အသုရာ
အသုရာသဒ္ဒါကား မြန်မာလိုဆိုသော် နတ်တို့၏ ဆန့်ကျင်ဘက် နတ်တို့ကဲ့သို့ မမြူးတူးတတ်သူဟုဆိုလိုသည်။ အသုရာများ၊ မျိုးအပြား၊ သုံးပါးကျမ်းဂန်လာဟူသော စကားရပ်အရ အသုရာသုံးမျိုးရှိ၏။
(၁) ဝေပစိတ္တိအသုရာ
တာဝတိံသာနတ်တို့နှင့် သက်တမ်းစည်းစိမ် တန်ခိုးညီမျှ၍ မြင်းမိုရ်တောင်အောက်၌ နေကြသော အသုရာမျိုး။ (ယင်းတို့ကို အသုရာဟုခေါ်ရာ၌ သဒ္ဒါသည် ဆန့်ကျင်ဘက် (ပဋိပက္ခ) အနက်ကို ဟော၏။ တာဝတိံသာ နတ်တို့၏ ဆန့်ကျင်ဘက်များ ဟူလို။)
(၂) ဝိနိပါတိကအသုရာ
ယင်းတို့သည်လည်း နတ်အသုရာမျိုးပင် ဖြစ်၏။ သို့သော်လည်း စာတုမဟာရာဇ်၊ တာဝတိံသာနတ်တို့လောက် တန်ခိုး မကြီးချေ။ ရှားပါးသော အဝတ်တန်ဆာ အစားအစာရှိကုန်၏။ အချို့ကား တိဟိတ် ပဋိသန္ဓေ နေကုန်သည်ဖြစ်၍ မဂ်ဖိုလ်နိဗ္ဗာန်တိုင် ရကြကုန်၏။
(၃) ကာလကဉ္စိကအသုရာ
ယင်းတို့သည်ကား ပြိတ္တာ အသုရာ မျိုး သာတည်း။ ထိုကြောင့်ကာလဉ္စိကအသုရာမျိုးကို အသုရကာယ်ဘုံ၌ သွင်း၍ ရေတွက်အပ်ကုန်၏။ ထိုပြင် တစ်ခါတစ်ခါ နတ်ကဲ့သို့ စည်းစိမ်ခံစား၍ တစ်ခါ တစ်ခါ ပြိတ္တာကဲ့သို့ ဒုက္ခခံနေရာသော ဝေမာနိက ပြိတ္တာများကိုလည်း အသုရာဟုခေါ်ဝေါ်သေး၏။ ဤ၌ သဒ္ဒါသည် အတူဟူသော အနက်ကို ဟော၏။ စည်းစိမ်ခံစားခိုက် နတ်နှင့်တူသည်ဟု ဆိုလိုသည်။
ထိုမှတစ်ပါး စကြဝဠာကမ္ဘာကြီး သုံးခု စပ်မိလျှင် လင်ပန်း
သုံးချပ် စပ်သကဲ့သို့ အကြားအရပ် ဖြစ်၏။ ထိုအကြားကို
လောကန္တရိက်ငရဲဟုခေါ်၏။ နေရောင်လရောင် စသော အရောင်
အလင်းမရပဲ အမြဲ မှောင်ကျနေသည်။ ထိုငရဲသတ္တဝါတို့သည်
စကြဝဠာတံတိုင်းကို (လင်းနို့များလို) လက်သည်းဖြင့် ကုတ်
တက်၍ နေကြရ၏။ အစားအသောက်မရ ဆာလောင်လှသဖြင့်
တစ်ကောင်နှင့်တစ်ကောင် နီးကပ်စွာ တွေ့ကြသည့်အခါ လှမ်း
၍ အဟပ်လိုက်တွင် အလွန်အေးစက်လှသော မြေကိုခံသော
ရေထည်းသို့ ကျသဖြင့် ကြေမွကြရကုန်သည်။ ထိုလောကန္တရိက်
ငရဲသားများကိုလည်း ဗုဒ္ဓဝင် အဋ္ဌကထာ၌ အသုရာဟု သုံးနှုန်း
ထားလေသည်။
ကာလကိဉ္စိကအသုရာတို့သည် သမုဒ္ဒရာ ဂင်္ဂါမြစ်ကမ်း
စသည်တို့၌ နေတတ်ကြ၏။ အလွန်မွတ်သိပ် ဆာလောင်ကြ
လေသည်။ တစ်ချို့အသုရာတို့သည် ဘုရားနှစ်ဆူသုံးဆူ ပွင့်
သော်လည်း တစ်ကြိမ်မျှ မစားမသောက် ကြရလေကုန်။
ဝိနိပါတိကအသုရာတို့သည် ဘုမ္မဇိုး နတ်ကြီးများကို မှီခို
ကပ်ယပ်လျက်နေထိုင်ရသော ဣဒ္ဓိပါဒ် နုံ့နဲ လှသော နတ်
ကလေးများဖြစ်၏။ ယင်းတို့ကို အသုရာဟု ခေါ်ရာ၌ သဒ္ဒါ
သည် အငယ်အနက်ကို ဟော၏။ နတ်ငယ်ကလေးများ ဟူလို။
ဝေပစိတ္တိအသုရာတို့သည် တာဝတိံသာ၌သာ စာရင်းဝင်၏။
လွန်လေပြီးသောအခါ မဂဓရာဇ်တိုင်း၊ ရာဇဂြိုဟ်ပြည်၊
မဂဓရာဇ်မင်းလက်ထက် မစလရွာ၌ ဘုရားအလောင်း မာဃ
လုလင်ဖြစ်၍ သီတင်းသီလဆောက် တည်ခြင်း၊ ရေတွင်း
ရေကန်၊ တန်တား၊ ဇရပ် ကုသိုလ်ကောင်းမှုပြုသည့် အကြောင်း
ကြောင့် ထိုရွာမှ စုတေခဲ့သော် အသုရာမင်းနေသော
တာဝတိံသာ နတ်ပြည်တွင် သိကြားဖြစ်သည်။ အသုရာမင်းကို
သေသောက်၍ ယစ်မူးခိုက် မြင်းမိုရ်တောင်ခြေ မဟာသမုဒ္ဒရာ
ရေအပြင်၌ သိကြားကချသည်တွင် မြင်းမိုရ်တောင်အောက်
ခုံလောက်သုံးလုံးအကြား ယူဇနာတစ်သောင်းခန့်သော အသုရာ
ပြည်ဖြစ်ရာ အရပ်ရှိသည်။ ထိုအရပ်သို့ အသုရာတို့ရောက်သည်
တွင်မှ အသုရာပြည်ဖြစ်သည်။ ထိုပြည်ကား တာဝတိံသာ
နတ်ပြည်နှင့်အတူ ကြီးကျယ်၏။ ဥယျာဉ်ရေကန်ဖြင့် တင့်တယ်
၏။ နတ်၏မြို့ရွာဇနပုဒ်နှင့် ပြည့်စုံ၏။ တာဝတိံသာမှာ
ကသစ်၊ အသုရာပြည်မှာ သခွတ် ဤသို့ပြည်၏အသရေ
သစ်ပင်ချင်းမတူ။ တာဝတိံသာနတ်ပြည်မှာ သုဓမ္မာဇရပ်နှင့်
ဝေဇယန္တာပြာသာဒ် ရှိသည်။ အသုရာပြည်မှာမရှိ။ ဤမျှသာ
ထူးသည်။ ထိုမှတစ်ပါး အသက်စည်းစိမ် ချမ်းသာ အထူးမရှိ
ဟူ၍ လောကပညတ္တိကျမ်း ဆဂတိဒီပနီကျမ်းများ၌ ဆိုသည်။
အသုရာတို့လည်း အထက် တာဝတိံသာမှာ နေစဉ် ကသစ်
ပန်းပွင့်ရတုသဘင်ခံမြဲအချိန်တွင် သခွတ်ပန်းပွင့်သည်ကို မြင်၍
ငါတို့နေရင်းပြည် မဟုတ်တကား၊ ငါတို့ကို သိကြား ပစ်ချ
လိုက်၍ ငါတို့နတ်ပြည်ကို ယူဘိသည်ဟု အမျက်ထွက်သဖြင့်
စစ်ပြိုင်၍ နတ်ပြည်ကိုယူအံ့သောငှာ တိုင်ကို ခြပုန်းတက်
သကဲ့သို့ မြင်းမိုရ်တောင်ကို မဟာသမုဒ္ဒရာရေအပြင်မှ တစ်
ရွေ့ရွေ့ စစ်အင်္ဂါလေးပါးနှင့်တကွ တက်ကြကုန်သည်ဟု
ကုလာဝကဇာတ်အဋ္ဌကထာတွင် ဆိုသည်။
မဟာဥပရာဇဧချင်းတွင် သခွတ်ပွင့်ခါ၊ အသုရာလျှင်၊
ငါ့ရွာနတ်ပြည်၊ ဤသည်မဟုတ်၊ စိတ်ခလုတ်ဖြင့်၊ မျက်ကြုတ်
ရံပါ၊ မြင်းမိုရ်ချာသို့၊ လာ၍တစ်ဖန်၊ စစ်ထိုးပြန်လည်း၊ ဖုံးဝှန်
ထွတ်ထား၊ သိကြားရန်စင်၊ သူဇာ့လင်ကား၊ မာတင်နာဂ၊
သုမိတ္တနှင့်၊ တိုက်ချပိုက်ပိုက်၊ နိုင်လိုက်သောဟန် ဟူ၍
စပ်ဆိုထားသည့် အတိုင်း ထိုသို့ အသုရာနတ်တို့ မပြတ်
တိုက်ခိုက်သော်လည်း မအောင်နိုင် ရှိရလေသည်။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)