ဘုမ္မစိုး

ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးဟု သုံးမျိုးရှိရာ၊ ပါဠိဘာသာ၌ ဘုမ္မစိုးကို ဘုမ္မ-ဘုမ္မဋ္ဌ၊ ရုက္ခစိုးကို ရုက္ခဋ္ဌ- အာကာသစိုးကို အာသဋ္ဌဟု သုံးစွဲလေ့ရှိကြ၏။ ဘုမ္မ၊ ဘုမ္မဋ္ဌ- မြေ၌ တည်သောနတ်၊ မြေကို အမီပြု၍ နေသောနတ်၊ မြေကို ပိုင်ဆိုင်အုပ်စိုးသောနတ်။ ရုက္ခဋ္ဌ-သစ်ပင်၌ တည်သောနတ်၊ သစ်ပင်ကို အမီပြု၍ နေသော နတ်၊ သစ်ပင်ကို ပိုင်ဆိုင် အုပ်စိုးသောနတ်။ အာကာသဋ္ဌ-ကောင်းကင်ကို အမီပြု၍ နေသောနတ်၊ ကောင်းကင်ကို ပိုင်ဆိုင်အုပ်စိုးသော နတ်ဟု အဓိပ္ပာယ်ရသည်။ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးတို့၌ စိုးဟူသော စကားမှာ ပိုင်ဆိုင် အုပ်စိုးခြင်း အဓိပ္ပာယ်ရ၏။ ပါဠိဘာသာနှင့် မြန်မာဘာသာကို တွဲစပ်၍ ခေါ်ဝေါ်ထားသော အမည်ဖြစ်သည်။

ဘုမ္မစိုး
ရုက္ခစိုး
အာကာသစိုး

ထိုဘုမ္မဋ္ဌ၊ ရုက္ခဋ္ဌ၊ အာကာသဋ္ဌနတ်တို့သည်လည်း စာတုမဟာရာဇ်စသော အထက်နတ်တို့လည်း ရှိကြ၏။ လူ့ပြည်၌ဖြစ်သော အောက်နတ်တို့လည်း ရှိကြ၏။ ယင်းနှစ် မျိုးတို့တွင် စာတုမဟာရာဇ်စသော အထက်နတ်တို့ကို ဘုမ္မဋ္ဌ၊ ရုဆဋ္ဌ၊ အာကာသဋ္ဌဖြစ်သော်လည်း ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးဟု ခေါ်ဝေါ်လေ့ မရှိကြ။ လူ့ပြည်၌ဖြစ်သော အောက်နတ်တို့ကိုကာ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးဟု ခေါ်ဝေါ်လေ့ရှိကြ၏။

စာတုမဟာရာဇ် စသော အထက်နတ်တို့ကား နတ်တို့အရေအတွက်အားဖြင့် နှစ်ပေါင်း ငါးရာတစ်ထောင် စသည် အသက်တမ်းရှိကြ၏။ လူ့ပြည်၌ဖြစ်သော အောက်နတ် တို့ကား အသက်တမ်း မရှိကြ။ မိမိတို့ကံသာလျှင် ပမာဏရှိ ကြ၏။ အချို့ဘုမ္မစိုးနတ်တို့သည် ခုနစ်ရက်သာ သက်ရှည် ကြ၏။ အချို့ဘုမ္မစိုးနတ်တို့သည် ကမ္ဘာ၏ လေးပုံတစ်ပုံ ဝိဝဓဋ္ဌာယီ အသင်္ချေယျကပ် တစ်ကပ်လုံး အသက်ရှည်ကြ၏။

စာတုမဟာရာဇ် စသော အထက်နတ်တို့သည် မိန်းမ ဖြစ်လျှင် အသက် တစ်ဆယ့်ခြောက်နှစ်အရွယ်၊ ယောကျာ်း ဖြစ်လျှင် အသက်နှစ်ဆယ်အရွယ် ကိုယ်အင်္ဂါ အပြည့်အစုံ အရွယ်ရောက် လူလားမြောက်ပြီး ဥပပါတ် ပဋိသန္ဓေတစ်မျိုး ဖြင့်သာ နေသူများ ဖြစ်သောကြောင့် သားသမီးတို့ကို ဝမ်းဖြင့် လွယ်၍မမွေးကြကုန်။ ချီပိုးထိန်းယ မွေးမြူခြင်းလည်း မရှိကြ ကုန်။ လူ့ပြည်၌ ဖြစ်သော အောက်နတ်ကား (၁) ဥပပါတ် ပဋိသန္ဓေ - အရွယ်ရောက် လူလားမြောက်ပြီးဖြစ်သော ပဋိသန္ဓေ။ (၂) သံသေဒဇပဋိသန္ဓေ - အပုပ်အစပ် စသော အည|ိကိုစွဲ၍ ဖြစ်သော ပဋိသန္ဓေ။ (၃) အဏ္ဍဇပဋိသန္ဓေ - အဥ၌ဖြစ်သော ပဋိသန္ဓေ။ (၄) ဂမ္ဘသေယျပဋိသန္ဓေ - အမိဝမ်း၌ ဖြစ်သော ပဋိသန္ဓေ၊ ဤလေးမျိုးတွင် တစ်မျိုး မျိုးဖြင့် ပဋိသန္ဓေ နေသူများ ဖြစ်သောကြောင့် အချို့ သားသမီးတို့ကို ဝမ်းဖြင့် လွယ်၍မွေးကြရ၏။ ချီပိုးထိန်းယ မွေးမြူကြရ၏။

လူ့ပြည်၌ဖြစ်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကသစိုးတို့ သည် စာတုမဟာရာဇ်သို့အကျုံးဝင်ကြ၏။ အချို့ပညာဉာဏ် ထက်မြက်သော တိဟိတ်များဖြစ်၍ ပါရမီဓာတ်ခံ ရှိသဖြင့် ကျွတ်တမ်းဝင်ကာ အရိယာအဖြစ်သို့ရောက်နိုင်ကြ၏။

အချို့တန်ခိုးအာနုဘော်နည်းပါးကြ၏။ အချို့တန်ခိုးအာနုဘော် ကြီးမားကြ၏။ အချို့နတ်၌ ဖြစ်သော အစာအာဟာရကို စားသောက်ကြ၏။ အချို့လူတို့အကိုးကွယ်ခံကာ စားသောက် ကြ၏။ အချို့ဆင်းဆင်းရဲရဲ အထိုက်အလျောက် ရှာဖွေစား သောက်ကြ၏။

ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုး နတ်တို့သည် မိမိတို့ကံအားလျော်စွာ ပေါ်ပေါက်လာသော ဘုံဗိမာန်၌ နေကြ၏။ ထိုဘုံဗိမာန်များအနက် မြေ၊ တော၊ ချုံ၊ နောင်၌ တည်ရှိသော ဘုံဗိမာန်တို့ကို အထူးမဆို။ သစ်ပင်၌ တည်ရှိသော ဘုံဗိမာန်ကိုကား (၁) ရုက္ခဋ္ဌ-သစ်ပင်၏ အထက်၌ သစ်ပင်နှင့် စပ်၍ တည်ရှိသော ဘုံဗိမာန် (၂) သာခဋ္ဌ-သစ်ပင်၏ အကိုင်းနှင့်စပ်၍ တည်ရှိသော ဘုံဗိမာန် ဟု နှစ်မျိုးစပ်၏။ ရုက္ခဋ္ဌဘုံဗိမာန်သည် သစ်ပင်၏ အမြစ်မျှ ကျန်ရှိသေးလျှင် မပျက်စီးနိုင်။ သာခဋ္ဌဘုံဗိမာန်ကား သစ်ပင်၏ အကိုင်းတို့ မရှိလျှင် ပျက်စီးလေ၏ဟု အဆိုရှိသည်။

ထိုဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးတို့တွင် အာကာသ စိုးသည် ကောင်းကင်ကို ပိုင်ဆိုင်အုပ်စိုးသောနတ်ဟု အဆိုရှိသဖြင့် အာကာသစိုးအတွက် ထင်ရှား၏။ ဘုမ္မစိုးနှင့် ရုက္ခစိုးကား မည်သည့် နတ်သည် ဘုမ္မစိုး မည်သည့် နတ်သည် ရုက္ခစိုးဟု အတိအကျ မှတ်သားရန် ခဲယဉ်း၏။ ခဲယဉ်းပုံကား မြေပြင်၊ သစ်ပင်၊ တော၊ ချုံ၊ တောင် စသည်တို့၌ ဘုမ္မစိုးနတ်တို့ကို သိမှတ်ကြရမည် ဟု ဓမ္မပဒအဋ္ဌကထာ၌ အဆိုရှိသည်။ မြေ၌ တည်သော နတ်တို့ဟူသည်ကား မြေ၌တည်သော ကျောက်တောင်၊ တော၊ သစ်ပင်စသည်တို့၌ တည်သော နတ်တို့ပင်တည်း ဟု ဗုဒ္ဓဝံသ အဋ္ဌကထာ၌ အဆိုရှိသည်။ မြေ၌တည်သော နတ်တို့ဟူသည်ကား မြေဟူ၍ ရအပ်သော နေရာရှိ သော နတ်တို့ပင်တည်း။ ထိုပါဠိဖြင့် သစ်ပင်၊ တောင်၌ နေသော နတ်တို့ကိုလည်း ယူရမည် ဟု သံယုတ္တဋီကာ ၌ အဆိုရှိသည်။ ဤသို့အဋ္ဌကထာ၊ ဋီကာတို့၌ အမျိုးမျိုးအဆိုရှိသည်။ ဤသို့အဋ္ဌကထာ၊ ဋီကာတို့၌ အမျိုးမျိုး အဆိုရှိသော်လည်း အားလုံးခြုံ၍ ကြည့်လိုက်လျှင် သစ်ပင်၊ တော၊ ချုံ၊ တောင် စသည်တို့၌ တည်နေသော နတ်သည် ဘုမ္မစိုး ဟု အဓိပ္ပာယ်ရ၏။ ယင်းအဓိပ္ပာယ် အရယူလျှင် သစ်ပင်၊ တော၊ ချုံ စသည်တို့၌ တည်နေသော ရုက္ခစိုးဟု သီးခြားမရှိနိုင်။ ဘုမ္မစိုးထဲသို့ပါဝင်သွားသော ကြောင့် အတိအကျ မှတ်ရန်ခဲယဉ်း၏။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့အယူအဆကား သစ်ပင်၊ တော၊ ချုံ၊ တောင် စသည်တို့၌ နေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ မြေကိုပိုင်ဆိုင် အုပ်စိုးသော နတ်ကား ဘုမ္မစိုး၊ သစ်ပင်၊ တော၊ ချုံကိုသာ ပိုင်ဆိုင်အုပ်စိုးသော နတ်ကား ရုက္ခစိုးဟု ခွဲခြား၍ အတိအကျ မှတ်သားရမည်ဖြစ်၏။ ထိုနတ်တို့၏ ဝတ္ထုသက်သေ အနည်း ငယ်ကား အောက်ပါအတိုင်း ဖြစ်၏။

မြတ်စွာဘုရားသည် ဗာရာဏသီပြည် သိပတန မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးကို အမှူးထား၍ ဓမ္မစကြာ တရားတော်ကို ဟော်တော်မူသောအခါ၊ တရားနာရန် လာရောက်ကြသော နတ်ဗြဟ္မာတို့ကား အလွန်များပြားလှ၏။ ထိုနတ်ဗြဟ္မာတို့တွင် မြတ်စွာဘုရား ဓမ္မစကြာတရားကို ဟော်တော်မူကြောင်း ရှေးဦးစွာ ကြွေးကြော်သော နတ်တို့ကား ဘုမ္မစိုးတို့ဖြစ်သည်။

မြတ်စွာဘုရားသည် ကပိလဝတ်ပြည်အနီး မဟာဝုန် တောကြီးဝယ် မဟာသမယသုတ်ကို ဟောတော်မူသောအခါ စကြဝာ တိုက်တစ်သောင်းမှ တရားနာရန် လာရောက်ကြသော နတ်ဗြဟ္မာတို့ကား အလွန်များပြားလှ၏။ ထိုလာရောက်ကြသော နတ်ဗြဟ္မာတို့တွင်၊ ကပိလဝတ်ပြည်ကို အမီပြု၍နေသော ခုနစ် ထောင်သော နတ်တို့ကား ဘုမ္မစိုးတို့ဖြစ်သည်။

မြတ်စွာဘုရားသည် တစ်နေ့သောအခါ ဂယာရွာကြီး၏ တံခါးအမှိုက်ပုံ၌နေသော သုစိလောမဘီလူးနှင့် ခရလောမ ဘီလူးတို့ကို တရားဟောတော်မူရာ၊ ထိုဘီလူးတို့သည် သောတာပန် အရိယာအဖြစ်သို့ရောက်၍၊ ကိုယ်အင်္ဂါဆင်း အရောင် လှပလျက် ဘုမ္မစိုးနတ်တို့စည်းစိမ်ကို ခံစားကြ ရသည်။

မြတ်စွာဘုရားသည် အဂ္ဂါဝစေတီ၌ သီတင်းသုံး တော်မူစဉ် ရဟန်းတို့အား ကျောင်းဆောက်ရန် ခွင့်ပြု တော်မူသဖြင့်၊ ရဟန်းတစ်ပါးသည် ကျောင်းဆောက်ရန် တစ်ခုသော သစ်ပင်ကို ခုတ်မည်ပြုရာ၊ သစ်ပင်စောင့် ရုက္ခစိုးသည် သားငယ်ကိုချီလျက် တားမြစ်သည်ကို မနာခူဘဲ ခုတ်သဖြင့်၊ သားငယ်၏ လက်ကို ဖြတ်မိလေ၏။ ထိုအခါ ရုက္ခစိုးသည် အလွန်စိတ်ဆိုးကာ၊ ပုတ်ခတ်၍ သတ်တော့မည်ဟု ရဟန်း၏ လက်တို့ကိုကိုင်၍ မြှောက်ချီ ပြီးမှ ဤရဟန်းကား သီလရှိသော ရဟန်းဖြစ်၏။ အကယ်၍သတ်လျှင် ငါ့မှာသေ လွန်သောအခါ ငရဲသို့ကျချေမည်။ အခြားရုက္ခစိုးတို့လည်း ငါ၏နည်းကို ယူ၍ ရဟန်းများကို သတ်ကြလိမ့်မည်။

သို့အတွက် ရဟန်း၏ အရှင်သခင်ဖြစ်သော မြတ်စွာ ဘုရားထံသွား၍ လျှောက်မည်ဟု ကြံစည်လျက်၊ ရဟန်း၏ လက်တို့ကိုလွှတ်၍၊ မြတ်စွာ ဘုရားထံသွားကာ အကြောင်းစုံ လျှောက်လေ၏။ မြတ်စွာဘုရားလည်း ဖြစ်လာသော ဒေါသကို ချုပ်တည်းနိုင်ခြင်း သည် ကောင်းစွဟု သာဓုခေါ်ပြီးလျှင် တရားဟော်တော်မူရာ၊ ရုက္ခစိုးသည် သောတာပန် အရိယာ အဖြစ်သို့ရောက်လေ၏။ နောက်နေရာ ဘုံဗိမာန် မရှိတော့ပြီ ဟု လျှောက်ပြန်ရာ၊ မြတ်စွာဘုရားက ဂန္ဓကုဋိအဦးရှိ နတ်မရှိ သော သစ်ပင်ကို ပေးတော်မူသဖြင့် ချမ်းသာစွာ နေရသည်။

ကုသနာဋ္ဌိဇာတ်၌ ဗာရာဏသီမင်းကြီး၏ တစ်ပင်တိုင် နန်းပြာဿဒ်သည် တိုင်နဲ့နေသဖြင့်၊ လက်သမားတို့သည် ကျား ထောက်ရန် သစ်ကိုရှာဖွေရာ၊ ဥယျာဉ်တော်၌ မင်္ဂလာပြုသော သစ်ပင်ကို တွေ့သဖြင့် မင်းကြီးထံ ခွင့်ပန်ပြီးလျှင် ပူဇော်ပသ၍ နက်ဖြန်ခုတ်တော့မည်ဟု တိုင်ကြားပြီး ပြန်ကြ၏။ သစ်ပင် စောင့် ရုက္ခစိုးလည်း နက်ဖြန် ခုတ်တော့မည်ကိုသိလျှင် ငါ့ဗိမာန် ပျက်တော့မည် ငါ့မှာ ရွှေ့ပြောင်းရန် နေရာလည်း မရှိဟု ပူပင်သော ကရောက်လျက် သားငယ်တို့ကိုဖက်၍ ငို ကြွေးလေ၏။ အနီးရှိ အဆွေခင်ပွန်းဖြစ်သော ရုက္ခစိုးနတ်တို့ လည်း ငိုကြွေးသံကို ကြားလျှင် လာရောက်မေးမြန်းကာ သစ်ပင်ကို ခုတ်တော့မည့် အကြောင်းကို သိလျှင် တားမြစ်ရန် စိတ်မကူးကြဘဲ အဆွေရုက္ခစိုးကိုသာ ဖက်၍ ငိုကြွေးကြပြန်၏။ ထိုအခါ အနီးရှိ သမန်းမြက်ဖုတ် ကျူရုံစောင့် ရုက္ခစိုး သည် ငိုကြွေးသံတို့ကိုကြား၍ လာရောက်မေးမြန်းပြန်ရာ၊ သစ်ပင်ကို ခုတ်တော့မည့်အကြောင်းကို သိလျှင်၊ အဆွေရုက္ခစိုး အား အဆွေ မစိုးရိမ်ပါနှင့်၊ နက်ဖြန် လက်သမားတို့လာသော အခါ မခုတ်ရအောင် ကြံဆောင်မည်။ ကျွန်ုပ်၏ ပညာဉာဏ် စွမ်းကို စောင့်ကြည့်ပါ ဝန်ခံ လေ၏။ နက်ဖြန် လက်သမား တို့လာသောအခါ သမန်းမြက်ဖုတ် ကျူရုံစောင့် ရုက္ခစိုးသည် လက်သမားတို့မြင်လောက်အောင် ပုတ်သင်ယောင်ဆောင်၍ ခုတ်တော့မည့် မင်္ဂလာသစ်ပင်၏ အမြစ်ကြားသို့ဝင်ကာ အခေါင်းမှ တက်သကဲ့သို့ပြု၍ ခွကြား၌ နေလျက် ဦးခေါင်းကို ညိတ်ကာပြလေ၏။ ထိုအခါ လက်သမားတို့သည် ပုတ်သင် ကိုမြင်လျှင် ဤသစ်ပင်ကား အခေါင်းရှိသည်။ ကျားထောက်ရန် မသင့်ဟု မခုတ်တော့ဘဲ သွားကြ၏။

ထိုအခါ မင်္ဂလာသစ်ပင်စောင့် ရုက္ခစိုးသည် မိမိဗိမာန် မပျက်စီးသဖြင့် ဝမ်းမြောက်ဝမ်းသာ ရောက်လာကြသော ရုက္ခစိုးတို့အား အဆွေတို့ကျွန်ုပ်တို့သည် တန်ခိုးအာနုဘော် ကြီးလျက် ပညာဉာဏ် သေးငယ်သောကြောင့် ဤအကြောင်း ဥပါယ်ကို မသိမမြင်ကြကုန်။ သမန်းမြက်ဖုတ်ကျူရုံစောင့် ရုက္ခစိုးအား တန်းခိုးအာနုဘော် သေးငယ်သော်လည်း၊ ပညာ ဉာဏ် ကြီးမားသောကြောင့် ဤအကြောင်းဥပါယ်ကို သိမြင်ပါ ပေ၏ဟု ချီးကျူးလေသည်။

ကောင်းကင်ကို ပိုင်ဆိုင်အုပ်စိုး၍ နေကြသော စာတု မဟာရာဇ် နတ်များ၊ တာဝတိံသာနတ်များနှင့် ယာမာနတ်များ မှစ၍ နေဝသညာ နာသညာ ယတန ဗြဟ္မာများ တိုင်အောင် နတ်ဗြဟ္မာတို့သည် အာကာသစိုးများ ဖြစ်ကြ၏။ ထို့ပြင် စာတုမဟာရာဇ် နတ်များနှင့် တစ်စပ်တည်း တည်လျက် စာတုမဟာရာဇ် နတ်အပါအဝင်၊ စကြာဝာတောင် တိုင်အောင် အဆင့်ဆင့် တည်ရှိကြသော၊ မောဟကြောင့် အာဟာရပြတ်၍ သေသော ခဓာိပဒေါသိကနတ်၊ ဒေါသကြောင့် သေသော မနောပဒေါသိကနတ်၊ အအေးကို ဖြစ်စေသော သီတဝလာဟ ကနတ်၊ အပူကို ဖြစ်သေစော ဥဏှဝလာဟကနတ်၊ တိမ်ကို ဖြစ်စေသော အဝလာဟကနတ်၊ မိုးကိုဖြစ်စေသော ဝဿဝလာဟကနတ်၊ လနတ်၊ နေနတ်၊ ဂြိုဟ်နတ်၊ နက္ခတ်တာရာ နတ်တို့ကား၊ အာကာ သစိုးများဖြစ်၏။ (ထိုဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသ စိုးတို့ကား ထိုထိုပိဋကတ်တော် နိပါတ်တော်တို့၌ အလွန် များပြားကုန်၏။ အနည်းငယ်မျှသာ ထုတ်ပြခြင်း ဖြစ်သည်။)[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)



This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.