ဓုတင်
ဓုတင် (ဓုတင်္ဂ) ဆိုသည်မှာ ကိလေသာကို ခါထွက်ကြောင်း ခေါင်းပါးစေသည့် အကျင့်တရားများ ဖြစ်သည်။ အကျဉ်းအားဖြင့် ဓုတင် ၁၃-ပါး ရှိသည်။
- ဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို စွန့်လျက် ပံ့သကူ သင်္ကန်းကို ဆောင်ခြင်းဟူသော (ပံ့သကူဓုတင်)
- လေးထည်မြောက် သင်္ကန်းကို စွန့်လျက် သုံးထည်သော သင်္ကန်းကိုသာ ဆောင်ခြင်းဟူသော (တိစီဝရိက်ဓုတင်)
- လာဘ်ပို လာဘ်လျှံကို ပယ်၍ ဆွမ်းခံ၍ရသော ဆွမ်းကိုသာ သုံးဆောင်ခြင်း (ပိဏ္ဍပါတ်ဓုတင်)
- လျှပ်ပေါ်လော်လီ အိမ်စဉ်ကျော်၍ ခံယူခြင်းကို ပယ်လျက် အိမ်စဉ် မကျော်မလှပ် ရပ်၍ရသော ဆွမ်းကို သုံးဆောင်ခြင်း (သပဒါနစာရိကဓုတင်)
- နေရာအထူးထူး၌ စားခြင်းကို ပယ်လျက် တစ်ထိုင် တစ်နေရာတည်း၌ စားခြင်းကို ဆောင်ခြင်း (ဧကာသနိုက်ဓုတင်)
- နှစ်ခွက်မြောက်သော ဆွမ်းဟင်းကို ပယ်၍ တစ်ခွက်တည်းနှင့်သာ သုံးဆောင်ခြင်း (ပတ္တပိုဏ်ဓုတင်)
- ဆွမ်းစပြီး စားနေစဉ် ကပ်လာသော ဘောဇဉ်ကို တော်ပြီတန်ပြီ ဆိုပြီး ကပ်ယူစားခြင်းကို ပယ်ခြင်း (ခလုပစ္ဆာဘတ်ဓုတင်)
- ဂါမဝါသီ ကျောင်းသင်္ခမ်းကို ပယ်၍ တောရကျောင်း၌ နေခြင်းကို ဆောက်တည်ခြင်း (အာရညကင်ဓုတင်)
- အမိုး အကာရှိသော ကျောင်းကို ပယ်၍ လွင်တီးခေါင်၌ နေခြင်း (အဗ္ဘောကာသိကဓုတင်)
- သုဿာန် မဟုတ်သော နေရာကို ကပ်လျက် သုဿာန်၌ နေခြင်း (သုဿာန်ဓုတင်)
- အမိုးအကာရှိသော ကျောင်းကို ပယ်လျက် သစ်ပင်ရင်း၌ နေခြင်း (ရုက္ခမူဓုတင်)
- နေရာကောင်း ကျောင်းဆောင်ကို ပယ်၍ ဖြစ်စဉ်အတိုင်း နေခြင်း (ယထာသန္တတိဓုတင်)
- အိပ်ခြင်းကို ပယ်၍ ထခြင်း၊ ထိုင်ခြင်း၊ စင်္ကြံသွားခြင်းကို ဆောင်ခြင်း (နိသဇ္ဇိဓုတင်) တို့ ဖြစ်၏။[1]
ရရှိနိုင်သည့် အကျိုးများ
ဤဓုတင်များကို ဆောင်ခြင်းဖြင့်-
- အသက်မွေး စင်ကြယ်ခြင်း၊
- ချမ်းသာကျိုး ရှိခြင်း၊
- အပြစ်မရှိ၊
- သူတစ်ပါးတို့အား ဒုက္ခမပေး၊
- ဘေးမရှိ၊
- သူတစ်ပါးကို မနှိပ်စက်၊
- အမှန် ကြီးပွား၏၊
- ကုသိုလ်တရား မဆုတ်ယုတ်၊
- မာယာ စဉ်းလဲခြင်း မရှိ၊
- သေခြင်းကို စောင့်တတ်၏၊
- တောင့်တတိုင်း ပေး၏၊
- သတ္တဝါ အားလုံးကို ဆုံးမတတ်၏၊
- စောင့်စည်းသော အကျိုး ရှိ၏၊
- လျောက်ပတ်သော အကျင့် ဖြစ်၏၊
- ကိလေသာတို့ မမှီမကပ်နိုင်၊
- ကိလေသာမှ လွတ်၏၊
- ရာဂကုန်၏၊
- ဒေါသကုန်၏၊
- မောဟကုန်၏၊
- မာန်တက်မှုကို ပယ်၏၊
- ဝိတက်ကို ဖြတ်၏၊
- ယုံမှားသင်္ကာမှ ကူးမြောက်၏၊
- အပျင်းကို ပယ်ဖျောက်၏၊
- မမွေ့လျော်ခြင်းကို ဖျောက်၏၊
- သည်းခံတတ်၏၊
- အတုမရှိ မြတ်သော အကျင့်တည်း၊
- မနှိုင်းယှဉ်အပ်သော ဂုဏ်ရှိ၏၊
- နိဗ္ဗာန်သို့ ရောက်၏- ဟူသော အကျိုးထူး အကျိုးမြတ်များကို ရနိုင်ခြင်းကြောင့်လည်း ဤ မြတ်သော ဓုတင်အကျင့်များကို ကျင့်ရန် ဆောင်ရန်အပ်သည်။
ကိုးကား
- Myoukoo Syadaw's article & website
- Myoukoo Syadaw's article & website
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.