မြင်းမိုရ်

တောင်တကာတို့၏ မင်းဖြစ်သော မြင်းမိုရ်တောင်သည် မဟာသမုဒ္ဒရာ အပေါ်သို့ ယူဇနာ ရှစ်သောင်း လေးထောင် မြင့်၍ မဟာသမုဒ္ဒရာအောက်၏ ယူဇနာ ရှစ်သောင်းလေးထောင် နစ်နေ၏။ မြင်းမိုရ်တောင်ထိပ် မြေအရပ်သည် အလုံးစုံသော မြေအရပ်တို့ မဖြစ်ပေါ်မီ ရှေးဦးပထမ ဖြစ်ပေါ်လာ၍ ယူဇနာ ရှစ်သောင်း လေးထောင် ကျယ်၏။

ဖြစ်ပေါ်လာပုံ

ကမ္ဘာကြီးကို မီးလောင်၍ စကြဝဠာ ကုဋေတစ်သိန်းလုံးအကုန် ဘာမျှမကျန်အောင် ပျက်စီးသွားပြီးသည်နောက် ကမ္ဘာပြု မိုးကြီးရွာသဖြင့် အကုန်လုံး ရေနှင့် ပြည့်၍ နေလေသည်။ ထိုရေတို့သည် အထက် ပထမဈာန် ဗြဟ္မာဘုံ ၃ ဘုံမှစ၍ တဖြည်းဖြည်း ခန်း၍ခန်း၍ လျော့ကျလာရာ၊ မြင်းမိုရ်တောင် ဖြစ်မည့်နေရာ၌ ရေတို့သည် အလွန်ပျစ်ချွဲလာ၏။ ကာလအလွန် ကြာသောအခါ ရွှံ့ပျစ်ချွဲကြီးမှ ရွှံ့လွှာခဲကြီး ဖြစ်လာ၏။ ဤရွှံ့လွှာခဲကြီးကား လှည်းဘီးကဲ့သို့ဝိုင်းလျက်ရှိရာ စတုရန်း ယူဇနာ ရှစ်သောင်းလေးထာင် ကျယ်၏။ ဤရွှံ့လွှာခဲကြီး၏ နံဘေးပတ်ဝန်းကျင် ရေစုကား အလွန်ကြည်၍ ကျဲ၏။ ထိုရေကြည်ရေကျဲတို့သည် တဖန်ခန်း၍ လျော့ကျလာပြန်၏။ မြင်းမိုရ်ရွှံ့လွှာခဲကြီးကား မလျော့ကျဘဲ အောက်သို့ တိုး၍သာခဲလျက်ထူ၍ထူ၍ လာလေသည် ။ နောက်ဆုံးတွင် မဟာသမုဒ္ဒရာမှ အပေါ်သို့ ယူဇနာ ရှစ်သောင်း လေးထောင် အမြင့်ဆောင်၍ တည်နေလေသည်။

  1. ယုဂန္ဓိုရ်တောင်၊
  2. ဣသိန္ဓိုရ်တောင်၊
  3. ကရဝိကတောင်၊
  4. သုဒဿနတောင်၊
  5. နေမိန္ဓရတောင်၊
  6. ဝိနတကတောင်
  7. အဿကဏ်တောင်

အမည်ရှိသော တောင်စဉ်ခုနစ်ထပ်တို့သည် မြင်းမိုရ်တောင်ကို ဝိုင်းရံလျက်ရှိရာ တောင်ကွင်းကြီးများကဲ့သို့ ရှိနေလေသည် ။ ထိုတောင်စဉ် ခုနစ်ထပ်တို့ အကြားအကြားတွင် သီဒါခုနစ်တန်တို့သည် အစဉ်အတိုင်း မြင်းမိုရ်တောင်ကို ဗဟိုပြု၍ ဝိုင်းရံလျက်ရှိကြပြန်သည် ။ ထိုသီဒါ ခုနစ်တန် တို့သည် အထပ်ထပ် ဝိုင်းရံလျက်ရှိရာ ရေကွင်းကြီးများကဲ့သို့ ရှိနေလေသည်။ ယုဂန္ဓိုရ်တောင်သည် ယူဇနာ လေးသောင်း နှစ်ထောင်မြင့်၏။ နေ လ နက္ခတ်တို့သည် မြင်းမိုရ်တောင်ကို လကျ်ာရစ်လှည့်၍ ယုဂန္ဓိုရ်တောင်ထိပ်နှင့် အမျှသော ယူဇနာ ၄၂ဝဝဝ မြင့်သော ကောင်းကင်ပြင်၌ မြှား၏ လျင်ခြင်းထက် ဆယ်ဆမကသော လျင်ခြင်းဖြင့် သွားကြ၏။ ဣသိန္ဓိုရ်တောင်သည် ယူဇနာ ၂၁,ဝဝဝ မြင့်၍ ကရဝိကတောင်မှာ ယူဇနာ ၁ဝ,၅ဝဝ မြင့်သည် ။ သုဒဿနတောင်သည် ယူဇနာ ၅,၂၅ဝ မြင့်၍ နေမိန္ဓရတောင်သည် ယူဇနာ၂၆၂၅ မြင့်လျက် ဝိနတကတောင်သည် ၁,၃၁၂ ယူဇနာ နှစ်ဂါဝုတ်မြင့်ကာ အဿကဏ်တောင်ကား ၆၅၆ ယူဇနာ တဂါဝုတ်မြင့်သည်။

မြင်းမိုရ်တောင်ကြီး၏ အရှေ့ဖက်ခြမ်းကား ငွေသားအတိပြီး၏။ မြောက်ဖက်ခြမ်းကား ရွှေသားအတိပြီး၏။ အနောက်ဖက်ခြမ်းကား ဖလ်သားအတိ ပြီး၏။ တောက်ဖက်ခြမ်းကား ပတ္တမြားညိုအတိ ပြီး၏။ ဖုံမှုန့်မြေ ရွှံ့မြေဟူ၍ မရှိချေ။ မြင်းမိုရ်တောင်မှ လေးပါးသော အရပ်မျက်နှာတို့၌ ကျွန်းငယ် ငါးရာစီ အခြံအရံနှင့်တကွ ကျွန်းကြီးလေးကျွန်းတို့ ဖြစ်ပေါ်ကုန်၏။ အရှေ့ကျွန်းနှင့် အနောက်ကျွန်းတို့ကား ယူဇနာ ခုနစ်ထောင်စီ ကျယ်၏။ မြောက်ကျွန်းကား ရှစ်ထောင်ကျယ်၍ တောင်ကျွန်းကား ယူဇနာတစ်သောင်းကျယ်၏။

စကြဝဠာ တစ်ခုတစ်ခု၌ ဤကဲ့သို့ မြင်းမိုရ်တောင်ကို ဗဟိုပြု၍ သီဒါ ခုနစ်တန်၊ တောင်စဉ် ခုနစ်ထပ်တို့ ဝန်းရံလျက်ရှိကြကုန်၏။ မြင်းမိုရ်တောင်၏ အရပ်လေးမျက်နှာတို့၌ ကျွန်းကြီးလေးကျွန်း ရှိကြစမြဲပင်။ ဤကဲ့သို့သော စကြာဝဠာတို့သည် အနန္တပင်ရှိကြကုန်သည်။[1]

စကြဝဠာ အလယ်ဗဟို ယူဇနာ တသိန်းခြောက်သောင်း ရှစ်ထောင်-မြင့်သောမြင်းမိုရ်တောင်သည် တည်ရှိနေ၏။ ယူဇနာ ရှစ်သောင်း လေးထောင်သည် သမုဒ္ဒရာရေတွင် နစ်မြှုပ်နေ၏။ အထက်ပိုင်း မြင့်တက်နေသော အတိုင်းအတာမှာ ယူဇနာ ရှစ်သောင်း လေးထောင်-ရှိ၏။ ထို့ကြောင့် ရှစ်သောင်း လေးထောင်-အမြင့်ဆောင်သော မြင်းမိုရ်တောင်ဟု ခေါ်ဝေါ်သမုတ်ကြပါသည်။

ထိုမြင်းမိုရ်တောင်ကြီး၏ ပတ်ဝန်းကျင်၌ သီတာခေါ် မြစ်တစင်းက တံတိုင်းခတ်သလို ပတ်ရံလျက် ရှိနေလေ၏။ ထိုသီတာ၏ပြင်ဘက် ယုဂန္ဓိုရ်တောင် တည်ရှိသည်။ အမြင့်မှာ မြင်းမိုရ်တောင်၏ တဝက်သာမြင့်၍ သမုဒ္ဒရာရေအတွင်းသို့ တဝက်ဝင်နေသည်။ ထိုယုဂန္ဓိုရ်တောင် ပြင်ဘက် သီတာမြစ်ခြား၍ ဣသိန္ဓိုရ်တောင် တည်ပြန်၏။ ပြင်ဘက်တွင် သီတာမြစ် ခြားပြန်၏။

ဤနည်းအတိုင်း မြင်းမိုရ်တောင်ကို သီတာ ၇-တန်နှင့် တောင်စဉ် ၇-ထပ်တို့ ရံပတ်တည်ရှိကြသည်။ ထိုတောင်များ၏ ပြင်ဘက်၌ သမုဒ္ဒရာရေပြင်ကြီးသည် စကြာဝဠာတံတိုင်းအထိ တည်ရှိလေသည်။ ထိုရေပြင်၏ အလယ်၌ ကျွန်းကြီးကျွန်းငယ် အသွယ်သွယ် ပေါ်ထွန်းလျက်ရှိရကား မြင်းမိုရ်တောင်အရှေ့ဘက်၌ အရှေ့ကျွန်း၊ ထို့အတူ တောင်၊ နောက်၊ မြောက်ဘက်၌ ပေါ်ထွန်းသော ကျွန်းများကို တောင်ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်းဟု ခေါ်ဝေါ်ကြသည်။

နတ်ပြည်

နတ်ပြည်၊ ဗြဟ္မာ့ပြည် ပေါ်ထွန်းလာပုံမှာ ယုဂန္ဓိုရ်တောင်ထိပ်၌ စတုမဟာရာဇ်နတ်ပြည် တည်ရှိ၏။ နေလ၊ နက္ခတ်တို့သည် စတုမဟာရာဇ်နတ်ပြည်၌ ပါဝင်သော ဘုံဗိမာန်များဟု ဆိုသည်။ မြင်းမိုရ်တောင်ထိပ်ပေါ်၌ တာဝတိံသာ နတ်ပြည်တည်ရှိ၏။ ယာမာ၊ တုသိတာ၊ နိမ္မာနရတီ၊ ပရနိမ္မိတဝသဝတ္တီ နတ်ပြည် လေးထပ်ကား မြေကြီးနှင့် လုံးဝမစပ်ဘဲ ကောင်းကင်မှာပင် အဆင့်ဆင့်မြင့်ကာ တည်ရှိလေသည်။ ဗြဟ္မာဘုံများလည်း ထို့အတူပင်ဖြစ်၏။

မြင်းမိုရ်တောင်၏ ပုံသဏ္ဌာန်

မြင်းမိုရ်တောင်သည် အလယ်ပူ၍ အထက်ရှူးနေသော မရိုးစည်လုံးသဏ္ဌာန် ရှိလေသည်။ တောင်ခါးပန်းစွန်း ဆင်ဝင်အဆင့် ငါးဆင့်ရှိကုန်၏။ ၎င်းကို အာလိန်ငါးဆင့်ဟု ခေါ်ဆို၏။ ပထမအာလိန်သည် ရေ၏အထက် ပေါ်နေရကား ထိုနေရာတွင် နဂါးမင်းနှင့် မြွေမျိုးတို့နေကြ၏။

ဒုတိယအာလိန်အဆင့်ကား လက်ပံတောကြီး၌ ဂဠုန်မင်းတို့ နေကြကုန်၏။ တတိယအာလိန်အဆင့်ကား ကုမ္ဘဏ်တို့ နေကြကုန်၏။ စတုတ္ထအာလိန်အဆင့်ကား ဘီလူးရက္ခိုသ်တို့ နေကြကုန်၏။ ပဉ္စမအာလိန်အဆင့်ကား မြင်းမိုရ်တောင်၏ခါး ယုဂန္ဓိုရ်တောင်၏ ထိပ်နှင့် ညီမျှ၍ ဓတရဋ္ဌ၊ ဝိရူဠှက၊ ဝိရူပက္ခ၊ ကုဝေရ အမည်ရှိသော နတ်မင်းကြီးလေးပါးတို့၏ နေရာ စတုမဟာရာဇ်နတ်ပြည်ဖြစ်၏။

မြင်းမိုရ်တောင်၏ အရှေ့ဘက်မျက်နှာ ဓတရဋ္ဌနတ်မင်း၊ တောင်ဘက်မျက်နှာ ဝိရူဠှကနတ်မင်း၊ အနောက်မျက်နှာ ဝိရူပက္ခနတ်မင်း၊ မြောက်မျက်နှာ ကုဝေရနတ်မင်းများ နေကြကုန်၏။

မြင်းမိုရ်တောင်၏ အရောင်အဆင်းမှာ အရှေ့မျက်နှာ ငွေရောင်၊ အနောက်မျက်နှာ ဖန်ရောင်၊ တောင်မျက်နှာ ဣန္ဒနီလာ မြရောင်၊ မြောက်မျက်နှာ ရွှေရောင် ဖြစ်၏။

အသုရာပြည်

မြင်းမိုရ် သတ္တရဗ္ဘန်တောင်အတွင်း၌ အပေါက်လိုဏ်ခေါင်း ယူဇနာ နှစ်သောင်း အကျယ်အပြော ရှိ၏။ မြင်းမိုရ်တောင်မင်း၏အောက်၌ ခုံလောက်သုံးခု ခံလျက်ရှိ၏။ ခုံလောက်တခုသည် တခဲနက် နီရဲသော ပတ္တမြားကျောက်ဖြင့် ပြီး၏။ အခြားတခုမှာ နီလာကျောက်ပြားခဲကဲ့သို့ ရှိ၏။ အခြားတခုမှာ မြရောင်စိမ်းစိမ်းရှိလျက် ထွန်းလင်းတောက်ပ၏။ မြင်းမိုရ်တောင်အောက် မြခုံလောက်အကြား၌ အသုရာပြည် ရှိလေ၏။[2]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
  2. ဦးဘသော် (ကသာ)(ငွေတာရီမဂ္ဂဇင်း ၂၀၀၀-ပြည့်နှစ် အောက်တိုဘာလ)
  • အရှင်ဇနကာဘိဝံသ-ရေး ကိုယ်ကျင့်အဘိဓမ္မာကျမ်း။
  • အရှင်ဩဘာသာဘိယံသ ပြုစုသော သုတေသနသရုပ်ပြ အဘိဓာန်။
  • စစ်ကဲတော်ကြီး ဦးရွှေနော် စီရင်သော အာဒိကပ္ပ ကမ္ဘာဦးကျမ်း။

ပြင်ပလင့်ခ်များ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.