ကုသိနာရုံပြည်

ကုသိနာရုံ (Kushinagar, Kusinagar သို့မဟုတ် Kusinara )မှာ ရှေးယခင်က အိန္ဒိယနိုင်ငံ၊ မဇ္ဈိမ ဒေသရှိ ပြည်ကြီး ၂ဝ အပါအဝင်ဖြစ်သည်။ ဂေါတမမြတ်စွာ ဘုရားသခင် ပရိနိဗ္ဗာန် စံယူခဲ့သော နေရာဖြစ်၍ ဗုဒ္ဓဝါဒီများ အသိများကြသည်။ ထိုပြည်မှာ ဟိမဝန္တာတောင်ခြေရှိ နီပေါနိုင်ငံနှင့် ဂင်္ဂါမြစ်တို့၏အကြားတွင်တည်ရှိ၍၊ ယခုအခါ ယူပိနယ်၊ ဂိုရက်ပူခရိုင်၌ ကသိယဟု အမည်တွင်သည်။

Kushinagar
कुशीनगर
ကုသိနာရုံ
မြို့
Kushinagar
ဥတ္တရပဒေသပြည်နယ်ရှိ ကုသိနာရုံ
ကိုဩဒိနိတ်: 26.741°N 83.888°E / 26.741; 83.888
နိုင်ငံ အိန္ဒိယ
ပြည်နယ်ဥတ္တရပဒေသပြည်နယ်
ခရိုင်ဂိုရက်ပူခရိုင်
အစိုးရ
  District MagistrateLokesh M
လူဦးရေ (၂၀၁၁)
  စုစုပေါင်း၁၇၉၈၃
ဘာသာစကားများ
  ရုံးသုံးဟင်ဒီ
အချိန်ဇုန်အိန္ဒိယစံတော်ချိန် (UTC+5:30)
စာပို့သင်္ကေတ၂၇၄၄၀၃
ဝက်ဘ်ဆိုဒ်kushinagar.nic.in

လူမှုပထဝီ

၂၀၁၁ ခုနှစ် အိန္ဒိယနိုင်ငံ သန်းခေါင်စာရင်းအရာ ကုသိနာရုံရှိ လူဦးရေမှာ ၁၇,၉၈၃ ယောက်[1] နှင့် အိမ်ထောင်စုပေါင်း ၂၄၅၄ ဖြစ်သည်။ အမျိုးသားဦးရေ ၅၂ % (၉၄၀၈ ဦး) နှင့် အမျိုးသမီးဦးရေ ၄၈ % (၈၅၇၅ ဦး) ဖြစ်သည်။ ကုသိနာရုံ၏ ပျမ်းမျှ စာတတ်မြောက်မှုနှုန်းမှာ ၇၄ % ဖြစ်ကာ အမျိုးသားစာတတ်မြောက်နှုန်း ၈၆ % နှင့် အမျိုးသမီးစာတတ်မြောက်နှုန်း ၆၁% ဖြစ်သည်။ ကုသိနာရုံရှိ လူဦးရေ၏ ၁၁ % မှာ အသက် ၁၀ နှစ်အောက်များ ဖြစ်သည်။

သမိုင်းကြောင်း

ဘုရားရှင်သည် သက်တော် (၈ဝ)တွင် ဝေသာလီမြို့၌ အာယုသင်္ခါရ လွှတ်တော်မူပြီးနောက် ဘဏ္ဍရွာ၊ ဟတ္ထိရွာ၊ အမ္ဗရွာ၊ ဇမ္ဗုရွာ၊ ဘောဂမြို့၊ ပါဝါမြို့များသို့ အစဉ်အတိုင်း ကြွတော်မူခဲ့ပြီး ပါဝါမြို့၌ ပန်းထိမ်သည် စုန္ဒကပ်လှူသောဆွမ်းကို နောက်ဆုံးဘုဉ်းပေးတော်မူခဲ့သည်။ မြတ်စွာဘုရားသခင်သည် သွေးဝမ်းသွန်ရောဂါကို ပြင်းပြစွာခံစားနေရစဉ်၌ပင် ပါဝါမြို့မှတစ်ဆင့် လမ်းခရီးတွင် (၂၅)ကြိမ်တိုင်တိုင် ရပ်နား၍ ကုသိနာရုံမြို့ မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်တွင်းသို့ တပည့်သံဃာများ ခြံရံလျက် ဆိုက်ရောက်လာသည်။ ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ လေးဌာနကို ဟောကြားတော်မူပြီး အရှင်အာနန္ဒာအား တရားပြ၍ အားပေးစကားပြောကြားတော်မူခဲ့သည်။ အတိတ်ဘဝက စကြဝတေးမင်း အဖြစ်ဖြင့် ကုသိနာရုံ၌ ထီးနန်းစိုးစံခဲ့သော အကြောင်းအရာတို့ကို မဟာသုဒဿနသုတ်အဖြစ်ဖြင့် ဟောကြားခဲ့ပြီး နောက်ဆုံးသာဝကဖြစ်သော သုဘဒ္ဒပရဗိုဇ်ကို ချေချွတ်တော်မူခဲ့ကာ သာဝကအပေါင်းတို့အား နောက်ဆုံးဩဝါဒပေးပြီး ဆိုက်ရောက်သည့် ည၏အလွန် မိုးသောက်ယံတွင် မလ္လမင်းတို့ ခင်းကျင်း ထားအပ်သော ညောင်စောင်းသလွန်ပေါ်၌ ဈာန်သမာပတ်ကို့ကို အပြန်ပြန်အလှန်လှန် ဝင်စားပြီးသည်၏နောက်၌ ပရိနိဗ္ဗာန်ဝင်စံတော်မူသည်။

ကုသိနာရုံပြည်ပ ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်ပြုသည့်အကြောင်းကို ဦးပုည၏သာသနာလျှောက်စာတမ်းတွင်

ကောဇာတရာ့လေး ဆဲ့ရှစ်၊ သက္ကရာဇ်ယုဂ၊ ကဆုန်လအချိန်တွင်၊ ကုသိန္နာရုံရဂုံဂနိုင်၊
အင်ကြင်းမြိုင်၌၊ သုံးဆိုင်ဘုမ္မိ၊ ဓိပတိရာဇာ၊ ထွတ်သကျာသည်၊ အနုပါဒိသိသ်၊ တိတ်ဆိတ်ဥပါဒါန်၊ မကျန်ကုန်စင်၊
နိဗ္ဗာန်ဝင်၍၊ သဘင်ပွဲကြီးသိမ်းပါသည် ဟူ၍လည်းကောင်း၊

လယ်တီဆရာတော်ဘုရားရေးသားသော ခုနစ်နေ့ဘုရားရှိခိုးတွင်

ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လတိုင်း၊
စံနှိုင်းမယုတ်၊ ကုဿိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊
အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည် ဟူ၍လည်းကောင်း၊ ဖွဲ့နွဲ့ရေးသားခဲ့ကြလေသည်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံယူတော်မူခဲ့သောနေရာတွင် ယခုအခါ ထူပါရုံစေတီနှင့် လျောင်းတော်မူရုပ်ပွားတော်များကို အထိမ်းအမှတ်အဖြစ် တွေ့မြင်နိုင်သေးသည်။ ကုသိနာရုံပြည်သို့ နှစ်စဉ် နှစ်တိုင်း ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓဝါဒီအများအပြား ဘုရားဖူးသွားရောက်ကြသည်။ [2]

မဟာပရိနိဗ္ဗာန်စေတီတော်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မဟာပရိနိဗ္ဗာန်စေတီတော်
မဟာပရိနိဗ္ဗာန်စေတီတော်နှင့် ပရိနိဗ္ဗာန်ဘုရားကျောင်း

ပရိနိဗ္ဗာန်စေတီနှင့် ဘုရားကျောင်းမှာ ယခင်က ဆူးခြုံနွယ်ထူထပ်သော တောအုပ်ထဲတွင် ပေ ၄၀ ခန့်မြင့်သော အုတ်တောင်ပူစာအနေဖြင့် တည်ရှိနေခဲ့သည်။ ၁၈၅၄ ခုနှစ်တွင် အရှေ့အိန္ဒိယကုမ္ပဏီမှ အရာရှိတစ်ဦးဖြစ်သူ အီး၊ ဘူချာနန် သည် ကသိယ သို့ ဆန်းစစ်လေ့လာမှုများအတွက် လာရောက်စဉ် အိတ်ချ်၊ အိတ်ချ်၊ ဝီလ်ဆင်မှ ကသိယနှင့် ကုသိနာရုံတို့မှာ အတူတူဖြစ်ကြောင်း တင်ပြခဲ့သည်။ အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသန ဆန်းစစ်လေ့လာရေးအဖွဲ့ တည်ထောင်သူ အလက်ဇန်းဒါး ကန်နင်ဟမ် က ထိုနေရာသည် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံယူရာ နေရာဖြစ်ကြောင်း အဆိုပြုခဲ့သည်။ နှစ်ဆယ်ရာစု အစောပိုင်းခန့်တွင် ဂျေ၊ ပီအိတ်ချ်၊ ဗိုဂယ် ဦးဆောင်၍ ရှာဖွေတူးဖော်မှုများ ပြုလုပ်ခဲ့သည်။[3] သူသည် ၁၉၀၄-၅၊ ၁၉၀၅-၆ နှင့် ၁၉၀၆-၇ နှစ်များအတွင်း ရှေးဟောင်းသုတေသနလုပ်ငန်းများကို ကြီးကြပ်လမ်းညွှန်ခဲ့ကာ ဗုဒ္ဓဘာသာပစ္စည်း အမြောက်အများကို ရှာဖွေတွေ့ရှိခဲ့သည်။

အခြားနေရာများ

ဘုရားရှင်၏ ရုပ်ကလာပ်တော်ကို မီးသင်္ဂြိုဟ်ရာနေရာ
  • အင်္ဂါရစေတီတော်သည် ဘုရားရှင်၏ ရုပ်ကလာပ်တော် တေဇောဓာတ်လောင်ကျွမ်းရာနေရာရှိ စေတီဖြစ်သည်။
  • ဒေါဏပုဏ္ဏားကြီးက ဘုရားရှင်၏ ဓာတ်တော်များကို ရှစ်ပြည်ထောင်မင်းတို့အား အညီအမျှ ခွဲဝေပေးခဲ့သောနေရာမှာ ယခင်က အထိမ်းအမှတ်တစ်ခုအဖြစ်ဖြင့် မထင်ရှားသော်လည်း ယခုအခါ ထိုနေရာကို ပိုင်ဆိုင်သူသည် တိဗက်ဗုဒ္ဓဘာသာတစ်ဦးဖြစ်သဖြင့် တခမ်းတနား ပူဇော်ထားသည်။
  • ကကုဓာမြစ်မှာ ဘုရားရှင်နောက်ဆုံး ရေသုံးသပ်တော်မူသော မြစ်ဖြစ်သည်။ မြစ်ဟုဆိုသော်လည်း ချောင်းကျဉ်းလေးမျှသာဖြစ်သည်။ ချောင်းကမ်းနံဘေးတွင် ကုသိနာရုံဆရာတော်ကြီးက ရုပ်ပွားတော်တစ်ဆူ လာရောက်တည်ထားခဲ့သည်။
  • ဘုရားရှင်နောက်ဆုံးရေကြည်တော် သောက်သုံးတော်မူခဲ့ရာဌာနတွင် အုတ်တိုက်ငယ်တစ်ခုရှိပြီး အတွင်း၌ ကျောက်ဆင်းတုတော်တစ်ဆူရှိသည်။ ဆင်းတုတော်၏ရှေ့၌ ခါးစောင်းခန့်နက်သော အနိမ့်ပိုင်းပြုလုပ်ထားသည်။ အေဒီ ၇ ရာစုနှစ်၏ လက်ရာဖြစ်သည်ဟု ဆိုသည်။

[4]

ဓာတ်ပုံများ

ကိုးကား

  1. Census of India: Population Finder, http://censusindia.gov.in/PopulationFinder/View_Village_Population.aspx?pcaid=1249&category=N.P.
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
  3. J. Ph. Vogel, "Some Buddhist Monasteries in Ancient India," Journal of the Ceylon branch of the Royal Asiatic Society 1 (1950): pp. 27-32
  4. အောင်သိဒ္ဓိ: ဗုဒ္ဓဂယာ သံဝေဇနိယလေးဌာနဘုရားဖူးခရီးစဉ် ၇

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.