ပါဝါ
လူတစ်ယောက်တည်း ရက်ပေါင်းများစွာ လုပ်ရသည့် အလုပ်တစ်ခုကို စက်ဖြင့် လုပ်စေပါက နာရီပိုင်းအတွင်း ပြီးမြောက်နိုင်သည့်အတိုင်း၊ ကျွန်ုပ်တို့သည် နေရာတကာ၌ စက်ကိုတွင်တွင်ကြီး အစားထိုး၍ အသုံးပြုလာကြပြီ။ သို့သော် စက်သည် အဘယ်ကြောင့် လူထက်လျင်မြန်စွာ လုပ်ပြီးမြောက် နိုင်သနည်း။ အဖြေမှာ စက်ကလူထက် 'လုပ်အား' သာသော ကြောင့်ပင် ဖြစ်လေသည်။ ထို 'လုပ်အားကို သိပ္ပံဝေါဟာရ အားဖြင့် ပါဝါဟု ခေါ်သည်။ ပါဝါဟူသော ဝေါဟာရ၏အဓိပ္ပါယ်ကို မစဉ်းစားမီ ကျွန်ုပ်တို့သည် 'အလုပ်'ဆိုသည်မှာ မည်သည်ကိုခေါ်၍၊ 'စွမ်းအင်'ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို ရှေးဦးစွာ နားလည်ဖို့လိုပေမည်။ 'အလုပ်' 'စွမ်းအင်'၊ 'ပါဝါ'ဟူသော ဝေါဟာရ ၃ မျိုးကို ကျွန်ုပ်တို့သည် များသောအားဖြင့် မရှင်းမလင်း သော အဓိပ္ပါယ် များနှင့် ပေါ့ပေါ့ဆဆ ပြောဆိုသုံးစွဲ လေ့ရှိကြသည်။ အမှန်မှာ ထိုစကားသုံးလုံး၌ သီးခြား အဓိပ္ပါယ်တစ်မျိုးစီ အတိအကျ ရှိလေသည်။ 'အလုပ်'ဆိုသည်မှာ အမှန်စင်စစ် အတိုက်အခံပြုနေသော အားကို အောင်မြင်ခြင်းပင် ဖြစ်သည်။ ပုံပမာ၊ အရာဝတ္ထု တစ်ခုကို မတင်သည် ဆိုပါစို့။ ထိုအခါ အဆိုပါ အရာဝတ္ထု ကို ကျွန်ုပ်တို့၏ ကမ္ဘာမြေကြီးက ဆွဲထားရကား၊ ထိုအရာ ဝတ္ထုကို မတင်ရာတွင် ကျွန်ုပ်တို့သည် ကမ္ဘာမြေ၏ ဆွဲအား ထက်သာ သော အားကို စိုက်ထုတ်ပြီး မရ၍၊ ကျွန်ုပ်တို့ စိုက်ထုတ်သော အားသည် ကမ္ဘာမြေက အတိုက်အခံပြုနေ သော ဆွဲအားကို အောင်မြင်ကျော်နင်းမှသာလျှင် ကျွန်ုပ်တို့၏ အလုပ်သည် ပြီးမြောက်လေသည်။ 'စွမ်းအင်'ဆိုသည် မှာမူ အချိန် မည်မျှ အတွင်း အလုပ်မည်မျှ လုပ်နိုင်သည်ဟု ဆိုအပ်သော အလုပ်လုပ်နိုင်သည့်နှုန်းပင် ဖြစ်လေသည်။ တူးမြောင်း ရေကန်စသော တူးဖောက်ရသည့် လုပ်ငန်း တစ်ခုကို လုပ်ကြသည်ဆိုပါစို့။ ထိုအလုပ်ကို လူချည်း သက်သက်ဖြင့် လပေါင်းများစွာ တူးဖောက်ရသည်ဖြစ်စေ၊ ရက်ပေါင်းအနည်းငယ်အတွင်း စက်ဖြင့် တူးဖောက်ရသည် ဖြစ်စေ အလုပ်၏ ပမာဏနှင့် အလုပ်လုပ်ရာတွင် စိုက်ထုတ် ရသည့် စွမ်းအင်ပမာဏတို့မှာ အတူတူပင် ဖြစ်၏။ သို့သော် အလုပ်ပြီးမြောက်သည့် အချိန်ကို နှိုင်းရှည့်ကြည့် ပါက၊ စက် အလုပ်လုပ်သည့် နှုန်း (ဝါ) စက်၏ ပါဝါ သည် လူ၏ပါဝါ ထက် အဆပေါင်းများစွာသာကြောင်း ထင်ရှားပေသည်။
ထိုသို့ အလုပ်လုပ်ရန် လိုအပ်သည့် ပါဝါကို ရှေးဦးစွာ
လူတို့သည် မိမိတို့၏ ခန္ဓာကိုယ်ရှိကြွက်သား များမှရရှိခဲ့ကြ
သည်။ တစ်နည်း၊ မိမိတို့၏ခြေလက်နှင့် ကိုယ်ခန္ဓာကိုသာ
အသုံးပြုခဲ့ကြရသည်ဟု ဆိုလိုသည်။ ထိုနောက် ကျွဲ၊ နွား၊
မြင်းစသော တိရစ္ဆာန်တို့ကိုလည်း ခိုင်းစေ အကူအညီယူနိုင်
ကြောင်း သိလာကြသောအခါ တိရစ္ဆာန်တို့၏ ပါဝါကို
အသုံးပြုခဲ့ကြပြန်သည်။ ဤသို့ အသုံးပြုလာခဲ့သည်မှာ
ယခုတိုင်အောင်ပင် ဖြစ်၏။
လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝ ကျော်ကာလာမှ စတင်၍
နျူတန်နှင့် နျူတန်၏လမ်းစဉ်ကို လိုက်ခဲ့ကြသော သိပ္ပံ
ကဝိကြီး များ၏ ကျေးဇူးတို့ကြောင့်၊ ကျွန်ုပ်တို့သည်
သက်မဲ့ပစ္စည်းများမှ ပါဝါကို ထုတ်နုတ်အသုံးချနိုင်
လာခဲ့ကြလေသည်။ ထိုကြောင့် ယခုအခါတွင် မြောက်မြား
စွာသော လုပ်ငန်းတို့၌ စက်၏ ပါဝါကို အသုံးချ ခြင်းဖြင့်
လူတို့၌ သက်သာမှုသည် ဖြစ်ထွန်း လာလေသည်။
ယခုခေတ် စက်များ ပေါ်ပေါက်မီက လူတို့သည် လှေများ
တွင် ရွက်တပ်ပေးခြင်းဖြင့်၎င်း၊ အချို့စက်များတွင် လေရ
ဟတ် တပ်ဆင်ပေးခြင်းဖြင့်၎င်း လေ၏ သဘာဝပါဝါကို
စတင် အသုံးချခဲ့ကြလေသည်။ ထိုနောက် ရေအားဖြင့်
လည်သော ဆန်စက်များကို ကြံစည်ကြသည်။ ယခုအခါ
နိုင်ငံကြီးများစွာ၌ ဧရာမ ရေကာတာကြီးများကို ပြု
လုပ်ကာ၊ စရိတ် အလွန် သက်သာစေသည့် လျှပ်စစ်
ဓာတ်အားပေးစက်များတွင် ရေရဟတ်များကို တပ်ဆင်
ပေးခြင်းဖြင့်၊ ရေ၏ပါဝါကို အသုံးချ နေလေပြီ။
ထိုမှ တစ်ဆင့် ရေနွေးငွေ့စက်အတွင်း၌ မီးပူရှိန်ကြောင့် ဖြစ်ထွန်းလာ သော ရေနွေးငွေ့၏ တွန်းကန် အားကို ပါဝါအဖြစ် အသုံးပြုခြင်းဖြင့် ခရီးသွားယာဉ်များနှင့် လုပ်ငန်းစက်ရုံ ကြီးများရှိ စက်များကို လည်စေနိုင်ခဲ့ကြပေသည်။
လျှပ်စစ်ဓာတ်၏ ပါဝါကို ယေဘုယျအားဖြင့် 'ဝပ်'ဖြင့် တိုင်းတာ၍၊ 'ဝပ်'တစ်ထောင်ကို 'ကီလိုဝပ်'ဟု ခေါ်ရ သည်။ စက်၏ ပါဝါကိုမူ မြင်းကောင်ရေအားဖြင့် တိုင်းတာကြ၍၊ မြင်းတစ်ကောင်အားသည် ၇၄၆ ဝပ် နှင့် ညီမျှသည်။ သို့မဟုတ် ကီလိုဝပ်တစ်ခုသည် ၁ ့၃၄ မြင်းကောင်ရေအားဖြင့် ညီမျှသည်။ [1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )