ဝေသာလီပြည်

အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်မြောက်ပိုင်း ဗေဆာရမြို့ တည်ရာအရပ်သည် ဗုဒ္ဓဘုရားသခင် သက်တော်ထင်ရှားရှိစဉ်အခါက ဝေသာလီပြည် တည်ရာဌာန ဖြစ်သော်လည်း ယခုအခါတွင်မူ ရှေးဟောင်းသုတေသနနေရာ တစ်ခုအနေဖြင့် တည်ရှိနေသည်။ အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ ပေါသထသုတ် ပါဠိတော်လာ တိုင်းကြီး ၁၆ တိုင်းအဝင် ဝဇ္ဇီတိုင်း၊ လိစ္ဆဝီမင်းတို့၏ မြို့တော်လည်းဖြစ်သည်။ ပထမဆုံးသော သမ္မတနိုင်ငံများအနက် တစ်ခုအဖြစ်လည်း မှတ်ယူကြသည်။ ဘီစီ ၄၈၃ တွင် ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်မစံမီ အာယုသင်္ခါရလွှတ်တော်မူခဲ့ရာ အရပ်ဖြစ်သလို၊ ဘီစီ ၃၈၃ တွင် ကာလောသောကမင်း ဦးဆောင်၍ ဒုတိယ သင်္ဂါယနာ ပြုလုပ်ခဲ့ရာ နေရာလည်းဖြစ်သည်။[1][2][3] တိုင်ထိပ်တွင် ခြင်္သေ့တစ်ကောင်ထိုင်နေဟန် ထွင်းထုထားသည့် အသောကကျောက်တိုင် မပျက်စီးပဲ ကျန်ရှိနေသော ကျောက်စာတိုင်များအနက် တစ်ခုဖြစ်သည်။

ဝေသာလီ
वैशाली
Vaiśālī
Vaishali
မြို့
ဝေသာလီ
Location in Bihar, India
ကိုဩဒိနိတ်: 25.99°N 85.13°E / 25.99; 85.13
နိုင်ငံ အိန္ဒိယ
ပြည်နယ်ဗီဟာပြည်နယ်
ခရိုင်ဝေသာလီ
ဘာသာစကားများ
  ရုံးသုံးBhojpuri၊ ဟင်ဒီ
အချိန်ဇုန်IST (UTC+5:30)

သမိုင်းကြောင်း

မဟာသက္ကရာဇ် ၁ဝ၆ ခုနှစ် မရောက်ခင်ကာလက ဝေသာလီပြည်သည် ဝပြော၏၊ သာယာ၏။ များစွာသောလူတို့ဖြင့်ပြွမ်း၏။ လူတို့သည် အလှည့်အားဖြင့် မင်းပြုကုန်၏။ တာဝတိံသာနတ်တို့နှင့် ပုံဟန်တန္တု ပမာပြု၍ ဘုရားသခင်ကိုယ်တော်တိုင် ချီးမွမ်းမြှောက်စားဟောကြားခြင်းကို ခံယူရရှိကြသော လိစ္ဆဝီမင်းပေါင်း ၇၇ဝ၇ ယောက်ရှိကုန်၏။ မင်းတို့နေရာ ပြာဿဒ် ၇၇ဝ၇ ဆောင် ၊ စုလစ်မွန်းချွန်တပ်သော တိုက် ၇၇ဝ၇ ခု၊ ဥယျာဉ် ရေကန်ပေါင်း ၇၇ဝ၇ ခု ရှိကုန်၏။ ဘုရားသခင်လက်ထက်တော်ကပင် လွန်စွာကြီးကျယ်ခမ်းနားသော တံတိုင်းသုံးထပ် အရံရှိသည့် မြို့တော်ဖြစ်သည်။ ရာဇဂြိုဟ်ပြည်နှင့်မူ ဂင်္ဂါမြစ်ခြား၍ ရှစ်ယူဇနာ ကွာဝေးသောဟူ၏။

မဟာသက္ကရာဇ် ၁ဝ၆ ခုနှစ် ရောက်သကာလ ဝေသာလီပြည်သည် မိုးခေါင်၏၊ ငတ်မွတ်၏၊ ကောက်ပဲသီးနှံတို့ညံ့ဖျင်း၏။ စွန့်ပစ်အပ်သော အကောင်ပုပ်တို့၏အနံ့ဖြင့် ဘီလူးတို့သည် မြို့သို့ဝင်ကုန်၏။ ထိုဘီလူးတို့ နှိပ်စက်သဖြင့် များစွာသောလူတို့သေကုန်၏။ အပုပ်နံ့တို့ကြောင့် လူတို့၌ ယင်းအနာ ကျရောက်လာလေသည်။ ဤသို့ ငတ်မွတ်သောဘေး၊ ဘီလူးဘေး၊ အနာဘေးအားဖြင့် ဘေးသုံးပါးတို့ကျရောက်သော် ဝေသာလီပြည်သူ ပြည်သားတို့ စည်းဝေး၍ ယင်းဘေးတို့မှလွတ်ရန် နည်းလမ်းရှာကြ၏။ မင်းတို့ တရားမစောင့်၍ ဘေးရောက်ရသလောဟု စစ်ကြောသောအခါ မင်းတို့၌လည်း အပြစ်အမြင့်၊ ဗလိနတ်စာ တင်ကြကုန်အံ့ဟု တိုင်ပင်ကာတင်ကြသော်လည်း ဘေးမငြိမ်းသဖြင့် မြတ်စွာဘုရားအား ဝေသာလီပြည်သို့ ပင့်ဖိတ်ရန် တိုင်ပင်ကြလေသည်။ ဘုရားသခင်သည် ထိုကာလ၌ ဗိမ္ဗိသာရမင်းအား ပဋိညာဉ်ကို ဖြေတော်မူလို၍ စတုတ္တဝါ ကပ်အံ့သောငှါ ဝါဆိုနေ့ နီးလတ်ချိန်မှစ၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူ၏။ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော ဘုရားသခင်အား ပင့်ရန် သောတပန်ဖြစ်သော မဟာလိမည်သည့် ဝဇ္ဇီမင်းနှင့် ပုရောဟိတ် ပုဏ္ဏားသားတို့ကို စေလွှတ်လိုက်လေသည်။ ဝေသာလီပြည်၌ ရတနာသုတ်ကို ဟောသဖြင့် ပရိတ်တော်၏ အာဏာတော်သည် စကြာဝဠာ ကမ္ဘာတစ်သိန်းနှံ့လတ္တံ၊ ဒေသနာအဆုံး၌ ၈၄ဝဝဝ ကုန်သောဝေနေယျတို့ အကျွတ်တရား ရကုန်လတ္တံ့၊ ထိုဘေးတို့သည်လည်း ငြိမ်းကုန်လတ္တံ့ဟုမြင်တော်မူသည့် အလျောက် ဝေသာလီပြည်သို့လိုက်ကြွတော်မူရန် ပင့်လျှောက်သည်ကို ဘုရားသခင် ဝန်ခံတော်မူလေသည်။

ဂင်္ဂါမြစ်ကို အထူးထူးသောအဆောင်အယောင်တို့ဖြင့် ဖြတ်ကူး၏။ ဘုရားသခင် ကြွလာတော်မူသည်ကို ဝဇ္ဇီမင်းများသည် လည်တိုင်အောင် ရေသို့သက်၍ ကြိုဆိုပင့်ဆောင်ကြလေသည်။ မြတ်စွာဘုရားသည် ဝေသာလီဘက်ကမ်းနားကိုနင်းကာမျှဖြင့် ကြီးစွာသောမိုးသည် တက်လတ်၍ ပေါက္ခရ မိုးကဲ့သို့ရွာ၏။ အလုံးစုံသောဝေသာလီတိုင်း၌ ပုဆစ်ဒူးမျှရှိသော ရေအယဉ်တို့သည် စီးကုန်လျက်ခပ်သိမ်းသောအရပ်၌ အကောင်ပုပ်တို့ ဂင်္ဂါမြစ်ထဲသို့ စီးဝင်ကြကုန်သဖြင့် မြေများ သန့်ရှင်းစင်ကြယ်လာလေသည်။ မြတ်စွာဘုရားလည်း ညချမ်းသောအခါ မြို့တံခါး၌ရပ်၍ အာနန္ဒာမထေရ်ကိုခေါ်ကာ ရတနာသုတ်ပရိတ်ကို တတ်အောင်သင်စေပြီးလျှင် မင်းသားပျိုတို့နှင့်တကွ ဝေသာလီပြည် တံတိုင်းသုံးထပ်တို့အကြား ပရိတ်ကိုရွတ်စေသည်။ ပဏိဓာနတော၊ ပဌာယတထာဂတဿ' အစရှိသောပါဌ်ဖြင့် ဆိုအပ်သော မြတ်စွာဘုရား၏ ဆယ်ပါးသောပါရမီတော် အစရှိသည့်အလုံးစုံသော မြတ်စွာဘုရား ကျေးဇူးတော် ဂုဏ်တော်တို့ကို ဆင်ခြင်၍ ဝေသာလီပြည်၏တံတိုင်း သုံးထပ်အကြားတို့၌ ညဉ့်သုံးယံပတ်လုံး ပရိတ်တော်ရွတ်ခြင်းကို ပြုလျက်သွား၏။ ထိုအခါ ဘီလူးတို့လည်းထွက်ပြေးကြကုန်သည်။

ဘေးသုံးပါးမှ ကင်းငြိမ်းကုန်သော ဝေသာလီပြည်သားတို့သည် မြတ်စွာဘုရားအား မြို့လယ်၌ အထူးထူးစီမံအပ်သော မင်းကွန်းစရပ်ပင့်၍ ပူဇော်ကြကုန်၏။ မြတ်စွာဘုရားလည်း ပရိသတ်တို့အား ရတနာသုတ်ကိုပင် ဟောတော်မူသည်။ သိကြားနတ် စသောပရိသတ်တို့လည်းတရားတော်ကို နာကြားကုန်ရာ ဒေသနာတော်အဆုံး၌ ၈၄ဝဝဝ ကုန်သော ဝေနေယျတို့ အကျွတ်တရားရကြကုန်၏။ မြတ်စွာဘုရားလည်း ခုနစ်ရက်ပတ်လုံး ရတနာသုတ်ပရိတ်ကိုသာ ရွတ်တော်မူပြီးမှ ရာဇဂြိုဟ်ပြည်သို့ ပြန်ကြွတော်မူသည်။ ထိုအခါမှစ၍ ဝေသာလီပြည်အလုံးသည် သာယာဝပြောလာခဲ့လေသည်။ ဝေသာလီပြည်၌ ဘေးရန်ကင်းစေရန် ရတနာသုတ်ကို ဟောတော်မူပြီးနောက် မြတ်စွာဘုရားသခင်သည် စတုတ္တဝါကို ရာဇဂြိုဟ်ပြည်၌ ဝါဆိုတော်မူသည်။ သက္ကရာဇ် ၁ဝ၇ ခုနှစ်တွင် ပဉ္စမဝါကို ဝေသာလီပြည်၊ မဟာဝုန်တော၊ ကုဋာဂါရသာလာသို့ကြွ၍ ဝါကပ်တော်မူပြန်သည်။ ထိုသို့ ဝါကပ်တော်မူစဉ် မိထွေးတော်ဂေါတမီအမှူးရှိသော သာကီဝင်မင်းသမီးအပေါင်းတို့အား ရဟန်းအဖြစ်သို့ခွင့်ပြုခဲ့ခြင်းဖြစ်သဖြင့် ဘိက္ခုနီသာသနာကို ဝေသာလီပြည်၌ စခဲ့သည်ဟု ဆိုနိုင်သည်။

မြတ်စွာဘုရားသခင်သည် မာရ်နတ်သား၏ အာယုသင်္ခါရ လွှတ်တော်မူရန် လျှောက်ထားခြင်းကို လက်ခံတော်မူပြီးနောက်လည်း ဝေသာလီပြည် ကုဋာဂါရသာလာသို့ကြွ၍ ရဟန်းအပေါင်းတို့အား သာသနာတော်၏ ကာလအရှည် တည်ထွန်းပေရာသော အကြောင်းတရားကို ဟောတော်မူပြီးနောက် သုံးလအကြာတွင် ပရိနိဗ္ဗာန်ပြုမည့်အကြောင်း မိန့်တော်မူလေသည်။ ထို့နောက် မိုးသောက်သော် ဝေသာလီပြည်သို့ ဆွမ်းခံဝင်ကာ ဆွမ်းခံရာမှ ဖဲခဲ့ပြီးသော် ပရိနိဗ္ဗာန်စံလွန်တော်မူခါနီး ဆင်မင်း၏ ကြည့်ရှုတော်မူခြင်းဖြင့် ဝေသာလီပြည်အား ပြန်လှည့်ကြည့်တော်မူလေသည်။ ဘုရားသခင်သည် ဝေသာလီပြည်အား အဆုံးစွန်သောကြည့်ခြင်းဖြင့် ကြည့်တော်မူသည့် အကြောင်းကား ပြည်သူပြည်သားတို့သည် မကြာမြင့်မီ ပျက်စီးခြင်းသို့ ရောက်ကုန်လတ္တံ့။ ဘုရားသခင်ရပ်၍ ကြည့်တော်မူရာကို နာဂါပလောကိတ မည်သောစေတီတည်၍ ပူဇော်ကုန်လတ္တံ့။ ထိုပူဇော်ခြင်းသည် ကြာမြင့်စွာ သောကာလပတ်လုံး စီးပွားချမ်းသာဖြစ်ကြလတ္တံ့ ဟုကြံ၍ ကြည့်တော်မူခြင်းဖြစ်လေသည်။[4]

ပျက်စီးခြင်း

ရာဇဂြိုဟ်ပြည် နှင့် ဝေသာလီပြည် နှစ်ပြည်အကြား၌ ဂင်္ဂါမြစ် သည်ရှိ၏။ ထိုမြစ်၏ကမ်းနား၌ ရွာကြီးတစ်ရွာရှိသည်။ ထိုရွာဆိပ်မှစ၍ ဝေသာလီပြည် လိစ္ဆဝီမင်းတို့၏ အာဏာစက်နှံ့ရာ အခွန်ခံရာဌာနသည် ယူဇနာခွဲဖြစ်၏။ ရာဇဂြိုဟ်ပြည် အဇာတသတ်မင်း၏ အာဏာနှံ့ရာ အခွန်ခံရာဌာနသည်လည်း ယူဇနာခွဲဖြစ်၏။ အခါတစ်ပါး အဇာတသတ်မင်း၏ အာဏာကို ဝေသာလီမင်းတို့ ကောက်ခံသုံးဆောင်သည်မှာ နှစ်နှစ်တိုင်အောင် ဖြစ်ခဲ့လေသည်။ ထိုအကြောင်းကို အဇာတသတ်မင်း သိသောအခါ ပြင်းစွာ အမျက်ထွက်၍ စစ်မက်ပြုရန် စိတ်ပေါ်လာလေသည်။ သို့ရာတွင် စစ်မက်ထိုးခြင်းသည် အလွန်ဝန်လေးသဖြင့် ဘုရားထံလျှောက်ထားပြီးမှ အကျိုးရှိ မည်ဆိုလျှင် စစ်ထိုးမည်ဟုစဉ်းစားလေသည်။ ထို့ကြောင့် ဝဿကာရ ပုဏ္ဏားအား ဘုရားသခင်ထံသို့လွှတ်၍ ဝေသာလီ လိစ္ဆဝီမင်းတို့အားဖျက်ဆီးခြင်းကိုပြုလိုပါကြောင်း လျှောက်ထားစေ၏။ ဘုရားသခင်ဆိတ်ဆိတ်နေက သဘောတူသည်ဟုယူဆ၍ စစ်ထိုးရန်ရည်ရွယ်သည်။

ဘုရားသခင်အား ဝဿကာရပုဏ္ဏားက အကြောင်းစုံလျှောက်သော် မြတ်စွာဘုရားသခင်လည်း ပုဏ္ဏားအား တစ်စုံတစ်ခုသောစကားကိုမပြန်မူ၍ အရှင်အာနန္ဒာကိုသာလျှင် လှည့်ကြည့်တော်မူလျက် 'ဝေသာလီမင်းတို့သည် မင်းတို့ကျင့်အပ်သော အပရိဟာနိယတရား ခုနစ်ပါးနှင့်ပြည့်စုံသည်ဟု သင်ကြားဖူးသလား' ဟုမေးတော်မူ၏။ ရှင်အာနန္ဒာကလည်း ခုနစ်ပါးသော ကျင့်ဝတ်ဓမ္မတို့ဖြင့် ပြည့်စုံသည်ဟုကြားဖူးကြောင်း နားတော်လျှောက်လေသည်။ ထိုအခါဘုရားသခင်က ပုဏ္ဏားအား 'ဝေသာလီမင်းတို့သည် ငါဟောကြားတော်မူခဲ့သည့်အတိုင်း အပရိဟာနိယတရား ခုနစ်ပါးနှင့်ပြည့်စုံစွာ ကျင့်လျက်ရှိကြသည်။ ထိုသို့ကျင့်သမျှသောကာလပတ်လုံး ပျက်သုန်းယို ယွင်းခြင်းမဖြစ်နိုင်ရာ' ဟုမိန့်တော်မူလိုက်၏။ ဘုရားသခင်သည် ဤမျှမ မြွတ်ကြားပါက ဘုရားသခင် အလိုတူ၍ ဆိတ်ဆိတ်နေသည်ဟု ယူဆကာ အဇာတသတ်လည်း ဝဇ္ဇီမင်းတို့အား ညှဉ်းပန်းလိမ့်မည်ကို သိတော်မူသောကြောင့်ဖြစ်၏။

ဝဿကာရ ပုဏ္ဏားလည်းဘုရားထံမှပြန်လာ၍ ဘုရားသခင် မိန့်တော်မူသည့်အတိုင်း အဇာတသတ်မင်းအား လျှောက်ထား၍ ဝဇ္ဇီမင်းတို့ အပရိဟာနိယဓမ္မပြည့်စုံသရွေ့ ဖျက်ဆီးမရနိုင်သော် ထိုမင်းများ၏ အညီအညွတ်ကို ဖြားယောင်းလှည့်ပတ်နိုင်မှဖြစ်မည့်အကြောင်း အကြံပေးလေသည်။

ပုဏ္ဏားကြီးအကြံပေးသည့်အတိုင်း အဇာတသတ်မင်းသည် ဝဿကာရပုဏ္ဏားကြီးအား အမျက်ထွက်ဟန်ပြု၍ ဦးဆံရိတ်စေပြီး နှောင်ကြိုးတည်း၍ ပြည်မှနှင်တော်မူလေသည်။ ထိုအခါ ပုဏ္ဏားကြီးလည်း ဝေသာလီပြည်သို့သွား၍ ဝဇ္ဇီမင်းတို့၏အကျိုးစီးပွားကိုဆိုမိသဖြင့် ရာဇဂြိုဟ်ပြည်မှ ထွက်လာရကြောင်း လျှောက်ကြားလေသည်။ ဝဇ္ဇီမင်းတို့လည်း ယုံကြည်သဖြင့် ပုဏ္ဏားကြီးအားတရားဆုံးဖြတ်သော အမတ်အရာပေး၏။ ပုဏ္ဏားကြီးလည်း တစ်နှစ် နှစ်နှစ်ခန့် ဝဇ္ဇီမင်းတို့အကျိုးကို များစွာအလိုရှိဟန် ကျင့်၍နောက်သောအခါ တစ်ဦးနှင့်တစ်ဦး မေတ္တာပျက်၍ မသင့်မတင့်ဖြစ်ကြစေရန်ပြောဆို၏။ ဝဇ္ဇီမင်းများ ချစ်ခြင်းပျက်၍ ညီညွတ်ခြင်းမရှိသောအခါ အဇာတသတ်မင်းထံ ပုဏ္ဏားကြီးက အကြောင်းကြားလိုက်လေသည်။ အဇာတသတ်မင်း၏ စစ်သည်တို့ ချီတက်လာသောအခါ ညီညီညွတ်ညွတ် မခုခံသောကြောင့် မြို့တွင်းသို့လွယ်လင့်တကူဝင်၍ ဝဇ္ဇီမင်းများကို ဖမ်းယူသည်မှစ၍ ဝေသာလီပြည်သည် ရာဇဂြိုဟ်မင်း၏ လက်နက်နိုင်ငံဖြစ်လေသည်။[4]

ထို့ပြင် ဝေသာလီပြည်သည် သာသနာတော်နှစ် တစ်ရာမြောက်တွင် ကာလာသောကမင်းလက်ထက် ဝဇ္ဇီတိုင်းသားရဟန်းဆိုးများ၏ ဥဒ္ဓမ္မဉ်ဗ္ဗိနယ ဆယ်ပါးဖြင့် ထောင်လွှားခြင်းကိုအကြောင်းပြု၍ အရှင်မဟာယသ အမှူးရှိသော ရဟန္တာအရှင်မြတ် ၇ဝဝ တို့ ဒုတိယသင်္ဂါယနာတင်တော်မူရာ မြို့တော်ကြီးဖြစ်လေ၏။

ဝေသာလီနှင့် ဂျိန်းဘာသာ

ဂျိန်းဘာသာဝင်ဂိုဏ်းများ၏ အဆိုအရ ဝေသာလီသည် ဂျိန်းဘာသာ၏ ၂၄ ဦးမြောက်နှင့် နောက်ဆုံး ဆရာသခင်ဖြစ်သော မဟာဝီရကို မွေးဖွားကြီးပြင်းရာ နေရာဖြစ်သည်။ ဂျိန်းဘာသာ၏ အမာခံနေရာဖြစ်ခဲ့ပြီး မဟာဝီရ ဝါဆိုပြုခဲ့ရာ ၄၂ နှစ်အနက် ၁၂ နှစ်ခန့် ဝေသာလီတွင် နေထိုင်ခဲ့သည်ဟု ဆိုသည်။[5]

ဝေသာလီရှိ ထင်ရှားသော ဗုဒ္ဓဘာသာ နေရာများ

ကူဋာဂါရကျောင်းတော်ကြီး တည်ရှိခဲ့သောနေရာ
ဝေသာလီရှိ အာနန္ဒာစေတီနှင့် အသောက ကျောက်စာတိုင်
ဝေသာလီရှိ လိစ္ဆဝီမင်းတို့ တည်ထားခဲ့သော ဗုဒ္ဓဓာတ်တော်စေတီရာ

ဓာတ်တော်စေတီ

လိစ္ဆဝီရေကန်အနီးတွင် လိစ္ဆဝီမင်းများက ၎င်းတို့၏ ဝေစုရဓာတ်တော်များ ကို ဌာပနာ၍ စေတီတည်ထားသော နေရာဖြစ်သည်။ မြတ်စွာဘုရား အာယုသင်္ခါရလွှတ်တော်မူပြီးနောက် ကုသိနာရုံသို့ ကြွတော်မူရာ လိစ္ဆဝီမင်းတို့က လိုက်ပါလာခဲ့သည်။ မြတ်စွာဘုရားက သပိတ်တော်ကို စွန့်ကြဲပြီး ပြန်စေသော်လည်း ငြင်းဆိုကာ ဆက်လက်လိုက်ပါလာသောကြောင့် တန်ခိုးတော်ဖြင့် မြစ်ကိုဖန်ဆင်းကာ ပြန်စေခဲ့သည်။ ထိုနေရာမှာ ယခုခေတ် ကဆာရိယရွာနေရာဖြစ်သည်ဟု မှတ်ယူထားကြသည်။ ထိုနေရာတွင် အသောကမင်းမှ စေတီတစ်ဆူ တည်ထားခဲ့သည်။

ကူဋာဂါရကျောင်းတော်ရာ

ကူဋာဂါရကျောင်းတော် (Kutagarasala Vihara) သည် မြတ်စွာဘုရား ဝေသာလီသို့ ကြွရောက်ရာတွင် သီတင်းသုံးတော်မူခဲ့သည့် နေရာဖြစ်သည်။ ဘုရားရှင် ပဉ္စမမြောက်ဝါ၌ ဝါဆိုသီတင်းသုံးတော်မူရာ ဌာနဖြစ်သည်။ မိထွေးတော်ဂေါတမီ အမှူးပြုသော သာကီဝင်မင်းသမီး(၅၀၀)တို့ကို ဘိက္ခုနီအဖြစ် ခွင့်ပြုတော်မူရာ ဌာနလည်းဖြစ်၍ ဘိက္ခုနီသာသနာ စတင်ပေါ်ပေါက်ရာဌာနလည်းဖြစ်၏။[6][7]

ဘုရားရှင်၏ ဓာတ်တော်များကို စေတီတည်ထားခဲ့သောနေရာနှင့် ၃ ကီလိုမီတာခန့် ကွာဝေးသည်။ အသောကမင်းကြီး စိုက်ထူခဲ့သော ကျောက်တိုင်များအနက် အကောင်းပကတိတည်ရှိနေသည့် တစ်ခုတည်းသော ကျောက်စာတိုင် လည်းတည်ရှိသည်။ ကျောက်စာတိုင်ထိပ်တွင် ခြင်္သေ့ရုပ်ရှိသည်။

နန်းတက်ပွဲပြုလုပ်ရာ ရေကန်

ဓာတ်တော်စေတီနှင့် မီတာအနည်းအကွာတွင် လိစ္ဆဝီမင်းများ နန်းတက်ရာတွင် ဘိသိတ်မြှောက်သည့် လိစ္ဆဝီရေကန်တည်ရှိသည်။ ထိုရေကန်သည် ဗန္ဓုလစစ်သူကြီး၏ဇနီး မလ္လိကာ ချင်ခြင်းဖြစ် သဖြင့် အစောင့်အကြပ်များကြားမှ ရအောင်ဝင်ရောက်၍ သောက်သုံးစေခဲ့သော ရေကန်ဖြစ်သည်ဟု ယူဆထားကြသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးစေတီ

ရေကန်၏ ဘေးဖက်တွင် ဂျပန်ဘုရားကျောင်းနှင့် Viśvā Śānti Stūpa (ကမ္ဘာ့ငြိမ်းချမ်းရေးစေတီ) အမည်ရှိ စေတီတစ်ဆူ တည်ရှိသည်။ ဂျပန်ဗုဒ္ဓဘာသာဂိုဏ်းတစ်ခုဖြစ်သော နီချီရန်ဂိုဏ်းဝင်များမှ တည်ထားခဲ့ခြင်းဖြစ်သည်။ စေတီထဲတွင် ဗုဒ္ဓ၏ ဓာတ်တော်အနည်းငယ်ကို ဌာပနာထည့်သွင်းထားသည်။

ပြတိုက်

ကမ္ဘာ့ငြိမ်းချမ်းရေးစေတီအနီးတွင် အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသန ဆန်းစစ်လေ့လာရေး ပြတိုက် တည်ရှိသည်။

ကိုးကား

  1. Bindloss၊ Joe; Sarina Singh (2007)။ India: Lonely planet Guide။ Lonely Planet။ p. 556။ ISBN 1-74104-308-5
  2. Hoiberg၊ Dale; Indu Ramchandani (2000)။ Students' Britannica India, Volumes 1-5။ Popular Prakashan။ p. 208။ ISBN 0-85229-760-2
  3. Kulke၊ Hermann; Dietmar Rothermund (2004)။ A history of India။ Routledge။ p. 57။ ISBN 0-415-32919-1
  4. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းမြန်မာ့စွယ်စုံကျမ်း။ အတွဲ(၁၂)။ စာပေဗိမာန်
  5. Jacobi: Jaina Sutras (S.B.E.) Kalpa Sútra, sect. 122
  6. ဦးဉာဏ (ကြွယ်အိပ်ပွဲ) (ဖေဖော်ဝါရီ ၂၀၁၅). "ဗုဒ္ဓဂါယာ သံဝေဇနိယ လေးဌာန ဘုရားဖူး". သူရဇ္ဇမဂ္ဂဇင်း.
  7. အောင်သိဒ္ဓိ: ဗုဒ္ဓဂယာ သံဝေဇနိယလေးဌာနဘုရားဖူး ၈
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.