ပြိတ္တာ

ပြိတ္တာ

“ပြိတ္တာ” ဟူသောစကားရပ်သည် “ပေတ္တိ” ဟူသော ပါဠိမှဆင်းသက်၍ ပြိတ္တာဟု မြန်မာဝေါဟာရအားဖြင့် ခေါ်စမှတ်ပြုကြသည်။

“ သုခတော ပကဋ္ဌေနဣတာ ဂတာတိပေတာ ”

ချမ်းသာသုခအပေါင်းမှ ဝေးကွာသောသတ္တဝါများကို ပေတ =“ပြိတ္တာ” ဟုခေါ်သည်။ ၎င်းတို့အတွက် သီးခြားဘုံ မရှိချေ။

ပြိတ္တာများသည် လူ့ပြည်လောကအတွင်းမှာပင် တောတောင်၊ မြစ်ချောင်း၊ တောင်စောင်း၊ လိုဏ်ဂူ၊ သုဿန် စသောအရပ်များကို မှီခို၍ ဆင်းရဲစွာ ခံစားနေရလေသည့် သတ္တဝါတစ်မျိုး ဖြစ်လေသည်။ ဤ “ပြိတ္တာ” များတွင် တစ္ဆေ ၊ သရဲ၊ မှင်စာ၊ သဘက်၊ ဘီလူးစသည်ဖြင့် အမျိုးပေါင်းများစွာရှိသည်။ နှစ်ပေါင်းများစွာ မစားရ မသောက်ရချေ။ အချို့မှာ လူတို့၏ ထမင်းလုံး၊ ဟင်းသိုး၊ သလိပ်၊ ချွဲ၊ တံတွေး၊ မစင်၊ အရိအရွဲ စသည်တို့ကိုသာ စားသောက်ကြရသည်။ ဂိဇ္ဈကုဋ်တောင်တွင်နေသော ပြိတ္တာများမှာ ငရဲသားများ ကဲ့သို့ပင် လွန်စွာဆင်းရဲဒုက္ခရောက်ကြသည်။ မိမိပြုခဲ့သော မကောင်းမှုဖြင့် တမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်း စသော ဆင်းရဲကို ခံစားလျှက် နှစ်ပေါင်းရာထောင် သိန်းသန်းမက ဘုရားတစ်ဆူနှင့် တစ်ဆူအကြားသော်လည်း မကျွတ်မလွတ်နိုင်ဘဲနေကြရသည်။ ထိုမျှလောက်သော ကာလပတ်လုံး ထမင်းတစ်လုံး ရေတစ်ပေါက်မျှ မစားမသောက်ရဘဲ မိမိပြုခဲ့သော အကုသိုလ် ကံ မကုန်သေး သောကြောင့် သေဆုံးခြင်းမရှိဘဲ အသားအသွေးမရှိ အရေ အကြော အရိုးများသာရှိပြီးလျှင် အလွန်ဆိုးရွားသော အဆင်းဖြင့် ကြောက်ရွံ့ ထိတ်လန့်ဖွယ်ရာ ရုပ်အဆင်းဖြင့် တည်ရှိလေသည်။

ပြိတ္တာအမျိုးမျိုး

ပြိတ္တာမျိုးပေါင်း များစွာရှိသည်။ အဓိကကျသည့် ပြိတ္တာများမှာ-

၁။ဝန္တသိက ပြိတ္တာ = အလွန်မွတ်သိပ် ဆာလောင်သည့်အတွက် သူတပါးစွန့်ထားသော တံတွေး၊ နှပ်၊ အန်ဖတ် တွေကိုတောင် စားရသည်။

၂။ကုဏပခါဒက ပြိတ္တာ = မြွေကောင်ပုပ်၊ ခွေးကောင်ပုပ်၊ လူသေကောင်ပုပ် စတဲ့ အပုပ်တွေကို စားရသည်။

၃။ဂူထခါဒက ပြိတ္တာ = လူများစွန့်ထားသော မစင်ကို စားရသည်။

၄။အဂ္ဂိဇာလမုခ ပြိတ္တာ = အစားအစာ တစ်စုံတစ်ရာ မစားရဘဲ ပါးစပ်ထဲမှ မီးလျှံများထွက်နေသည်။

၅။သူစိမုခ ပြိတ္တာ = ကိုယ်ခန္ဓာအလွန်ကြီးမားပြီး ပါးစပ်ပေါက်သည် အပ်နဖားပေါက်လောက်ရှိသည်။ တခါတရံ အစားအစာကို တွေ့သော်လည်း ပါးစပ်ပေါက်က အလွန်ကျဉ်းသောကြောင့် ပါးစပ်မှမသွင်းနိုင်ဘဲ နားပေါက်၊ နှာခေါင်းပေါက် တို့မှ အစားအစာကို သွင်းကြရသည်။

၆။တဏှဋ္ဋိက ပြိတ္တာ = ရေလုံးဝ မသောက်ရဘဲ အလွန်ရေငတ်နေသည်။ ရေငတ်သည့်ဒုက္ခကို မခံနိုင်၍ မြစ်ချောင်းအင်းအိုင်များသို့ တွားသွားကြသည်။ မြစ်ချောင်းအင်းအိုင်များသို့ ရောက်သောအခါ ရေမရှိတော့ဘဲ သွေး၊ ပြည်၊ ကျင်ကြီးတွေ ဖြစ်ကုန်သည်။

၇။သုနိဇ္ဈာပက ပြိတ္တာ = မီးလောင်ကျွမ်းထားသော သစ်ငုတ်တိုနှင့် တူသည်။ ကြုံလှီပိန်ကပ်၍ နံရိုးအပြိုင်းပြိုင်း ဖြစ်သည်။ အဝတ်မပါ ကိုယ်လုံးတည်း ဖြစ်သည်။ အနံ့အသက် အလွန်ဆိုးရွားသည်။ ခြေလက်များ ခွင်နေသည်။ မျက်လုံးများ အပြင်သို့ ပြူးထွက်နေသည်။ ထမင်းဆာသောဒုက္ခ၊ ရေငတ်သည့်ဒုက္ခကို အပြင်းအထန်ခံစားနေရသည်။

၈။သတ္ထင်္ဂ ပြိတ္တာ = လက်သည်း၊ ခြေသည်းများသည် ဒါးလှံ၊ ငါးမြှားချိတ်များ ကဲ့သို့ ထက်နေသည်။ ထိုထက်နေသော လက်သည်း၊ ခြေသည်းများနှင့် မိမိ၏အသွေးအသားကို ကုတ်ဖဲ့စားသောက်ရသည်။

၉။ပဗ္ဗတင်္ဂ ပြိတ္တာ = တောင်လောက်ကြီးသော ကိုယ်ခန္ဓာနှင့် မျက်နှာသည် ဇီးကွက်လို ထိပ်တွင်တည်ရှိသည်။ မိမိကိုယ်ခန္ဓာထဲက အမြဲ အခိုးအလျှံများ ထွက်နေပြီး တစ်ကိုယ်လုံး မီးလောင်ကျွမ်းခံနေရသည်။

၁၀။အဇဂရင်္ဂ ပြိတ္တာ = စပါးကြီးမြွေနှင့် တူသော ကိုယ်ခန္ဓာရှိသည်။ ညအခါ တောက်လောင်နေသော ကိုယ်ခန္ဓာနှင့် သွားလာနေကြရ၍ နေ့အခါတွင် ဆင်းရဲအမျိုးမျိုးခံကြရသည်။

၁၁။ဥပ္ပိပါသိက ပြိတ္တာ = ထမင်းဆာသော ဆင်းရဲ၊ ရေငတ်သည် ဆင်းရဲကို အမြဲခံစားနေရသည်။

၁၂။နိဇ္ဈမတဏှိက ပြိတ္တာ = ပါးစပ်ထဲတွင် မီးလျှံများ အမြဲတောက်လောင်နေသည်။ ထမင်းဆာ၊ ရေငတ်သည် ဆင်းရဲကို အမြဲခံစားနေရသည်။

၁၃။ ကာလကိဉ္စိက ပြိတ္တာ = သုံးဂါဝုတ်မျှလောက်သော ခန္ဓာကိုယ်အတ္တဘောကြီးရှိလျက် အားနည်းသော အသားအသွေးရှိသဖြင့် သစ်ရွက်ခြောက်ကဲ့သို့ အရိုးကျဲကျဲရှိလျက် ပုဇွန်မျက်စိကဲ့သို့ ထွက်သောမျက်စိရှိသည်။ ထိုပြိတ္တာမျိုးသည် ဦးခေါင်းထိပ်အလယ်၌ အပ်နဖားပေါက်လောက်မျှသော ပါးစပ်ပေါက်ငယ် ရှိသည်။ ထိုပါးစပ်ပေါက်ဖြင့် သုံးဂါဝုတ်ရှိသော ခန္ဓာကိုယ်ကြီးကို ဝလင်အောင် မစားနိုင်ပေ။ (ထိုပြိတ္တာမျိုးကို အသူရကာယ်ဘုံသားဟုလည်း ခေါ်သည်။)

၁၄။ပရဒတ္တူပဇီဝိက ပြိတ္တာ = မိမိ၏ ကိုယ်စွမ်းကိုယ်စနှင့် အစားအသောက်မစားရ။ လူပြည်မှ ဆွေမျိုးများက ကုသိုလ်ကောင်းမှုပြုလုပ် အမျှအတန်းဝေမှ စားရသောက်ရ အသက်ရှင်ရသည်။

၁၅။ဝေမာနိက ပြိတ္တာ = နေရာဗိမ္မာန် ရှိသည်။ ကုသိုလ် အကုသိုလ် ရောနေသော မိဿကကံ ကိုပြုလုပ်ခဲ့၍ ငရဲဘုံတွင် ငရဲထိန်းအလုပ် လုပ်ရသည်။ နေ့အခါ ငရဲထိန်းဘဝ၊ ညအခါ နတ်စည်းစိမ်ချမ်းသာ ခံစားရသည်။

၁၆။မဟိဒ္ဓိက ပြိတ္တာ = ဝေမာနိက ပြိတ္တာများကို အုပ်ချုပ်ရသော `ဝေမာနိက ပြိတ္တာမင်း´ ဖြစ်သည်။ ဝေမာနိက ပြိတ္တာမင်း တို့သည် ငရဲကြီးရှစ်ထပ်၌ ငရဲမင်းကြီး(ယမမင်း)အလုပ် လုပ်ရသည်။ အဆင်းလှပြီး စည်းစိမ်ကြီးသည်ဟု ထင်ရပြီး စားချင်သောက်ချင်တိုင်း မစားရ မသောက်ရပေ။ တခါတရံမှ စားသောက်ရသည်။ တောင့်တမှု၊ အာသာဆန္ဒပြင်းပြမှု တို့ကို အမြဲ ခံနေကြရသည်။

ထိုပြိတ္တာမျိုးများအပြင် နာမည်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုး ရှိသော ပြိတ္တာများလည်းရှိသေးသည်။

  1. သုစိလောမ ပြိတ္တာ = ထို ပြိတ္တာမျိုးတွင် အပ်သွားလို အမွေးရှိသည်။
  2. ခရလောမ ပြိတ္တာ = ထို ပြိတ္တာမျိုးတွင် မိချောင်းရေလို အရေမျိုးရှိသည်။
  3. ဒီဃနခ ပြိတ္တာ = ထို ပြိတ္တာမျိုးတွင် လက်သည်း၊ ခြေသည်း သိပ်ရှည်သည်။
  4. ဧကပါဒ ပြိတ္တာ = ထို ပြိတ္တာမျိုးတွင် ခြေတစ်ချောင်းသာ ရှိသည်။
  5. ဧကနေတ္တ ပြိတ္တာ = ထို ပြိတ္တာမျိုးတွင် မျက်စိတစ်လုံးသာ ရှိသည်။
  6. အနေကနေတ္တ ပြိတ္တာ = ထို ပြိတ္တာမျိုးတွင် မျက်စိပေါင်း မြောက်များစွာ ရှိသည်။
  • (လူ့ပြည်လောကတွင်ဖြစ်ရစဉ် ငြူစူဝန်တိုခြင်းများ၍ မိမိကိုယ်တိုင်လည်း လှူဒါန်းပေးကမ်းခြင်းမရှိ၊ သူတပါး ပေးကမ်း လှူဒါန်းသည်ကိုလည်း တားမြစ်၍ အန္တရာယ်ပြုတတ်သူများသည် ပြိတ္တာဘဝသို့ ရောက်တတ်ကြပေသည်။)

[1]

သာဓုခေါ်ခွင့်ရတဲ့ ပြိတ္တာ

ပြိတ္တာအမျိုးအစားပေါင်းများစွာထဲတွင် သာဓုခေါ်ခွင့်ရတဲ့ ပြိတ္တာမှာ ပရဒတ္တူပဇီဝိက ပြိတ္တာ ဆိုတဲ့ တစ်မျိုးသာ ရှိသည်။ ကျန်တဲ့ ပြိတ္တာကောင်များသည် သူ့ကို အမျှပေးနေရင်လည်း မသိဘူး။ သိလဲ မခေါ်ဘူး။ အဝိဇ္ဖာနဲ့ တဏှာဖုံးနေသောကြောင့် ဖြစ်သည်။ ကောင်းသော ကံသင်္ခါရကို မလုပ်ချင်ပါ။ သာဓုခေါ်ရမယ်လို့ကို မသိတော့ပါ။

ကျမ်းကိုး

  1. ဦးမြတ်ကျော်`၃၁-ဘုံခရီးသည်´
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.