သုံးပန်လှနတ်
သုံးပန်လှနှင့် ပတ်သက်၍ အတ္ထုပတ္တိ သမိုင်း (၂) မျိုးရှိသည်။
ပထမတစ်မျိုးမှာ သုံးပန်လှသည် ဟံသာဝတီပြည် ကန်စွန်းနိမ့်ရွာသူဖြစ်သည်။ တစ်နေ့လျှင် သုံးကြိမ် သုံးပန်လှသူဖြစ်သောကြောင့် သူ၏ မိဘများက သရေခေတ္တရာပြည်၏ ဘုရင် ဒွတ္တပေါင်မင်းကြီးအား ဆက်သလိုက်သည်။ မင်းကြီး၏ မိဖုရား၊ မောင်းမ၊ မိဿံများက မနာလိုသောကြောင့် သုံးပန်လှအား လာရောက်ဆက်သသူများကို တံစိုးလက်ဆောင်ပေး၍ သုံးပန်လှသည် မျက်နှာသာလှ၍ ကိုယ်လုံးကိုယ်ထည် ကြီးမားလှသောကြောင့် မြို့တံခါးမဆန့်၍ မြို့တွင်းသို့ မသွင်းယူနိုင်သောကြောင့် မြို့ပြင်မှာသာ ထားရကြောင်း မင်းကြီးအား လိမ်လည်လျှောက်တင် ကြသည်။ မင်းကြီးက ယုံသဖြင့် သိမ်းယူတော် မမူဘဲ လျစ်လျူရှုထားသောကြောင့် စိတ်ညစ်သေဆုံးပြီး နတ်ဖြစ်သည်ဟု ဆိုသည်။
ဒုတိယတစ်မျိုးမှာ သုံးပန်လှသည် မဟာဂီရိနတ် မောင်တင့်တယ်၏ နှမငယ်ဖြစ်သည်။ မောင်တင့်တယ်တို့ အမှုအခင်းဖြစ်သော အခါတွင် ရခိုင်ပြည်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။ ရခိုင်ဘုရင်က သမီးအနေဖြင့် မွေးစားထားခဲ့သည်။ နောင်တွင် ဥက္ကလာမင်း သမိန်ထောရာမအား ဆက်၍ သမိန်ထောရာမ၏ မိဖုရားဖြစ်လာခဲ့သည်။ သမီး ရှင်နဲမိကို မွေးဖွားပြီးသော အခါတွင် ဆွေမျိုးများကို တွေ့လို၍ တကောင်းမျို့သို့ ဆန်တက်လာရာ အင်းဝမြို့အနောက် တပယ်ထောက်ရစ် ရွာ အရောက်တွင် ဖျား၍သေပြီး နတ်ဖြစ်သည်ဟု ဆိုကြသည်။ [1]
သုံးပန်လှနတ်မှာ မောင်တင့်တယ်၏ နှမအထွေး ပုပ္ပါးရွှေမျက်နှာခေါ်နှမတော်ကြီး၏ညီမ၊ တကောင်းမြို့သူ ဖြစ်သည်။ မောင်တင့်တယ်တို့ အမှုဖြစ်သည့်ကာလ သုံးပန်လှသည် ရခိုင်မြို့သို့ရောက်ရှိ၊ ရခိုင်မင်းက သမီးပြု၍ မွေးထားပြီးလျှင် ဥက္ကလာပမင်း သမိန်ထောသို့ဆက်၍ မိဖုရားဖြစ်သည်တွင် သမီးရှင်နဲမိကိုမြင်သည်။ ထိုနောက်တကောင်းမြို့ရှိ ဆွေမျိုးတို့ကို တွေ့လို၍ ဥက္ကလာပမြို့ ကဆန်တက်လာရာ အင်းဝမြို့အနောက် တပယ်ထောင့်ရစ်ရွာသို့ ရောက်လျှင် ရုတ်တရက်ဖျား၍ သေရာမှနတ်ဖြစ်သည်။ နှစ်နှစ်သမီးမျှ ရှိသော ရှင်နဲမိသည်လည်း မယ်တော်ကို လွမ်းဆွတ်သည်နှင့် ထောင့်ရစ်ရွာတွင်ပင်သေ၍ နတ်ဖြစ်သည်။ တစ်နည်းကား ဟံသာဝတီမြို့ ကန်စွမ်းနိမ့်ရွာသူ ဖြစ်သည်။ တနေ့သုံးကြိမ် သုံးပန်လှသည်ဖြစ်၍ ဒွတ္တပေါင်မင်းကြီး ကြားသဖြင့် မိဖုရားမြှောက်ရန် မင်းချင်းတစ်ယောက်အား လွှတ်၍ခေါ်စေ၏။ လမ်းတွင်မင်းချင်းနှင့်သုံးပန်လှတို့ ရည်ငံကြရာ နန်းတော် တံခါးဝသို့ရောက်ရာတွင် သုံးပန်လှအား ထားခဲ့ပြီးသော် မင်းချင်းတစ်ယောက်တည်းဝင်၍ သုံးပန်လှသည် အလွန်လှပသော်လည်း ကိုယ်လက်အလွန်ကြီးမားသောကြောင့် မြို့တံခါးမဆံ့၍ မသွင်းယူနိုင်ကြောင်း လိမ်လည်တင်လျှောက်လေ၏။ မင်းကြီးယုံကြည်သဖြင့် မြို့ပြင်တွင် နေစေ၏။ နောက်၌မင်းကြီး ကလည်းမသိမ်းပိုက်၊ မင်းချင်းကလည်း ပစ်ထားသောကြောင့် စိတ္တဇနှင့် သေရာ၌နတ်ဖြစ်သည်ဟု ဆိုသည်။ မသေမီ သမီးတစ်ယောက်ဖွားမြင်၏။ ထိုသမီးကားရှင်နဲမိပင်တည်း။ နတ်ရုပ်မှာ ဆင်ရုပ်ခံ ဘီလူးခုံတွင် မတ်ရပ်ထလျက်၊ ဆံကျစ်မြိတ်ရစ်ထုံးကာ ယာလက်ကရင်ကိုမ၍ဝဲလက်က ကိုယ်မှာ မြှောင်ချထားသည်။[2]
ကိုးကား
- ၃၇မင်းနှင့် နတ်မျိုးစုံ ၊ ဦးကံမင်း
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သုံးဆဲ့ခုနှစ်မင်း