူသည်။ ထိုအချိန်၌ ဝေသာလီကို အုပ်စိုးသော လိစ္ဆဝီမင်းတို့ သည် ဘုရားရှင်အား လာရောက်ဖူးမြော်ကြသည်။ ထို့နောက် ဘုရားရှင်သည် ဝေသာလီပြည်အနီး တောင်ဘက်ရှိ ဝေဠု၀ရွာသို့ ဆက်လက်ကြွတော်မူသည်။ ဘုရားရှင်သည် ဝေဠု၀ရွာတွင် ၄၅ဝါမြောက် နောက်ဆုံးဝါကို ကပ်ဆိုတော်မူသည်။ ဝေဠု၀ရွာ၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်သည် နာမကျန်းဖြစ်ကာ ဝေဒနာပြင်းစွာ ဖြစ်သည်။ ဖလသမာပတ်ဝင်စား၍ ဝေဒနာကို ထိန်းချုပ်တော်မူသည်။ တပည့်သာ၀က ရဟန်းများကို စုဝေးစေကာ နောက်သုံးလလွန်လျှင် ပရိနိဗ္ဗာန်စံတော်မူမည် ဖြစ်ကြောင်း အသိပေးတော်မူသည်။ ဝါကျွတ်သောအခါ ဗုဒ္ဓသည် သာဝတ္ထိပြည်သို့ ကြွတော်မူသည်။ ထိုစဉ် လက်ယာတော်ရံ အရှင်သာရိပုတ္တရာသည် မိမိ၏ဇာတိ နာဠကရွာရှိ မယ်တော်၏ တိုက်ခန်း၌ တန်ဆောင်မုန်းလပြည့်နေ့ညတွင် ပရိနိဗ္ဗာန်ပြုတော်မူသည်။ ထို့နောက် တန်ဆောင်မုန်းလကွယ်နေ့ညတွင် လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန် ပရိနိဗ္ဗာန်ပြုတော်မူသည်။ ထို့နောက် ဘုရားရှင်သည် ဝေသာလီပြည်သို့ ကြွတော်မူ သည်။ ထို့နောက် ဝေသာလီမှ ထွက်ခွာတော်မူသည်။

ဘုရားရှင်သည် ဘဗ္ဗုရွာ၊ ဟတ္ထိရွာ၊ အမ္ဗရွာ၊ ဇမ္ဗုရွာတို့တွင် ခရီးတစ်ထောက်စီနားပြီး ဘောဂမြို့သို့ ရှေးရှုကြွတော်မူသည်။ ထိုမှတစ်ဆင့် မလ္လာမင်းတို့၏ နေပြည်တော်ဖြစ်သော ပါဝါမြို့သို့ ဘုရားရှင် ရောက်ရှိ တော်မူသည်။ ပါဝါမြို့တွင် ခေတ္တသီတင်းသုံးနေစဉ် ပန်းထိမ်သည် စုန္ဒလှူဒါန်းသော ဆွမ်းကို အလှူခံဘုဉ်း ပေးတော်မူသည်။ ဤဆွမ်းသည် ဘုရားရှင် ဘုဉ်းပေးတော်မူသော နောက်ဆုံးဆွမ်း ဖြစ်သည်။ ဘုရားရှင်သည် ဝမ်းသွေးသွန် ရောဂါဖြစ်တော်မူသည်။ သို့ရာတွင် ဘုရားရှင်သည် ရောဂါကို သမာပတ်ဖြင့် ထိန်းချုပ်လျက် ကုသိနာရုံမြို့သို့ ခရီးဆက်တော်မူသည်။ ၃ ဂါဝုတ်နီးပါး (၉.၅၄ မိုင်ခန့်) ဝေးသောဤခရီးတွင် ဘုရားရှင်သည် ၂၅ ကြိမ်ခန့် နားတော်မူသည်။ တစ်ကြိမ်နားနေစဉ် ဘုရားရှင်သည် ရေအလွန်မွတ်သိပ်တော်မူသဖြင့် အနီးနားရှိချောင်းငယ်မှရေကို ခပ်ယူဆပ်ကပ်ရန် အရှင်အာနန္ဒာအား တိုက်တွန်းစေခိုင်းတော်မူသည်။ ထို့နောက် ကကုဓာမြစ်သို့ ရောက်ရှိသောအခါ ရေသုံးသပ်တော်မူပြီး ခေတ္တ မျှ လဲလျောင်းအပန်းဖြေတော်မူသည်။ ထို့နောက် နေဝင်ပြီး မှောင်စပျိုးချိန်တွင် ကုသိနာရုံသို့ ဘုရားရှင်ရောက်ရှိတော်မူသည်။ မလ္လာမင်း တို့၏ အင်ကြင်းတောအတွင်း အင်ကြင်းပင်ပျိုနှစ်ပင်ကြား ခင်းထားသော ညောင်စောင်းပေါ်တွင် ဘုရားရှင် လဲလျောင်းတော်မူသည်။ ဘုရားရှင်၏ သတင်းကို ကြားသောအခါ မလ္လာမင်းတို့သည် စုဝေးရောက်ရှိလာကြသည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော့မည်ဖြစ်ကြောင်း သိကြသောအခါ ပူဆွေးငိုကြွေးကြ သည်။ ဘုရားရှင်အား နောက်ဆုံးဖူးမြော်ရန် ရောက်ရှိလာသော မလ္လာမင်းများကို အရှင်အာနန္ဒာသည် တစ်သုတ်ပြီးတစ်သုတ် ဘုရားရှင်ထံသို့ ပို့ပေးသည်။ ဤသို့ဖြင့် ညဉ့်၏ ပထမယံ ကုန်လွန်သွားသည်။

သန်းခေါင်ယံတွင် သုဘဒ္ဒအမည်ရှိ ပရိဗ္ဗိုဇ်ရောက်ရှိလာပြီး ဘုရားရှင်ထံ ပြဿနာမေးခွင့် တောင်းသည်။ ဘုရားရှင် ပင်ပန်းတော်မူမည်စိုးသောကြောင့် အရှင်အာနန္ဒာက ခွင့်ပြုတော်မမူ။ ထိုအကြောင်းကို ဘုရားရှင်သိတော်မူသောအခါ သုဘဒ္ဒအား ခေါ်စေတော်မူပြီး မေးလျှောက်သမျှ ပြဿနာ များကို ကောင်းစွာဖြေကြားတော်မူသည်။ သုဘဒ္ဒစိတ်တွင် မတင်မကျ ဖြစ်နေသော သံသယများ ရှင်းလင်း သွားကာ ရဟန်းပြုခွင့်တောင်းသည်။ ဘုရားရှင်က ချက်ချင်းပင် ရဟန်းပြုခွင့် ပေးတော်မူသည်။ ထို့နောက် တရားအားထုတ်လေရာ ဘုရားရှင် ပရိနိဗ္ဗာန်မစံတော်မူမီပင် ရဟန္တာဖြစ်သွားလေသည်။ ထို့နောက် ရဟန်းတော်များကို မိမိဟောကြားခဲ့သော တရားများသည် မိမိမရှိသည့်နောက် ရဟန်း တော်တို့အတွက် ဆရာဖြစ်တော်မူသည်ဟု မိန့်တော်မူသည်။ ထို့နောက် တရားတော်အပေါ် သံသယတစ်စုံ တစ်ရာရှိလျှင် ယခုပင်မေးရန် လျှောက်ထားတော်မူသည်။ သို့သော် မည်သူမှ မမေးဘဲ ဆိတ်ဆိတ်နေတော် မူကြသည်။ ထိုအခါ ဘုရားရှင်က ယခုစု‌ေ၀းနေသော ရဟန်းတော်တို့အနက် အနိမ့်ဆုံးမှာ သောတာပန်များ သာဖြစ်ကြောင်း မိန့်ကြားတော်မူသည်။ ထို့နောက် "ဟန္ဒ ဒါနိ ဘိက္ခေဝ အာမန္တယာမိဝေါ၊ ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ" (ရဟန်းတို့ ယခုအခါ၌ အကျဉ်းအားဖြင့် သင်တို့ကို ငါဘုရားမှာကြားတော်မူမည်။ ကံ စိတ် ဥတု အာဟာရ တည်းဟူသော အကြောင်းလေးပါး သင်္ခါရတရားတို့သည် ပျက်တတ်သော သဘောရှိကုန်၏။ သင်တို့သည် မမေ့လျော့သောသတိဖြင့် ပြည့်စုံကြစေကုန်လော့) ဟု နောက်ဆုံးတရားတော်ကို ဟောတော်မူပြီးနောက် စတုတ္ထဈာန်ဝင်စားကာ ပဋိသန္ဓေနေ တော်မူစဉ်က စိတ်နှင့်တူသော စုတိစိတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူသည်။ ထိုအခါ မဟာပထဝီမြေကြီးသည် ပြင်းထန်စွာ မြည်ဟီး၍ အကြီးအကျယ်တုန်လှုပ်လေသည်။ ဤအချိန်သည်ကား မဟာသက္ကရာဇ် ၁၄၈ခု (ဘီစီ - ၅၄၃) ကဆုန်လပြည့်နေ့ အင်္ဂါနေ့ မိုးသောက်ယံအချိန် ဖြစ်သည်။ သက်တော် ၈၀၊ ဝါတော် ၄၅ ဝါအရတွင် ပရိနိဗ္ဗာန်ပြုတော်မူခြင်းဖြစ်သည်။

မဟာသက္ကရာဇ် ၁၄၈ခု၊ ကဆုန်လဆုတ် ၁၂ ရက် တနင်္ဂနွေနေ့တွင် တေဇောဓာတ် လောင်တော် မူသည်။ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို ဒေါဏပုဏ္ဏားက ရှစ်ပြည်ထောင်မင်းများကို ရှစ်ပုံစီ ခွဲဝေပေး လေသည်။

မှတ်စုများ

  1. According to Mahaparinibbana Sutta,[3] Gautama died in Kushinagar, which is located in present-day Uttar Pradesh, India.

ကျမ်းကိုး

  1. Cousins 1996, pp. 57–63.
  2. Norman 1997, p. 33.
  3. "Maha-parinibbana Sutta"Digha Nikaya၊ Access insight၊ part 5
  4. /ˈɡɔːtəmə, ˈɡ- ˈbdə, ˈbʊdə/
  5. /sɪˈdɑːrtə, -θə/; သင်္သကရိုက်: [sid̪ːʱɑːrt̪ʰə gəut̪əmə]
  6. Baroni 2002, p. 230.
  7. သင်္သကရိုက်: [ɕɑːkjəmun̪i bud̪ːʱə]
  • ၁။ ရတနာ့ဂုဏ်ရည် (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
  • ၂။ မဟာဓမ္မစကြာအရသာ (ညောင်လေးပင်မြို့တောရကျောင်းတိုက် နာယကဆရာတော် ဦးအရိယမထေရ်မြတ် (အဂ္ဂမဟာပဏ္ဍိတ)
  • ၃။ ရုပ်စုံဗုဒ္ဓသာသနာဝင် (ဝိုင်အမ်ဘီအေ အသင်း)
  • ၄။ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းစာအုပ် (ဓမ္မဗျူဟာသာသနမာမကအဖွဲ့)
  • ၅။ ဓမ္မရသ အလှမျိုးစုံ စာမျိုးစုံ (သုခ)
  • ၆။ ထေရဝါဒနှင့်ပတ်သက်သော မှတ်ချက်များ (နန္ဒာသိန်းဇံ)
  • ၇။ မင်္ဂလာရောင်ခြည် ဗုဒ္ဓဝင်ရုပ်စုံ (မင်းယုဝေ)
  • ၈။ ပုံတော်စုံ ဆယ်စောင်တွဲ (ခင်ချိုထွန်းစာပေ)
  • ၉။ ဆရာတော်ကြီးများ၏ ဆုံးမဩဝါဒဆောင်ပုဒ်များစာအုပ် ( ပြွန်တန်ဆာမြို့ ရွှေကျင်ဂိုဏ်း ဝိနည်းစာတော်ပြန်ပွဲ အထိမ်းအမှတ် )


ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.