သိကြားမင်း
သိကြားမင်းသည် တာဝတိံသာနတ်ဘုံရှိ (၃၃)ပါးသော နတ်မင်းကြီးများ၏ အကြီးအမှူး ဖြစ်သည်။ မာဃလုလင် ဟုလည်းခေါ်၏။
ဝစ်ရှင်နရီ၊ အခမဲ့အဘိဓာန်တွင် သိကြားမင်း ကို ရှာဖွေကြည့်ရှုပါ။ |
သိကြားနတ်
သိကြားနတ်သည် မိုးနှင့်မိုးကြိုးကိုအစိုးရသည်။ လူတို့ကိုကာကွယ်စောင့်ရှောက်၍ လူတို့၏ ဆင်းရဲချမ်းသာ၊ ကောင်းကျိုးဆိုးကျိုးကို စီမံစီရင်သူဖြစ်သည်ဟုဆိုသည်။ ရုပ်တုတွင်အောက်ခံဆင် ရုပ်၊ ဦးခေါင်းသုံးလုံးခံထားသည်။ ယင်းအပေါ်က ပဒုမ္မာကြာပွင့်တွင် မတ်ရပ်ထလျက် လက်ယာလက် ကခရုသင်း၊ လက်ဝဲက သားမြီးယပ်ကိုင်ကာ သိကြားအဝတ်တန်ဆာအစုံနှင့်ရှိသည်။[1]
သိကြားမင်းတွင် စီးတော်ယာဉ်နှစ်ခု ရှိသည်။
- မြင်းကောင်ရေတစ်ထောင်နှင့် ဆွဲသော နတ်ရထား (ဝေဇယန္တာ)၊
- ဧရာဝဏ် ဆင်တော် ဖြစ်သည်။
နတ်မိဖုရားကြီး (၄) ပါး
မာဃလုလင်နှင့် အပေါင်းအသင်း (၃၃) ယောက်တို့သည် ကောင်းမှုကုသိုလ်အစုစုတို့ကို ပြုလုပ်လျက်ရှိကြသည်။ ဤတစ်ခါတွင် ဇရပ်တစ်ဆောင် ဆောက်လုပ်ကာ ကုသိုလ်ယူကြရန် ဖြစ်သည်။ ဇရပ်ဆောက်လုပ်သည့်အခါ ဇနီးဖြစ်သူတို့နှင့် ရေစက်မပါစေရန် မိမိတို့၏ ဇနီးမယားတို့အား ပါဝင်မှု မရှိစေရန် ဆုံးဖြတ်ထားကြသည်။[3]
သုဓမ္မာ၏ ကုသိုလ်
မာဃ၏ ဇနီးတစ်ယောက်ဖြစ်သည့် သုဓမ္မာသည် ထိုဇရပ်အလှူတွင် ပါဝင်လိုသည့်အတွက် လက်သမားဆရာကြီးကို အကူအညီတောင်း၏။ ထိုအခါ ဆရာကြီးက ဇနီးများ ပါဝင်မှု မရှိစေရန် တိုင်ပင်ထားကြောင်း ပြော၏။ သုဓမ္မာ၏ အကူအညီတောင်းခံမှုကြောင့် ကူညီခဲ့ရသည်။ လက်သမားဆရာကြီးသည် ပိန္နဲတိုင်ပြုလုပ်ကာ သုဓမ္မာအား ပေးလေ၏။ မာဃတို့အဖွဲ့သည် ဇရပ်ဆောက်လုပ်သည်တွင် ပိန္နဲတိုင်လိုလျက် ရှိသည်။ ရွာအတွင်း အိမ်စေ့မေးပြီးရှာကြရာ သုဓမ္မာထံတွင် ရလေသည်။ ထိုနေ့၌ပင် နက္ခတ်ကောင်းပြီး ဆောက်လုပ်လှူဒါန်းရမည် ဖြစ်သဖြင့် သုဓမ္မာ၏ အလှူကို လက်ခံလိုက်လေသည်။ ဤသို့ဖြင့် ဇရပ်ကြီးဆောက်လုပ်ပြီးစီးသွား၏။[3]
မာဃ၊ နန္ဒာ၊ စိတ္တာတို့၏ ကုသိုလ်
မာဃလုလင်သည် ဇရပ်ကြီးအနီးတွင် ပင်လယ်ကသစ်ပင် စိုက်ပျိုး၏။ သစ်ပင်ခြေရင်း၌ ကျောက်ဖျာတစ်ချပ်ကို ထားလေသည်။ မာဃလုလင်၏ ဇနီး နန္ဒာသည် ဇရပ်အနီးတွင် ရေကန်တူးကာ ကောင်းမှုကုသိုလ် ပြုလေသည်။ မာဃလုလင်၏ ဇနီး စိတ္တာသည် ဇရပ်အနီးတွင် ဥယျာဉ်ကြီးတစ်ခုကို ပြုလုပ်လေသည်။
မာဃလုလင်သည် ကွယ်လွန်သော် သိကြားမင်း ဖြစ်၏။ ကောင်းမှုကုသိုလ် အတူတူပြုခဲ့သည့် အပေါင်းအသင်း (၃၃) ယောက်တို့သည် သိကြားမင်းအပါး၌ နတ်မင်းကြီး (၃၃) ယောက်ဖြစ်၏။ နန္ဒာ၊ စိတ္တာ၊ သုဓမ္မာတို့သည် သိကြားမင်း၏ အပါး၌ နတ်မိဖုရားကြီး သုံးဦး ဖြစ်လေသည်။[3]
ဇနီးအကြီး သူဇာ
မာဃလုလင်၏ ဇနီးအကြီးဆုံး သူဇာသည် အလှူအတန်းကုသိုလ်ကောင်းမှုကို မပြုဘဲ အလှအပတွင်သာ စိတ်ဝင်စား၏။ သိကြားမင်း၏ ဇနီး သူဇာသည် ကွယ်လွန်သောအခါ ဗျိုင်းအောက်မလေး ဖြစ်သွားလေသည်။[3]
ဗျိုင်းမကလေး မသူဇာ
သိကြားမင်းသည် သူဇာ့အတွက် စိတ်မကောင်း ဖြစ်ကာ နတ်ပြည်သို့ ရောက်အောင် ကြံဆောင်၏။ သိကြားမင်းသည် သူဇာကို လူ့ပြည်တွင်တွေ့ကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်သည့်အတွက် မိမိနှင့် ဇနီးသုံးဦးတို့သည် နတ်ပြည်တွင် ဖြစ်ကြရကြောင်း ပြော၏။ သူဇာကိုလည်း ငါးပါးသီလကို စောင့်ထိန်းရန် မှာကြားကာ နတ်ပြည်သို့ ပြန်သွား၏။ တစ်ခါသော် သိကြားမင်းသည် ငါးအသေယောင်ဖန်ဆင်းကာ နေလေသည်။ ဗျိုင်းမလေးသူဇာလည်း ငါးအသေကို စားရန်ပြုရာ ငါးသည် လှုပ်လိုက်ရာ ဗျိုင်းမလေးလည်း မစားဘဲ နေလေသည်။ ထိုအခါမှ သိကြားမင်းသည် ကောင်းကင်တွင်နေကာ သာဓု ခေါ်လေသည်။ မသူဇာလည်း ဗျိုင်းဘဝမှ သေလွန်သော အိုးထိန်းသည်၏ သမီးအဖြစ် လူ့ပြည်တွင် ဖြစ်လေ၏။[3]
အိုးထိန်းသည်၏သမီး သူဇာ
မသူဇာသည် လူ့ဘဝသို့ ရောက်သောအခါ သိကြားမင်းသည် ရွှေသခွားသီး ရောင်းသည့် အဖိုးအိုပုံစံ ဖန်ဆင်းကာ လူ့ပြည်သို့ ဆင်းလာ၏။ ထို့နောက် သခွားသီးသည် အဖိုးအိုသည် သီလစောင့်ထိန်းသူမှသာ ရောင်းမည်ဟု ပြောဆိုသံများကို မသူဇာ ကြားလေရာ အဖိုးအိုထံ သွား၏။ အဖိုးကိုက မေးမြန်းရာ သီလကောင်းသူ ဖြစ်သည်ကို သိရှိသဖြင့် မသူဇာအိမ်ပေါက်ဝတွင် ရွှေသခွားသီးများကို သွန်ချခဲ့ကာ နတ်ပြည်သို့ ပြန်လေသည်။[3]
အသူရာ၏သမီး သူဇာ
လူ့ပြည်မှ သေလွန်သော် အသူရာပြည်၌ ဝေပစိတ္တိအသုရာနတ်မင်းကြီး၏ သမီးတော်ဖြစ်၏။ ဗျိုင်းဘဝ၊ လူ့ဘဝက သီလအကျိုးသည် အသုရာဘဝတွင် အလွန်တရာလှပသော အကျိုးကို ပေးလေသည်။ လက်ထက်ထိမ်းမြားဖို့ရာ ဖခင်ဖြစ်သူက အသုရာအစည်းအဝေးကျင်းပ၏။ ဤသည်ကို သိကြားမင်း သိ၏။ ထို့ကြောင့် အသုရာယောင် ဖန်ဆင်းကာ အစည်းအဝေးသို့သွား၏။ ဖခင်ဖြစ်သူက မိမိနှစ်သက်သူ၏ အထက်သို့ ပန်းကုံးပစ်ပါဟု ပြောသည့်အခါ ရှေးဘဝရေစက်ကြောင့် သိကြားမင်းကို ချစ်မြတ်နိုးမိသည့် သူဇာသည် သိကြားမင်း၏ အထက်သို့ ပစ်လေသည်။ ထိုအခါ သိကြားမင်းသည် သူဇာ၏ လက်မောင်းကို ဆွဲကာ ကောင်းကင်သို့ ပျံတက်သွား၏။ အသုရာတို့ကို လိုက်ကြသော်လည်း မင်းကြီးက မလိုက်ရန် ပြောသဖြင့် ဆက်မလိုက်ကြတော့ပေ။
ဤသို့ဖြင့် သိကြားမင်းတွင် လူ့ဘဝကတည်းက ရေစက်ပါလာသည့် မိဖုရားကြီးလေးဦးရှိပေသည်။ (ဝိမာဋ္ဌအထာကထာ၌ သိကြားမင်းတွင် မိဖုရားကြီး ၁၆၀၀ ရှိသည်ဟု ဆိုသည်။)[3]
ပဏ္ဍုကမ္ဗလာမြကျောက်ဖျာ
သိကြားမင်း ဖြစ်လာမည့် မာဃလုလင်သည် သုဓမ္မာဇရပ်အနီးတွင် ပင်လယ်ကသစ်ပင်တစ်ပင်ကို စိုက်ကာ လှူဒါန်းခဲ့သည်။ ပင်လယ်ကသစ်ပင် အနီးတွင် ကျောက်ဖြာကို လှူဒါန်းခဲ့သည်။ ထိုကုသိုလ်ကောင်းမှု၏ အကျိုးကျေးဇူးကြောင့် တာဝတိံသာနတ်ပြည်တွင် ပဏ္ဍုကမ္ဗလာမြကျောက်ဖျာ သည် ပေါ်ပေါက်လာခဲ့သည်။[3]
တည်နေရာ
တာဝတိံသာနတ်ပြည် မဟာသုဒဿနမြို့တော် အရှေ့မြောက်ဘက်ရှိ ပုဏ္ဍရိကဥယျာဉ်ကြီးထဲတွင်ရှိသော ပင်လယ်ကသစ်ပင်ကြီး၏ အနီးတွင် တည်ရှိသည်။[3]
အတိုင်းအတာ
အလျားသည် ယူဇနာ ခြောက်ဆယ် ရှိသည်။ အနံသည် ယူဇနာ ငါးဆယ် ရှိသည်။ အထူသည် တစ်ဆယ့်ငါး ယူဇနာရှိသည်။ အရောင်သည် လက်ခေါင်ရန်းပွင့်ကဲ့သို့ နီတွေးသည်။[3]
ကျောက်ဖျာကြီး ပူရခြင်း
ပင်ကို အားဖြင့် ကျောက်ဖျာသည် အေး၏။ ထူးခြားသော အကြောင်းအရာများ ဖြစ်ပါ်လာသည့်အခါ တင်းမာကာ ပူလာသည်။ ဤသို့ဖြစ်စေသည့် အကြောင်းများမှာ -
- သီလရှိသော သူတော်ကောင်းတို့အား ကူညီစောင့်ရှောက်ရန်အတွက်လည်း တင်းမာကာပူလာသည်။
- သိကြားမင်း၏ သက်တမ်းကုန်ဆုံးသည့် အခါတွင်လည်း တင်းမာကာ ပူလာသည်။
- သိကြားမင်း၏ နေရာကို လိုချင်သည့် တရားရှိသူ၊ ဘုန်းတန်ခိုးရှိသူတို့၏ သီလကြောင့် တင်းမာကာပူလာသည်။
ထိုသို့ ပူပြင်းလာသည့်အခါ သိကြားမင်းသည် အကြောင်းအရာအလိုက် ဖြေရှင်းသည်။ ထိုကျောက်ဖျာပေါ်တွင် သီတင်းသုံးကာ မြတ်စွာဘုရားသည် အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူခဲ့သည်။[3]
စီးတော်ယာဉ်များ
သိကြားမင်းသည် လှည့်လည်သွားလာသည့်အခါ များသောအားဖြင့် ဝေဇယန္တာနတ်ရထားကို စီး၏။ တစ်ခါတရံတွင်သာ ဧရာဝဏ်ဆင်ကို စီး၏။[3]
ဝေဇယန္တာနတ်ရထား
ဝေဇယန္တာနတ်ရထား၏ ရထားထိန်းသည် မာတလိနတ်သား ဖြစ်သည်။ ရထားဦးပိုင်းမှ နောက်ဆုံးအပိုင်းအထိ ယူဇနာ ၁၅၀ ရှိသည်။ အလယ်တွင် သိကြားမင်းနေရန် ရတနာပလ္လင်ကြီး ရှိ၏။ ရထားတွင် ထမ်းပိုးတစ်ခုသာ ရှိသည်။ ထိုတစ်ခုတည်းသော ထမ်းပိုးတွင် အာဇာနည်သိန္ဓောမြင်းပျံ တစ်ထောင် ကလျက်ရှိသည်။[3]
စီးတော်ဆင်ကြီး ဧရာဝဏ်
ဧရာဝဏ် အမည်ရှိ နတ်သားသည် သိကြားမင်း ဥယျာဉ်သို့ ထွက်ရာတွင် စီးနင်းရန်အလို့ငှါ မိမိကိုယ်ကို ဆင်ဖန်ဆင်းထားခြင်းဖြစ်သည်။ မာဃလုလင်ဘဝတွင် ဘုရင်က ပေးသနားသည့် ဆင်ကြီးမှ ဖြစ်လာသည့် နတ်သားဖြစ်သည်။ နတ်ပြည်တို့တွင် တကယ့်တိရစ္ဆာန်များ ရှိရိုးထုံးစံ မရှိပေ။ သိကြားမင်း ဥယျာဉ်မှ ပြန်လာသည့်အခါ ဆင်ကြီးသည် မူလအတိုင်း နတ်သားပြန်ဖြစ်သည်။[3]
သိကြားမင်းဖြစ်ကြောင်း အကျင့်(၇)ပါး
သိကြားမင်း ဖြစ်လာမည့် မာဃလုလင်သည် တည်းခိုနားနေရန် နေရာများ၊ လမ်းများ စသည့် ကောင်းမှုကုသိုလ်တို့အပြင် အောက်ပါ အကျင့်ကောင်း (၇) မျိုးလည်း ရှိသည်။
(၁) မိဘနှစ်ပါးကို အသက်ထက်ဆုံး ရိုသေလေးစားစွာဖြင့် လုပ်ကျွေးပြုစုခြင်း။
(၂) အမိဘက် အဖဘက်တို့မှ မိမိထက် အသက်ကြီးသည့် ဆွေမျိုးများကို အသက်ထက်ဆုံး ရိုသေလေးစားခြင်း။
(၃) အသက်ထက်ဆုံး ချိုသာသော၊ ယဉ်ကျေးသော စကားကို ပြောဆိုခြင်း။
(၄) ချစ်ခင်သူနှစ်ယောက်အား ကွဲပြားအောင် ကုန်းချောစကားတို့ကို အသက်ထက်ဆုံး မပြောဆိုခြင်း။
(၅) အသက်ထက်ဆုံး နှမြောခြင်းမရှိဘဲ လွတ်လပ်စွာ ရက်ရက်ရောရော ပေးကမ်းစွဲ့ကြဲခြင်း။
(၆) အသက်ထက်ဆုံး မှန်ကန်သော စကားကိုသာ ပြောဆိုခြင်း။
(၇) အသက်ထက်ဆုံး အမျက်ဒေါသ မထွက်ပေါ်အောင် ထိန်းသိမ်းခြင်း။ တစ်ခါတရံ အမျက်ထွက်မိပါက လျင်မြန်စွာ ပယ်ဖျောက်ခြင်း။
နောင်သံသရာအတွက်သာမက ယခုဘဝအတွက်ပါ ကောင်းမွန်သည့် အကျင့်များကို ပြုခဲ့ဖူးသည့်ကံ၏ အကျိုးကြောင့် နတ်ပြည်တွင် သိကြားမင်း ဖြစ်လာ၏။ မာဃလုလင်၏ သူငယ်ချင်း (၃၂) တို့သည်လည်း သိကြားမင်း၏ အခြံအရံနတ်များ ဖြစ်လာကြသည်။[3]
ရုပ်ပုံများ
- နတိတို့၏ ဘုရင် သိကြားမင်း
- သိကြားနတ်
- ရွှေတိဂုံ စေတီတော်မှ သိကြားမင်း
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
- ဦးမြတ်ကျော်(မြန်မာစာကော်မရှင်)`၃၁-ဘုံ ခရီးသည်
- ဓမ္မာစရိယ ဦးအေးနိုင်(ဘီအေ)။ ဗုဒ္ဓကျမ်းလာ နတ်ဒေဝါများ။