လုမ္ဗိနီ

လုမ္ဗိနီ (သင်္သကရိုက်: लुम्बिनी Listen , "the lovely") သည် နီပေါနိုင်ငံ၊ ရူပန်ဒေယီခရိုင်တွင် တည်ရှိသည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားအား မယ်တော်မာယာမှ မွေးဖွားခဲ့သည့် နေရာဖြစ်သည်။ လုမ္ဗိနီကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ယူနက်စကိုမှ ၁၉၉၇ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။

လုမ္ဗိနီ
Lumbini

लुम्बिनी
မြို့
ကိုဩဒိနိတ်: 27.484°N 83.276°E / 27.484; 83.276
နိုင်ငံနီပေါနိုင်ငံ
ဇုန်လုမ္ဗိနီ
ခရိုင်ရူပန်ဒေယီ
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁၅၀ မီတာ (၄၉၀ ပေ)
ဘာသာစကား
  ရုံးသုံးနီပေါဘာသာစကား
အချိန်ဇုန်NST (UTC+05:45)
စာပို့သင်္ကတ၃၂၉၁၄
ဧရိယာကုဒ်(များ)၇၁
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ
တည်နေရာရူပန်ဒေယီနီပေါနိုင်ငံ
ရွေးချယ်သည့် စံနှုန်းယဉ်ကျေးမှု: iii, vi
ရည်ညွှန်း666
စတင်သတ်မှတ်ခြင်း၁၉၉၇ (၂၁ ကြိမ်မြောက် အစည်းအဝေး)
ဧရိယာ၁.၉၅ ဟက်တာ
Buffer zone၂၂.၇၈ ဟက်တာ
ကိုဩဒိနိတ်
နီပေါနိုင်ငံတွင်း တည်နေရာ

သမိုင်းကြောင်း

နီပေါနိုင်ငံ လုမ္ဗိနီ တည်နေရာ

လုမ္ဗိနီသည် ကပိလဝတ်နှင့် ဒေဝဒဟမြို့တို့၏ အကြားတွင် တည်ရှိသည်။[1] အသောကမင်းကြီး နန်းစံသက်(၂၀)တွင် လုမ္ဗိနီသို့ ဘုရားဖူးရောက်ခဲ့ကြောင်းကို ကျောက်စာတိုင် ရေးထိုးထားခဲ့သည်။ မူလက ကျောက်စာတိုင်ထိပ်တွင် မြင်းရုပ်ရှိသော်လည်း ယခုအခါ မြင်းရုပ်ကို ရှာမတွေ့တော့ဘဲ အောက်ခံခုံဖြစ်သော ကြာမှောက်ပုံကိုသာ တွေ့ရတော့သည်။


ပါဠိစာပေ၌ ဒေဝဒဟပြည့်ရှင် အဉ္ဇနမင်း၏ မိဖုရားကြီး (သက္ကတစာပေ ဗုဒ္ဓစရိတကျမ်းအရ ရူပဒေဝီ ဟုအမည်တွင်သော) မဟာယသောဓရာဒေဝီ၏ ဆန္ဒအရ ပြုလုပ်ဖန်းတီးပေးထားသောဥယျာဉ်ဖြစ်သဖြင့် ရူပဒေဝီဥယျာဉ်ဟု အမည်တွင်ခဲ့သည်။ ကာလရွေ့လျောလာသောအခါ ရူပံဒေဝီဥယျာဉ်ဟု အမည်တွင်ခဲ့ပြီး ယနေ့တိုင် လုမ္ဗိနီဥယျာဉ် တည်ရှိရာခရိုင်သည် ရူပန်ဒေယီခရိုင်ဟု အမည်တွင်ဆဲဖြစ်၏။ ရူပဒေဝီမှ ရူပံဒေဝီ၊ ရူပံဒေဝီမှ ရုမ္မီ၊ ရုမ္မီ မှ ရုမ္ဗိနီ၊ ရုမ္ဗိနီမှ လုမ္ဗိနီဟု အဆင့်ဆင့် ပြောင်းလဲခေါ်ဆိုခဲ့ကြခြင်းဖြစ်သည်။ ကပိလဝတ်နှင့် ဒေဝဒဟမြို့တို့သည် ရှေးခေတ်အိန္ဒိယနိုင်ငံ၏ မြောက်ပိုင်းလမ်းမကြီးပေါ်တွင် တည်ရှိသည်။ ၎င်းမြောက်ပိုင်းလမ်းမကြီး (ဥတ္တရာပထ)သည် ရာဇဂြိုဟ်မှ ဝေသာလီ၊ ဒေဝဒဟ၊ လုမ္ဗိနီနှင့် ကပိလဝတ်တို့ မှတစ်ဆင့် ပါကစ္စတန်အထိ ရောက်ရှိသည်။


ပြန်လည်ရှာဖွေတူးဖော်မှုများ

လုမ္ဗိနီ
ငြိမ်းချမ်းရေးမီးရှူးတိုင်

အသောကမင်းကြီး၏ ကျောင်းဆောင်များသည် နောက်ပိုင်းတွင် ထိန်းသိမ်းစောင့်ရှောက်သူမရှိ၍ ပြိုကျပျက်စီးခဲ့သည်။ ရှေးခေတ်တရုတ်ရဟန်းတော်များ၏ မှတ်တမ်းကို အခြေခံ၍ (၁၈၉၆)ခုတွင် လုမ္ဗိနီရှာဖွေရေးအစီအစဉ် စတင်ခဲ့သည်။ မြေပေါ်၌(၁၀)ပေ ပေါ်ထွက်နေသော ကျောက်စာတိုင်ကြီးကို စတင်တွေ့ရှိရာမှ လုမ္ဗိနီဟု အသိအမှတ်ပြုနိုင်ခဲ့သည်။ လုမ္ဗိနီရှာဖွေတွေ့ရှိမှုမှတစ်ဆင့် ကပ္ပိလဝတ်နှင့် ဒေဝဒဟတို့ကို ၁၈၉၆ ခုနှစ် နောက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့သည်။ လုမ္ဗိနီ၌ ၁၈၉၉ တွင် ကျောင်းတော်နေရာရှိ တောင်ကုန်းကို ဖြိုချတူးဖော်ရာမှ အလောင်းတော်သိဒ္ဓတ္ထမင်းသားပုံကို တူးဖော်တွေ့ရှိခဲ့ရသည်။ ၁၉၃၂ မှ ၁၉၄၀ အတွင်း ထပ်မံတူးဖော်ရင်း မာယာဒေဝီကျောင်းဆောင်ကို တည်ထားခဲ့သည်။

၁၉၆၇ ခုနှစ်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် ရောက်လာခဲ့သည်။ ယခု ငြိမ်းချမ်းရေးမီးရှူးတိုင် ပြုလုပ်ထားသော နေရာ၌ ရွာတည်၍ လူအများက လယ်လုပ်စားနေကြပြီး သစ်ပင်များကိုခုတ်လှဲပစ်သဖြင့် အင်ကြင်းတော မရှိတော့ကြောင်းနှင့် မာယာဒေဝီကျောင်းဆောင်ရှိ မွေးဖွားဟန်ရုပ်ထုကိုလည်း ဒေသခံလူများက ကြက်သွေး၊ ငှက်သွေး စသည် တို့ဖြင့် ပူဇော်နေကြသည်ကို ဦးသန့် တွေ့မြင်ခဲ့ရသည်။ ၎င်းအပြင် မယ်တော်ပုံကိုသာ အဓိကထား ကိုးကွယ်နေကြသောကြာင့် ဘုရားလောင်းမွေးဖွားမှု အခန်းကဏ္ဍ ကွယ်ပျောက်နေသည်ကို ဦးသန့်က သိမြင်ခဲ့ဖြင့် ဤနေရာကို နိုင်ငံတကာဘုရားဖူသွားလာရေး နေရာဌာနတစ်ခုအဖြစ် ဖန်တီးပေးမည်ဟု ဘုရင်မဟိန္ဒရာထံ မေတ္တာရပ်ခံပေးခဲ့သည်။ ဘုရင်မဟိန္ဒရာ၏ သဘောတူညီမှုအရ ၁၉၇၀ တွင် လုမ္ဗိနီဖွံ့ဖြိုးရေးအဖွဲ့ကို နိုင်ငံပေါင်း ၁၃ နိုင်ငံဖြင့် ဖွဲ့စည်းခဲ့သည်။ ကုလသမဂ္ဂက ဒေါ်လာ ၁ သန်း ထောက်ပံ့ခဲ့ပြီး ရွာများရွှေ့ပြောင်းခြင်း၊ မြေနေရာအစားထိုးပေးခြင်း၊ ဝင်းထရံခတ်ခြင်း၊ သစ်ပင်များပြန်စိုက်ခြင်း၊ ငြိမ်းချမ်းရေးတူးမြောင်း တူးဖော်ခြင်း၊ စာကြည့်တိုက်များ၊ ပြတိုက်များ ဆောက်လုပ်ခြင်းတို့ကို ၁၉၈၀ နောက်ပိုင်းမှစ၍ ယနေ့အထိ ဆောင်ရွက်နေကြသည်။ ၁၉၉၀ ၌ ဂျပန်အဖွဲ့က မာယာဒေဝီ ကျောင်းဆောင်ဟောင်းကို ဖျက်၍ မြေအောက်ရှိ အသောကကျောင်းဆောင်ဟောင်းကို ရှာဖွေခဲ့သည်။ ဓာတ်တော်တိုက်နေရာကို ၁၉၉၆ တွင် ပြန်လည်တွေ့ရှိခဲ့ပြီး မပျောက်ပျက်အောင် ထိန်းသိမ်းရန် ယခုပုံစံအတိုင်း တည်ဆောက်ခဲ့ပြီး ၂၀၀၃ ခုနှစ်၊ မေလတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးတူးမြောင်းကို အလယ်ဗဟိုပြု၍ အရှေ့ဘက်ခြမ်းတွင် ထေရဝါဒဘုန်းတော်ကြီးကျောင်းများနှင့် အနောက် ဘက်တွင် မဟာယာနဘုန်းတော်ကြီးကျောင်းများကို အစီအစဉ်တကျထားရှိထားသည်။


လွန်ခဲ့သော ၂ နှစ်ခန့်က ဓာတ်တော်တိုက်အနီးရှိတွင်းကို တူးဖော်ကြည့်ရာ သစ်မြစ်ရုပ်ကြွင်းများ တွေ့ရှိရသဖြင့် ဓာတ်ခွဲစမ်းသပ်ကြည့်သောအခါ အလောင်းတော်မဖွားမြင်မီ နှစ်ပေါင်း ၇၀၀ ခန့်ကတည်းက ပေါက်ရောက်ခဲ့သော သစ်ပင်ဟု အဖြေထွက်သည်။ သစ်မြစ်၏ ဘေးပတ်ဝန်းကျင်ကို တူးဖော်ကြည့်ရာတွင် မြေသားများ ပြောင်ချောတင်းမာ နေပြီး ၎င်းသစ်ပင်ကို လူအများက လှည့်ပတ်ဝိုင်းကာ ပူဇော်ခဲ့သော အထောက်အထားကို တွေ့ရသည်။ အဆောက်အဦး၏ ထောင့်လေးထောင့်ကို တူးဖော်ကြည့်ရာ သစ်သားတိုင်စိုက်ထူထားခဲ့သော ရုပ်ကြွင်းများကို တွေ့ရသည်။ မူလက အလောင်းတော်ဖွားတော်မူရာ သစ်ပင်ကို အလယ်မှထား၍ စောင်းတန်းလေးခုကို သစ်သားဖြင့် တည်ဆောက်ခဲ့ပြီး နောက်ပိုင်းတွင်မှ အသောကမင်းကြီးက အုတ်ဖြင့် အစားထိုးတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းအပြင် ယခုတူးဖော် တွေ့ရှိချက်များအရ ကမ္ဘာ့ပညာရှင်အများစု၏ ယခင်အယူအဆဖြစ်သော ဗုဒ္ဓဖွားတော်မူရာ သက္ကရာဇ် BC - ၅၆၃ မှ ရှေ့သို့ ရာစုနှစ်တစ်ခု တိုးနိုင်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ဗုဒ္ဓဝါဒ သမိုင်းအစဉ်အလာအရ အရှေ့တိုင်းသားများ လက်ခံခဲ့ကြသော ဗုဒ္ဓဖွားတော်မူရာနှစ် BC - ၆၂၃ ကို အနောက်တိုင်း ပညာရှင်များက နှစ်ခြောက်ဆယ်ခန့် နောက်ကျ၍ ယူဆခဲ့ကြသော်လည်း ယခုတူးဖော် တွေ့ရှိချက်များအရ အနောက်တိုင်းပညာရှင်များ၏ အယူအဆထက် အရှေ့တိုင်းပညာရှင်များ၏ အယူအဆက အဖြေမှန် နှင့်ပိုမိုနီးစပ်နေ ကြောင်းကို တွေ့ရှိရပေသည်။


ရေပူရေအေးနှစ်သွယ်စီးဆင်း၍ အလောင်းတော်အား သွန်းလောင်းရာမှ ဖြစ်ပေါ်လာသည့် ရေကန်ကိုလည်း လုမ္ဗိနီဥယျာဉ်တွင် တွေ့မြင်နိုင်သည်။ ဘုရားအလောင်းတော် မြေပြင်ပေါ်သို့ ပထမဆုံး ခြေချသောနေရာကို အုတ်ဖြင့်ဝန်းရံကာ အသောကမင်းကြီးက ဓာတ်တော်တိုက် ပြုလုပ်ခဲ့သည်။ ယခုခေတ်၌ ထိုနေရာတွင် ကျည်ကာမှန်ဖြင့် အုပ်ထားပြီး Marker stone ဟုခေါ်သော အမှတ်အသားပြ ကျောက်တုံးရှိသည်။ ၇၀ မီတာရှည်သော ထိုကျောက်တုံးပေါ်၌ အလောင်းတော်၏ ခြေတော်ရာရှိသည်။ ထိုခြေတော်ရာကို အသောကမင်းကြီး က ထည့်သွင်း၍ ဓာတ်တော်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လုမ္ဗိနီ၌ သာသနာပြုကြွရောက်သီတင်းသုံးတော်မူကြသော သံဃာတော်များအတွက် အသောကမင်းကြီးက ကျောင်းတော်နှင့်ရေတွင်းတို့ကို လှူဒါန်းခဲ့ပြီး ယနေ့တိုင် ရေကန်၏ အရှေ့ဘက်တွင် တည်ရှိနေသေးသည်။ အချို့က ယခုမြင်တွေ့နေရသော ကျောက်စာတိုင်နေရာကို အလောင်းတော် ဖွားမြင်သောနေရာဟု ထင်နေကြပြီး ခြေခုနှစ်လှမ်း လှမ်းပုံ စေတီငယ်များကိုလည်း ထိုနေရာ၌ အလောင်းတော် ခြေခုနှစ်လှမ်း လှမ်းသည်နေရာဟု မှတ်ထင်နေကြသည်၊ အမှန်မှာမူ ဖွားတော်မူရာနှင့် ခြေခုနှစ်လှမ်း လှမ်းတော်မူရာ နေရာသည် မယ်တော်မာယာကျောင်းဆောင်၏ အတွင်းပိုင်း၌ တည်ရှိပြီး ပြင်ပ၌ အထိမ်းအမှတ်အဖြစ် ပြုလုပ်ထားခြင်းသာဖြစ်သည်။


[2] [3]

လမ်းပန်းဆက်သွယ်ရေး

လုမ္ဗိနီသည် ခတ္တမန္ဒုမြို့မှ ၉ နာရီကြာ ကားလမ်းခရီးနှင့် Bhairahawa မှ မိနစ် ၃၀ ကြာ ခရီးအကွာတွင် တည်ရှိသည်။ အနီးဆုံးလေဆိပ်မှာ Bhairahawa ရှိ ဂေါတမဗုဒ္ဓလေဆိပ် ဖြစ်သည်။[4]

ဓာတ်ပုံများ

နိုင်ငံခြားဧည့်သည်ဝင်ရောက်မှု (၂၀၁၂-၂၀၁၃) [5]

ခုနှစ်ဇန်နဝါရီဖေဖော်ဝါရီမတ်ဧပြီမေဇွန်ဇူလိုက်ဩဂုတ်စက်တင်ဘာအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာစုစုပေါင်း
၂၀၁၃၉,၃၇၁၁၇,၈၆၉၂၂,၅၈၁၇,၁၀၁၃,၆၅၄၃,၅၅၂၃,၆၂၁၉,၆၈၅၇,၃၅၁၁၃,၆၁၀၁၆,၄၈၃၁၀,၆၁၈၁၂၅,၄၉၆
၂၀၁၂၆,၅၉၁၂၀,၀၄၅၂၀,၅၁၉၈,၂၉၅၁,၃၁၆၁,၃၆၆၂,၆၅၁၁၇,၉၂၄၇,၉၅၅၁၃,၀၉၉၂၁,၇၄၀၁၄,၅၆၆၁၃၆,၀၆၇
% ကွာခြားမှု၄၂.၁၈-၁၀.၈၆၁၀.၀၅-၁၄.၃၉၁၇၇.၆၆၁၆၀.၀၃၃၆.၅၉-၄၅.၉၇-၇.၅၉၃.၉၀-၂၄.၁၈-၂၇.၁၀-၇.၇၇

ကိုးကား

  1. Lumbini Victoria and Albert museum။ 26 March 2011 တွင် ပြန်စစ်ပြီး။
  2. အောင်သိဒ္ဓိ: ဗုဒ္ဓဂယာ သံဝေဇနိယလေးဌာနဘုရားဖူး ၆
  3. "ဗုဒ္ဓဂယာ သံဝေဇနိယလေးဌာန ဘုရားဖူး" (ဖေဖော်ဝါရီ ၂၀၁၅). သူရဇ္ဇ.
  4. Lumbini Welcome Nepal။ 17 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 August 2013 တွင် ပြန်စစ်ပြီး။
  5. မော်ကွန်းတင်ပြီးမိတ္တူ 11 September 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 April 2015 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.