ရေအားသုံး လျှပ်စစ်စက်များ
လူတို့ သုံးစွဲလျက်ရှိသော အရာများတွင် ရေအားသည်သာလျှင် ရုတ်တရက် ကုန်ဆုံး၍ မသွားနိုင်ချေ။ အလုပ်လုပ်ရန် အတွက် စက်ကိုလည်စေရာတွင် ကျောက်မီးသွေးကို သုံးသည် ဖြစ်စေ၊ ဓာတ်ဆီကို သုံးသည်ဖြစ်စေ လူသည် အစားပြန်၍ မထိုးနိုင်သောပစ္စည်းကို အသုံးပြုနေရခြင်း ဖြစ်ပေသည်။
အက်တမ်တစ်ခု၏ နျူကလိယတ်အတွင်းရှိ မြောက်မြားစွာသော စွမ်းအင်ကို အသုံးပြုရာ၌ပင် စွမ်းအင်ကိုဖြစ်စေသည့် အက်တမ်ကို ဖျက်ဆီးပစ်နေခြင်း ဖြစ်ပေသည်။ ရေအားကို အသုံးပြုသော အခါတွင်မူ သဘာဝအလျောက် အစဉ်ဖြစ်ပေါ်နေခြင်းကို အသုံးပြုခြင်းသာ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် နေ၏ အပူကြောင့် ပင်လယ်၊ သမုဒ္ဒရာနှင့် အခြားနေရာများရှိ ရေအချို့သည် လေထုအတွင်းသို့ ရေငွေ့အဖြစ်နှင့် ပျံတက်ကုန်ကြသည်။ ထိုနောက် ထိုရေငွေ့များက တိမ်များဖြစ်လာကြပြီးလျှင် တောင်များပေါ်တွင် မိုးအဖြစ်နှင့်ဖြစ်စေ၊ နှင်းအဖြစ်နှင့်ဖြစ်စေ ကျလာရာမှ တစ်ဖန် ပင်လယ်၊ သမုဒ္ဒရာနှင့် အခြားအင်းအိုင်များသို့ ပြန်၍ ရောက်ကြပြန်သည်။ နေရှိနေသရွေ့ ထိုနည်းဖြင့် ရေသည် သံသရာလည်လျက် ရှိနေလေသည်။
ရေ၏စွမ်းအားကို အသုံးပြုရာတွင် လူသည် ကမ္ဘာ့ဆွဲအားကို အသုံးပြုလေသည်။ ထိုသို့အသုံးပြုရာတွင် ရေ၏အလေးချိန်နှင့် ရေမြင့်အားကို အသုံးပြုရပေသည်။ ရေမြင့်အားဆိုသည်မှာ ရေစ၍ စီးသည့်နေရာကို မတိုင်းတာရဘဲ ရေစ၍ စီးသည့်နေရာနှင့် အောက်တည့်တည့် မြေမျက်နှာပြင်ကိုသာ တိုင်းရသည်။ ကမ္ဘာ့ဆွဲအားကြောင့် ရေကုဗပေ တစ်ပေတိုင်းတွင် ရေအလေးချိန် ၆၂ .၄ ပေါင် ဖြစ်ပေါ်လေသည်။ ထိုကြောင့် ပေသုံးဆယ်၏ အောက်ခြေရှိ စတုရန်းတစ်ပေရှိသောနေရာတွင် ရေအလေးချိန်သည် ၃ဝ ၆၂ ့၄Ó၁၈၇၂ ပေါင် ရှိလေသည်။ ထိုအလေးချိန်က စက်၏ဘီးကို ရိုက်ခတ်လိုက်သောအခါ ဘီးသည် လည် ပြီးလျှင် အသုံးဝင်သော စွမ်းအင်ကို ဖြစ်စေလေသည်။ စွမ်းအင်စ၍ ဖြစ်ပေါ်သောနေရာနှင့် ဘီးကိုကား ထိနေစေရပေသည်။ လူတို့သည် စီးနေသည့် ရေမှ စွမ်းအားကို ထုတ်ယူသုံးစွဲခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပေပြီ။ ရှေးအခါက အင်္ဂလန်နိုင်ငံရှိ ကျေးလက်များတွင် ရေဖြင့်လည်စေသည့် စက် များဖြင့် ကောက်ပဲသီးနှံများကို ကြိတ်ယူခဲ့ကြလေသည်။ ထိုသို့ သုံးစွဲကြရာတွင် ဘီး၏နှုတ်ခမ်း၌ ရေပုံးများကို ချိတ်ထားကြသည်။ ပုံးများထဲသို့ ဝင်လာသောအခါ ရေ၏အလေးချိန်ကြောင့် ဘီးလည်သွားသည်။ ပုံးထဲရှိရေသည် ဘီးလည်၍ အောက်ဘက်သို့ ရောက်သွားသောအခါ ထွက်သွားလေသည်။ အကြီးဆုံး ရေဘီးကို အိုင်းအော့မန်းကျွန်း၌ တည်ဆောက်ထားခဲ့ကြသည်။ ထိုဘီး၏ အချင်းမှာ ၇၂ ၁/၂ ပေ ရှိ၍ မြင်းအား ၁၃ဝ မှ ၁၅ဝ ထိ ပေးနိုင်စွမ်း ရှိလေသည်။
ဒိုင်နမိုများကို ရေအားဖြင့် လည်စေပြီးလျှင် ရရှိလာသည့် လျှပ်စစ်ဓာတ်ကို အဖိုးနှုန်းချိုသာစွာနှင့် ထုတ်ယူနိုင်လိမ့်မည် ဟု များသောအားဖြင့် ထင်မှတ်တတ်ကြလေသည်။ လက်တွေ့ လုပ်ရာတွင်မူ အလွန်စရိတ်ကြီး လေးသောကြောင့် ရေနွေးငွေ့ ဖြင့် လည်စေသည့်စက်ကဲ့သို့ပင် စရိတ်ကုန်ကျသည်ကို တွေ့ကြ ရတတ်သည်။ တစ်ခါတစ်ရံတွင် ရေနွေးငွေ့ဖြင့် လည်စေသည့် စက်ထက်ပင် စရိတ်ပို၍ ကြီးလေးတတ်ပေသေးသည်။ ရေအားဖြင့် လည်စေမည့်စက်များကို မတည်ဆောက်မီက တစ်နှစ်ပတ်လုံး ရေလုံလုံလောက်လောက် ရရှိမည် မရရှိမည်ကို ရှေးဦးစွာ သိရှိရပေမည်။ စက်ကို ဆောက်လုပ်ပြီးမှ နွေရာသီ တွင် စက်ကို ရပ်ထားရမည်ဆိုသော် အကျိုးရှိနိုင်မည် မဟုတ် ချေ။ ထိုကြောင့် သာမန်အားဖြင့် အထူးကောင်းမွန်မည်ဟု ထင်ရသော နေရာများပင် အမှန်အားဖြင့် မသင့်တော်သော နေရာများ ဖြစ်တတ်ပေသည်။
ရေ၏စွမ်းအားကိုအသုံးပြုရာတွင် လူသည် တဖြည်းဖြည်း ပို၍ ကောင်းမွန်သည့်နည်းများကို အသုံးပြုလာနိုင်လေသည်။ ရေလျှံသောအခါတွင် ရေများကို လျှံမကျစေရန် ဆည်ရိုးများဖြင့် သိုလှောင်ထားနိုင်ကြလေသည်။ ထို့ပြင် ဆည်ရိုးများဖြင့် ရေ၏ မျက်နှာပြင်ကိုလည်း မြင့်တက်စေနိုင်သည်။ထိုနည်းဖြင့် ရေမြင့် အားကို ပို၍ ကြီးမားစေနိုင်ကြလေသည်။
၁၈ဝဝ ပြည့်နှစ်သို့ ရောက်သောအခါတွင် လူတို့သည် ရေ၏စွမ်းအားကို အသုံးပြုရာ၌ ထိရောက်သည့် စက်များကို အသုံးပြုလာနိုင်ကြပြီးလျှင် ၁၈၅ဝ ပြည့်နှစ်သို့ ရောက်သော အခါတွင်မူ တာဗိုင်ရဟတ်စက်များကို ထွင်လာနိုင်ကြသဖြင့် ရေအားဖြင့် လည်စေသည့် တာဗိုင်ရဟတ်စက်များကို တီထွင် ကာ လျှပ်စစ်ဓာတ်ကို ဖြစ်ပေါ်စေနိုင်ကြသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတွင်လည်း ယခုအခါ ကယား ပြည်နယ်ရှိ ဘီလူးချောင်းမှ ရေအားဖြင့် လျှပ်စစ်ဓာတ်ကို စတင်၍ ထုတ်လုပ်အသုံးချလျက် ရှိပေပြီ။ ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)