မဏိမေခလာ

မဏိမေခလာ သည် မြခါးရန်းကြိုး၊ သို့မဟုတ် စိမ်းလဲ့သော အဆင်းရှိသည့် မြရတနာတို့ဖြင့် စီခြယ်ထားသော ခါးကြိုးတန်ဆာရှိသည့် သမုဒ္ဒရာစောင့် နတ်သမီးဖြစ်သည်။ မဏိမေခလာ နတ်သမီးသည် ကျွန်းကြီး လေးကျွန်း ပြင်ဘက်၊ သမုဒ္ဒရာရေအယဉ်၌၊ အတွင်းကားငွေ၊ အပကား ရွှေအတိပြီးသော၊ ယူဇနာ ၁၅ဝ အပြောအကျယ် အစောက်ရှိသော ဘုံနန်းပြသာဒ်၊ ပန်းမာန်သစ်ပင် ပဉ္စင်တူရိယာ ကချေသဘင်နှင့် ပျော်ရွှင်၍ နတ်သားနတ်သမီး ရှစ်သောင်းခြံရံလျက် စံစားကာနေ၏။ မိဘကို ရိုအသေလုပ်ကျွေးခြင်း၊ သူတစ်ပါးတို့အား ချစ်ခင်သနားခြင်း၊ အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း စသော ဂုဏ်တို့နှင့် ပြည့်စုံသော ယောက်ျားမြတ်တို့ကို မဟာသမုဒ္ဒရာ၌ နစ်မွန်း ခဲ့သည်ရှိသော် ဆယ်တင်စိမ့်သောငှါ စတုလောက ပါလနတ်ကြီးလေးယောက်တို့က မဏိမေခလာ နတ်သမီးအား သမုဒ္ဒရာ၌ အသီးအသီး အစောင့်ထားကြသည်။

မြန်မာပညာရှိ အမတ်ကြီး မဟာစည်သူ ရေးသားဖွဲ့ဆိုအပ်သော မဟာဇနကပျိုးတွင် -


--- နတ်ပြည် ပထမ၊ အစိုးရသား၊ လောကပါလော်၊ နတ်လေးဖော်တို့၊ ထိုရော်အခါ၊ မဟာသမုဒ္ဒ၊ ပင်လယ်ဝ၌၊ မိဖလုပ်ကျွေး၊ မွေးပေသသူ၊ လူဖြင်အရှိ၊ ဘေးမထိအောင်၊ စောင်စောင်မ္မ နေ့ညမြင်သိ၊ ကြည့်ရှုဘိဟု၊ မဏိမေခလာ၊ နတ်လိမ္မာကို၊ အရာကိုယ်စား၊ အစောင့်ထား၏။ --- ဟု မဏိမေခလာအကြောင်း ဖော်ပြပါရှိလေသည်။

ဂေါတမမြတ်စွာဘုရား အလောင်းဖြစ်သော မဟာဇနကမင်းသည် ခုနစ်ရာသော သင်္ဘောသားတို့နှင့်တကွ သမုဒ္ဒရာအတွင်း သင်္ဘောလွှင့်သွားရာ လေအဟုန် ပြင်းထန်သဖြင့် မခံနိုင်သောကြောင့် သင်္ဘောနစ်မြုပ်ခဲ့၏။ ခုနစ် ရက်မြောက်သောနေ့မှ မဏိမေခလာ နတ်သမီးလာ၍ ဘုရားလောင်းအား ကယ်တင်သည်။ နတ်သမီးသည် ဘုရား လောင်းအား သမုဒ္ဒရာထဲမှ ချီပိုက်၍ မိထိလာပြည်၊ သရက်ဥယျာဉ် မင်္ဂလာ ကျောက်ဖျာအပြင်၌ သိပ်ထားကြောင်း မဟာဇနက ဇာတ်တော်တွင် ဆိုသည်။[1]


ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.