အမေဂျမ်း
သမိုင်းကြောင်း
အမေဂျမ်းသည် ရွှေတောင်ရွာဇာတိဖြစ်ပြီး ငယ်နာမည်မှာ မချမ်းသာဖြစ်သည်။ သူခိုးကြီး ငတက်ပြားနှင့် ရည်ငံခဲ့ပြီး လင်ဖြစ်သူအတွက် ထန်းရည်ရှာပေးရင်း မချမ်းသာပါ ထန်းရည်စွဲခဲ့သည်။ ထန်းရည်မူး၍ နှုတ်ကြမ်းလျှာကြမ်း ဖြစ်လာမှ မချမ်းမှ မဂျမ်း ဟု အမည်တွင်ခဲ့သည်။ အင်းဝတွင် တံခါးမှူးကို ဆဲရေးရာမှ ရိုက်နှက်ခံရပြီး သေဆုံးကာ နတ်ဖြစ်သွားခဲ့ကြောင်း ပါးစပ်ရာဇဝင်များက ဆိုသည်။[1]
နတ်ပွဲ
အမေဂျမ်းနတ်ပွဲကို မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၊ အေးကြည်ကုန်းရွာတွင် နယုန်လပြည့်ကျော် ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များ၌ ကျင်းပလေ့ရှိသည်။ ပွဲတော်ကျင်းပသည့်နေ့များတွင် အေးကြည်ကုန်းရွာတွင် သာမက အနီးဝန်းကျင်ရှိ ဥမင်ရွာ၊ အိမ်ကန်ရွာ၊ ဘုရားကြီးကုန်းရွာများတွင်လည်း နတ်ကန္နားပွဲများ ကျင်းပကြသည်။[1]
အေးကြည်ကုန်းရွာနှင့် တစ်မိုင်ခန့်ဝေးသည့် အမေဂျမ်းတောင်တွင် ဆွမ်းလောင်းလှူပွဲကို နယုန်လပြည့်ကျော် ၁၄ ရက်နေ့တွင် ကျင်းပကြသည်။[1]
ကိုးကား
- နေရောင် (၂၆ ဇွန် ၂၀၁၂)။ အမေဂျမ်း နတ်နန်းသို့ တခေါက်။ ၁၂ စက်တင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။