မဟာယာန

'မဟာယာနဂိုဏ်း (အင်္ဂလိပ်: Mahayana; သင်္သကရိုက်: महायान; ကြီးကျယ်သောယာဉ် (သို့) လမ်းစဉ်) သည် ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်း၊ ကျမ်းစာ၊ အတွေးအခေါ် နှင့် ကျင့်စဉ်များပါဝင်သော ကြီးမားသည့်ဂိုဏ်းတစ်ခုအတွက် သုံးစွဲသော ဝေါဟာရဖြစ်၏။ ဗုဒ္ဓဘာသာ၏ အဓိက ဂိုဏ်းကြီးနှစ်ခုမှ တစ်ဂိုဏ်းဖြစ်ကာ အခြားတစ်ခုမှာ ထေရဝါဒ ဖြစ်၏။ မဟာယာနသည် ဘီစီ တစ်ရာစုခန့်မှစ၍ အိန္ဒိယတွင် စတင်ခဲ့ကာ ဂိုဏ်းအားဖြင့် မဟာသံဃိကဂိုဏ်းမှ စတင်မြစ်ဖျားခံ၍ ဖြစ်ပေါ်လာသည်။ မဟာယာနတွင် အချို့သော ဗုဒ္ဓအဆုံးအမ၊ ကျမ်းစာများကို လက်ခံသော်လည်း တိုးချဲ့မှု၊ ပယ်ဖျက်မှု များစွားပါရှိသည်။ ဥပမာ မဟာယာနသုတ္တံကဲ့သို့သော ကျမ်းစာများကို ပေါင်းထည့်ခဲ့ကြသည်။[1]

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

မဟာယာနသည် ဗုဒ္ဓအဖြစ်သို့ရောက်ရှိရန် ဗောဓိသတ္တ (ဘုရားလောင်း) ကျင့်စဉ်ဖြင့် ကြိုးပမ်းသည်။ ထိုသို့ကြိုးပမ်းရာ၌ သတ္တဝါအားလုံး၏ အကျိုးအတွက်ဟူ၍ သဘောထား၏။ ဤသည်ကို ဗောဓိသတ္တယာန (ယာန - ယာဉ်၊ ကျင့်စဉ်၊ ဝါဒ) ဟုခေါ်ဆိုကြသည်။[2][note 1] မဟာယာန ဗုဒ္ဓဘာသာသည် ဗောဓိသတ္တကျင့်စဉ်မှတဆင့် ပုဂ္ဂိုလ်တိုင်းအတွက် ဗုဒ္ဓဖြစ်မည့် ပန်းတိုင်ကို ရှာဖွေသည်။ ရဟန္တာအဆင့်ကို မပြည့်စုံမှုအဖြစ် မဟာယာနက ရှုမြင်သည်။[3] ထေရဝါဒဖက်တွင် မရှိသော ဗုဒ္ဓများ၊ ဘုရားလောင်းများသည် မဟာယာနဖက်တွင်ရှိ၏။ နမူနာအနေဖြင့် အမိတာဘာ ဘုရားဖြစ်၏။[4] မာဓျာမိက (Madhyamaka) သုညတာဝါဒ (śūnyatā) ကဲ့သို့သော သဘောတရားများ၊ ဝိဉာဉ်ဏဝါဒ (Vijñānavāda)၊ တထာဂတဂါဘ (ဗုဒ္ဓမျိုးစေ့) သဘောတရားများကို အထူးအားပြုကြသည်။

ဝဇီရာယာနသည် မဟာယာန၏ ဂိုဏ်းခွဲတစ်ခုဖြစ်ပြီး မြောက်များစွာသော တန္တရကျင့်စဉ်များကို အသုံးချကြသည်။ ဤနည်းလမ်းဖြင့် ဗုဒ္ဓဖြစ်ရန် လျှင်မြန်၍ စွမ်းအားထက်သည်ဟု အယူရှိကြသည်။[5]

မူလအစပိုင်း၌ ဤသဘောတရားအရွေ့သည် သေးငယ်သော်လည်း မဟာယာနသည် အိန္ဒိယဗုဒ္ဓဘာသာအဝန်းဝဝိုင်း၌ စွမ်းအားကြီးသော အားတစ်ရပ်ဖြစ်ခဲ့သည်။[6] နာလန္ဒာ၊ ဝိကရာမာရှိလာ (Vikramashila) ကဲ့သို့သော မဟာယာနနှင့် ဆက်စပ်သည့် ပညာသင်ကြားရာနေရာများသည် ၇ ရာစုနှင့် ၁၂ ရာစုတို့တွင် ရှင်သန်ဖြစ်ထွန်းခဲ့ကြသည်။[6] သမိုင်းတစ်လျှောက်၌ မဟာယာနသည် တောင်အာရှ၊ အလယ်အာရှ၊ အရှေ့အာရှ၊ အရှေ့တောင်အာရှများသို့ ပြန့်နှံ့ခဲ့ကြ၍ ယနေ့ခေတ်တွင် တရုတ်၊ ထိုင်ဝမ်၊ မွန်ဂိုလီးယား၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်၊ နီပေါ၊ မလေးရှားနှင့် ဘူတန်တို့တွင် ဆက်လက်တည်ရှိ အားကောင်းကြသည်။[7]

အရှေ့အာရှဒေသ၌ မဟာယာန ဗုဒ္ဓဘာသာသည် ကိုးကွယ်သူ ၅၇% ဖြင့် အကြီးမာဆုံးသော ဂိုဏ်းကြီးတစ်ခုဖြစ်၍ ဝဇီရာယယမဂိုဏ်းက ၆% ၊ ထေရဝါဒဂိုဏ်းက ၃၆% အသီးသီးရှိကြသည်။ (၂၀၁၀ စစ်တမ်းအရ)[8]

မဟာယန၏လှုပ်ရှားမှုများ

မဟာယာနလှုပ်ရှားမှုသည် ဂေါတမဗုဒ္ဓ မှ ဆင်းသက်လာသည်ကို တွေ့ရှိရသော်လည်း ၊ ပညာရှင်များက အများပိုင်သက္ကရာဇ် ပထမ (1st) ရာစု (CE)သို့မဟုတ် အများပိုင်သက္ကရာဇ်မတိုင်မီ ပထမ(1st) ရာစုနှစ်(BCE )တွင် အိန္ဒိယ၌စတင်ခဲ့သည်ဟု ယုံကြည်ထားကြသည်။ ပညာရှင်များက အိန္ဒိယတွင် မဟာယာနလှုပ်ရှားမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာသည်မှာ အများပိုင်သက္ကရာဇ် ငါးရာစုနှစ်တွင်ဖြစ်သည်ဟု ကိုင်စွဲထားကြသည်။ ယင်းအချိန်မှစပြီး မဟာယာန၏ပေထက် အက္ခရာကျောက်စာများကို ကမ္ဗည်းမှတ်တမ်း များအဖြစ် အိန္ဒိယတွင် စတင်တွေ့ရှိခဲ့သည်။ ဆယ့်တစ် (11th) ရာစုအများပိုင်သက္ကရာဇ်မတိုင်မှီ (အိန္ဒိယတွင် မဟာယာနတည် ရှိနေဆဲ၊ မဟာယာနသုတ် (သုတ္တန်)များသည် ပြန်လည်တည်းဖြတ်နေဆဲဖြစ်သည်။ ထို့အတွက် တူညီသော သုတ် (သုတ္တန်)အပေါ်တွင် များစွာသော မူကွဲများသည် မဟာယာန၏သမိုင်းကို ပညာရှင်များ ပြန်လည်ထူထောင်နိုင်ရန် ကြိုးစားရာ တွင် အသုံးမဝင်ပါ။ သမိုင်းစဉ်ဆက်အရ မဟာယာနသည် အရှေ့အာရှတစ်ခွင်သို့ ပျံ့နှံ့သွားသည်။ ယနေ့အထိ မဟာယာနကိုအဓိက ကျင့်သုံးနေသော နိုင်ငံများမှာ တရုတ်ဂျပန် ၊ ကိုရီးယား ၊ ဗီယက်နမ်နှင့် မွန်ဂိုလီးယားတို့ ဖြစ်သည်။ မဟာယာန ဗုဒ္ဓဘာသာကို ယနေ့အထင်ကရ သင်ကြားနေသည့်ကျောင်းတော်များမှာ သန့်ရှင်းသောမြေ ၊ ဇင် (Chan) ၊ နီချီရန် ဗုဒ္ဓဘာသာ (Nichiren Buddhism့) ရှင်ကွန် (Shingon) ၊ တိဗက်တန် ဗုဒ္ဓဘာသာနှင့် တင်ဒိုင် တို့ဖြစ်ကြသည်။ နောက်ဆုံးသုံးကျောင်းသည် မဟာယာနနှင့် ဝိဇ္ဇာယာန နှစ်ခုစလုံးကို ကျင့်ကြံကြသည်။

အဆိုအမိန့်

အထူးသဖြင့် ရှေးဟောင်းအိန္ဒိယပုံစံများဖြစ်သည့်မဟာယာန ဗုဒ္ဓဘာသာအကြောင်းကို တိကျသေချာစွာဟြေ နိုင်ရန် အကြောင်းခြင်းရာ အနည်းငယ်သာရှိသည်။ အိန္ဒိယပုံစံများထက် တရုတ် ၊ ဗီယက်နမ် ၊ ကိုရီးယား ၊ တိဗက်နှင့် ဂျပန်တို့ရှိ မဟာယာန ဗုဒ္ဓအကြောင်းခြင်းရာများကို သာ ပို၍ဟြေနိုင်ပါ သည်။မဟာယာန သည် များစွာသော သွန်သင်ဟောကြားချက်များကို လျော့ရဲရဲချည်နှောင်ထားသည့် အစည်းနှင့်တူသည်ဟု ဖော်ပြနိုင်ပါသည်။ ဤကဲ့သို့လျော့ရဲရဲဖြစ်နေခြင်းသည် အမျိုးမျိုးကွဲဟြးနေသည့် သွန်သင် ဟောကြားချက်များတွင် ပါရှိသည့်အမျိုးမျိုးသော သဘောထားခြားနားချက်များကို မဟာယာနတွင် ထည့်သွင်းထားနိုင် ရန်အတွက်ဖြစ်သည်။ မဟာယာနသည် ကြီးမားသော ဘာသာရေးနှင့် အတွေးအခေါ်အဆောက်အအုံကြီးဖြစ်သည်။ မဟာယာန သည် ဘာသာရေး ယုံကြည်မှု ပါဝင်ခြင်းကို ထည့်သွင်းဖွဲ့စည်းထားသည်။ ယင်းဘာသာရေး ယုံကြည်မှုသည် ရှေးယ ခင် အဂါမ (Āgama ) ပြဋ္ဌာန်းချက်များကို ထပ်မံဖြည့်စွက်ထားသည့် မဟာယာနသုတ်အသစ်များဖြင့် ဖွင့်ဆိုထားပါ သည်။ ယင်းသုတ်အသစ်သည် ဗုဒ္ဓဘာသာ၏ အခြေခံယူဆချက်များနှင့် ရည်ရွယ်ချက်များကို ရွှေ့ဟြေင်းထားသည့် သုတ်တခုဖြစ်ပါသည်။ မဟာယာနသုတ်ကို ဆည်းပူးကျင့်ကြံအားထုတ်သူများသည် အခြားသော မဟာယာနမဟုတ် သူများ တရားဓမ္မဆည်းပူးခြင်းများထက် ဉာဏ်စဉ်ပိုမိုမြင့်မားသည်ဟု ဆိုထားပါသည်။ ထို့အပြင် သီရိမာလသုတ် (Śrīmālā Sūtra) တွင် တင်ပြထားသည်မှာ မဟာယာနကို ကိုးကွယ်ဆည်းကပ်ခြင်းသည် သူ၏အရည်အသွေးများ ကို ထာဝရမြင့်မားနေစေပြီး သရဗက္က သို့မဟုတ် ပစ္စေကဗုဒ္ဓလမ်းသို့ လိုက်သွားစေသည်။


မဟာယနကျောင်းတော်များ၏ယုံကြည်မှုဖော်ပြချက်များ

တိဗက် ရိုးရာ ပိုးထည် ပန်းချီဖြင့် ဆွဲထားသော ဗုဒ္ဓ အမိတာဘပုံ

မဟာယာနဗုဒ္ဓဘာသာကျောင်းတော်များသည် ရှေးယခင်ဗုဒ္ဓ ဘာသာကျောင်းတော်များတွင် သင်ကြား ခဲ့သည့် ဒုက္ခ မှကင်းလွတ်ခြင်းနှင့် နိဗ္ဗာန်ရောက်ရာရောက်ကြောင်း စံများကို အလေးထားသင်ကြားခြင်း မရှိပါ။ မဟာယာနအဆိုအမိန့်၏ အခြေခံကျသောမူများသည် အရာအားလုံးအတွက် ဒုက္ခမှ အလုံးစုံလွတ်မြောက်ရေး ဖြစ်နိုင်စွမ်းအားနှင့် ဗုဒ္ဓ၏တည်ရှိနေမှုနှင့် ဗောဓိသတ္တများ၊ ဗုဒ္ဓသဘာဝ (佛性) ကို ပုံဖော်ပေးသည့် အပေါ်တွင် အခြေခံထားပါသည်။ အချို့သောမဟာယာန ကျောင်းတော် များသည် ဘာသာရေး ယုံကြည်မှုဖော်ပြချက်ကို လွယ်ကူစွာ ရှင်းလင်းဖော်ပြရာတွင် ဗုဒ္ဓအမိတာဘ၏ နာမတော်အားဖြင့် ကယ်တင်ခြင်းကိုရရှိခြင်း၊ ဗုဒ္ဓအမိတာဘ(अमिताभ) ထံသို့ဂါထာမန္တာန်များရွတ်ခြင်းဖြင့် ဘာသာယုံကြည်မှုနှင့် ကိုးကွယ်ဆည်းကပ်မှု တို့ကို ရရှိစေသည်။ ဗုဒ္ဓဘာသာ၏ကိုးကွယ်ဆည်းကပ်မှုဘဝပုံစံသည် သန့်ရှင်းသော မြေကျောင်းတော်၏ ပြင်းထန်သောအာရုံစူးစိုက်ထားမှု တစ်ခုဖြစ်ပြီး မဟာယာနဘာသာ အရှေ့အာရှတစ်လွှားတွင် အောင်မြင်ခဲ့ခြင်းတွင် ကြီးမားစွာပါဝင်ခဲ့သည်။ အရှေ့အာရှတွင် စိတ်၏မူလအခြေခံများသည် ဘုရားရှိခိုးရွတ်ဆိုခြင်း ၊ မန္တာန်ရွတ်ဆိုခြင်း သို့မဟုတ် ဓရဏပရိတ် ရွတ်ခြင်းတို့အပေါ်တွင် ဓလေ့ထုံးတမ်းအရ အမှီသဟဲပြုနေသည်။ မဟာယာန သုတ်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် တရားအားထုတ်ခြင်းများပေါ်တွင် မှီခိုနေပါသည်။ တရုတ်ဗုဒ္ဓဘာသာတွင် ဘုန်းကြီးအများစုသည် သန့်ရှင်းသောမြေကျောင်းတော်၏ အဆိုအတိုင်းကျင့်ကြံအားထုတ်ကြပြီး အချို့သော ဘုန်းကြီးများသည် ဇန်ကျောင်းတော်၏ သင်ကြားမှုများနှင့် ပေါင်းစပ်ကျင့်ကြံအားထုတ်ကြသည်။ မဟာယာနကျောင်းအများစုသည် ဘုရားမဖြစ်သေးသည့် ဗောဓိသတ္တ (बोधिसत्त्व) များ၏ နတ်ကွန်းများကို လည်း ယုံကြည်သက်ဝင်မှုရှိသည်။ ဗောဓိသတ္တများသည် ပုဂ္ဂိုလ်ရေးထူးချွန်မှု ၊ ဆုံးခန်းတိုင် အတတ်ပညာ ၊ လူသားများနှင့် အခြားဘုံများ (တိရစ္ဆာန် ၊ တစ္ဆေသရဲ ၊ တစ်ဝက်တစ်ပျက်နတ်များစသည်) ကို ကယ်တင်ရေးတို့ ကို ရရှိရန်ဆုံးဖြတ်ထားကြသူများ ဖြစ်သည်။ မဟာယာနတွင် ဗုဒ္ဓသည်အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်ဖြစ်ပြီး အချိန်တိုင်း ၊ နေရာတိုင်းနှင့် သုံးဆယ့်တစ်ဘုံတွင်ပါရှိသူအဖြစ် သိမြင်ထားပြီး၊ ဗောဓိသတ္တများသည်အများ ကောင်းကျိုးအတွက် ထူးချွန်သောအရည်အသွေးစံများကို ကိုယ်စားပြုရန် ရောက်ရှိလာကြသည်ဟု သိမြင်သည်။ ဇန်ဗုဒ္ဓဘာသာသည် မဟာယာန၏ကျောင်းတစ်ကျောင်းဖြစ်ပြီး မဟာယာနကယ်တင်ခြင်း အဆိုအမိန့် ၏တရားရိပ်များအပေါ် ချိန်ရွယ်သတ်မှတ်ထားသည်။ ဗောဓိသတ္တများ၏ ဗိမာန်ကို သိစိတ်၏ကိုယ်စားပြု သွင်ပြင် များအဖြစ်မြင်သည်။ (ဥပမာ – အဝ​လောကိ​တေသွာရ (Avalokiteśvara)ကဲ့သို့ တစ်ဦးတစ်ယောက်၏ ကိုယ်ပိုင် သနားစာနာစိတ်)

မဟာယာနဗုဒ္ဓဘာသာကို ယေဘုယျအားဖြင့် စရိုက်ခွဲခြားခြင်း

၁။အားလုံးနှင့်ဆိုင်သောလမ်းစဉ် – အားလုံးသော မဟာယာနကျောင်းတော်များသည် လူတိုင်း ဗုဒ္ဓဘုရားဖြစ် နိုင်သည်ကို နာခံလိုက်နာဆဲဖြစ်သည်။ (ဥပမာ ၊ ဓမ္မစကြာ သုတ်) +++ ၂။ဗောဓိစိတ္တဆိုသော အမှန်တစ်ကယ်ပြည့်စုံစွာ သိရှိနားလည်ခြင်း။ ( ဥပမာ ၊ အမျိုးမျိုးသော ပရောဇန ပါရမီသုတ်များ) ၃။သနားစာနာစိတ်ကောင်းမှုပေးနိုင်ခြင်းမှတဆင့်။ ၄။လူသားထက်ကျော်လွန်သော စိတ်သမာဓိ ၊ ၎င်းတွင်ဟြေင်းလဲမှုမရှိသော ဗုဒ္ဓဥပဒေသသည် ဘုံသုံးဆယ် တစ်ဘုံတွင် တည်ရှိနေခြင်း။ ( ဥပမာ ၊ ဗုဒ္ဓသဘာဝနှင့် မဟာပရိတ်နိဝါနသုတ် ၊ အင်္ဂုလိမာလရသုတ် ၊ သီရိမာလသုတ်နှင့် တတ္ထ ဂတ္တ ကမ္ဘာသုတ်) “အတွေးအခေါ်ဆိုင်ရာ” မဟာယာနသည် ပထမစရိုက်လက္ခဏာသုံးမျိုးကို အလေးအနက်ထားကြသည်။ အချို့သော မဟာယာနကျောင်းတို့တွင် သဘာဝလွန်ကျင့်စဉ်များကို စိတ်ဝင်စားမှု မပြသသည့် ဗုဒ္ဓသဘာဝကို အလေးအနက် ထားကြသည်။ တစ်ချိန်တည်းမှာပင် “ကိုးကွယ်ဆည်းကပ် ” သည့် မဟာယာနသည် ကယ်တင်ခြင်းအပေါ်တွင် အဓိကထား သုံးသပ်ပြီး အခြားသောကမ္ဘာနှင့်အမျှ ပိုင်နက်နယ်များဆီသို့ ဦးတည်နေသည်။ ( ဥပမာ ၊ သုခဝတီသုတ်)

မဟာယာနနှင့် ထေရဝါဒ

ထေရဝါဒကျောင်းသည် ဟိနယာန၏ပိုင်ဆိုင်မှုတစ်ခုအဖြစ် ဖော်ပြနေကျဖြစ်သော်လည်း အချို့သောစာပေရေးသားသူများသည် မဟာယာနအမြင်မှအချို့သောကိစ္စရပ်များကိုထည့်သွင်းစဉ်းစားခြင်း မပြုရန် ညွှန်ပြပြောဆိုထားသည်။ ထေရဝါဒ၏ရှုမြင်ပုံသည် ဟိနယာနခံယူချက်ကို ကွဲဟြးနားလည်သိရှိခြင်းအပေါ်အခြေခံထားသည်။ မဟာယာန၏ဝိနည်းနှင့်ဩဝါဒများကိုလက်ခံထားခြင်း မရှိသည့် ဗုဒ္ဓဘာသကျောင်း၏ရည်ညွှန်းချက်ကို သိရှိလျက် ဆိုသည်ထက် ဟိနယာနကျောင်းကို အတန်းအစားခွဲခြားရာတွင် သီးသန့်ရုပ်သွင်လက္ခဏာအနေအထား အပေါ် မူတည်၍ပြုလုပ်ရန် ကျိုးကြောင်းပြညွှန်ပြထားသည်။ ၎င်းတို့ထောက်ပြသည်မှာ မဟာယာနဝေဖန်မှု ၏ မူလပထမအကြောင်းဖြစ်ခဲ့ပြီး ယနေ့ခေတ်တွင်မရှိတော့ပြီဖြစ်သော သဗ္ဗေတိဝါဒကျောင်းနှင့် မတူညီကြောင်းဖြစ်သည်။ ထေရဝါဒသည် လွတ်လပ်သည့်ဖြစ်တည်မှု (ဓမ္မများ)တည်ရှိနေခြင်းကို တင်ပြဟြေဆိုခြင်းမရှိပါ။ ဤမှာတွင် ထေရ ဝါဒသည် ရှေးယခင်ဗုဒ္ဓဘာသာကို ထိန်းသိမ်းထားခြင်းဖြစ်သည်။ အခြားဆန့်ကျင်ဘက်တွင် ခေတ်ပြိုင် ထေရဝါဒပြယုဒ်များညွှန်ပြသည်မှာ မဟာယာန အတွေးအခေါ်ဆီသို့ရှေးရှုသည့် စာနာမှုရပ်တည်ချက်တစ်ရပ်အဖြစ် မေတ္တာသုတ် နှင့် အလယ်အလတ်လမ်းပေါ်မှ စာနာခြင်း ကဗျာစာပိုဒ် (Mūlamadhyamakakārikā)တို့တွင် တွေ့ရှိရသည်ဟုဆိုသည်။ မဟာယာနကိုးကွယ်သူများတွင် သဗ္ဗေတိဝါနှင့် သတ္တရံတိကများ၏ တောင့်တင်းခိုင်မာကြွယ်ဝသော တွေး တောချက်ကြောင့် အနှောင့်အယှက်ဖြစ်ရသည်။ ဘာမှမရှိခြင်းအဆိုအမိန့်ကို အထူးပြုဆည်းကပ်ရာတွင် ကာလူး ပဟာန (Kalupahana) သည် ရှေးယခင်သင်ကြားမှု ကို ရေရှည်တည်တံ့အောင် ကြိုးပမ်းအားထုတ်နေသည့်အချက်တို့ကို လက်ကိုင်ထားလျက်ရှိသည်။ ထေရဝါဒယုံကြည်သူများသည် သဗ္ဗေတိဝါဒင်များနှင့် သတ္တရံတိက များ(နှင့်အခြားသောကျောင်းများ)ကို လက်တွေ့တွင် လွန်မင်းစွာ ငြင်းပယ်ထားသည်။ ၎င်းတို့၏သဘော တရားအယူအဆများသည် ဝိနည်းများ၏ တောင့်တင်းခိုင်မာမှုမရှိခြင်းနှင့် ပြဿနာဖြစ်ရသည်။ ထေရဝါဒ၏ငြင်းဆို ချက်များကို ကထာဝတ္ထု ထဲတွင် ထည့်သွင်းထိန်းသိမ်းထားသည်။ ဤသို့ရှုမြင်သည့်အတွက် စစ်မှန်သော ဟိနယာန ဗုဒ္ဓဘာသာ၏ပုံသဏ္ဌာန်သည်ယနေ့အထိ ရပ်တည်ရှင်သန်ခြင်းမရှိပါ။

သမိုင်းကြောင်းများ

မဟာယာန အမည်မှာ မြောက်ပိုင်း ဗုဒ္ဓသာသနာ၏ မည်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဗုဒ္ဓသာသနာမှာ တောင်ပိုင်း ဗုဒ္ဓသာသနာ၊ မြောက်ပိုင်း ဗုဒ္ဓသာသနာဟု နှစ်မျိုးရှိရာ တောင်ပိုင်းဗုဒ္ဓသာသနာမှာ ထေရဝါဒဂိုဏ်း ဗုဒ္ဓသာသနာဖြစ်သည်။ မြောက်ပိုင်း ဗုဒ္ဓသာသနာမှာ မဟာယာနဂိုဏ်း ဗုဒ္ဓသာသနာ (Mahāyāna (Sanskrit: महायान, mahāyāna, အဓိပ္ပါယ်"Great Vehicle") ဖြစ်သည်။ ထိုတောင်ပိုင်း မြောက်ပိုင်းကွဲသည်မှာလည်း ဒုတိယသင်္ဂါယနာ တင်သည်ကစ၍ ကွဲခဲ့သည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်ပြီး ၄ လမြောက် တွင် ရှင်မဟာကဿပ အမှူးရှိသော သံဃာတော်တို့သည် အဇာတသတ်မင်းကို အမီပြု၍ ပထမသင်္ဂါယနာတင်ပြီး သာသနာနှစ် ၁ဝဝ ပြည့်အတွင်း ဗုဒ္ဓသာသနာသည် အယူဝါဒ ကွဲပြားခြင်းမရှိ။ နောက်သာသာနှစ် ၁ဝဝ ပြည့်တွင် အရှင် မဟာယသအမှူးရှိသော သံဃာတော်တို့သည် ကာလသောက မင်းကို အမီပြု၍ ဒုတိယသင်္ဂါယနာ တင်ကြသည်။


ထိုအခါ ဝေသာလီပြည် ဝဇ္ဇီတိုင်းသား သံဃာ တစ်သောင်းတို့သည် ဝိနည်းဒေသနာတော်၌ အယူအဆကွဲပြားသည့် အတွက် ကောသမ္ဗီပြည်တွင် သီးခြားခွဲ၍ သင်္ဂါယနာတင်ကြသည်။ ထိုကြောင့် ပထမသင်္ဂါယနာ တင် မထေရ်ကြီးတို့အယူဝါဒအတိုင်း သံဃာမှ ရွေးချယ်အပ်သော မထေရ်ကြီးတို့ တင်ကြသော အရှင်မဟာယသ အမှူး ရှိသော သံဃာတော်တို့ကို ထေရဝါဒဂိုဏ်းဟု ခေါ်သည်။ သီးခြားခွဲ၍တင်သော ဝေသာလီပြည် ဝဇ္ဇီတိုင်းသား သံဃာတို့ကို သံဃာများသည်ဟု ယူဆကာ မဟာသင်္ဂီတိ ဂိုဏ်းဟု ခေါ်ကြသည်။ ထိုအခါမှစ၍ ဗုဒ္ဓသာသနာတွင် ဂိုဏ်းကြီးနှစ်ဂိုဏ်း ကွဲခဲ့ပါသည်။

ဂိုဏ်းကွဲခြင်း အကြောင်းကာ နာနာနယ နိပုဏ ဂမ္ဘီရဒေသနာတော်အတိုင်း ပိဋကတ်တော်သည် နည်း အမျိုးမျိုးတို့ဖြင့် သိမ်မွေ့နက်နဲရကား အနက်အဓိပ္ပာယ်ကို ယူရာ၌ တိုက်ရိုက်ယူရမည်ကို ဆောင်၍ယူခြင်း၊ ဆောင်၍ ယူရမည်ကို တိုက်ရိုက်ယူခြင်း၊ အဖြောင့်ယူရမည်ကို ကွေ့ကောက်ယူခြင်း၊ ကွေ့ကောက်ယူရမည်ကို အဖြောင့်ယူခြင်း၊ မုချယူရမည်ကို ဥပစာယူခြင်း၊ ဥပစာယူရမည်ကို မုချယူခြင်း၊ အပြည့်အစုံ ယူရမည်ကို တစ်စိတ် တစ်ဒေသယူခြင်း၊ တစ်စိတ်တစ်ဒေသ ယူရမည်ကို အပြည့်အစုံယူခြင်း စသည်ဖြင့် အယူအဆ ကွဲလွဲခြင်းကြောင့် လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး ပုဂ္ဂိုလ်အနေဖြင့် မကျေနပ်ခြင်းကြောင့် လည်းကောင်း ဂိုဏ်းကွဲခြင်း ဖြစ်သည်။

နောက်ပွင့်လာမည့်အရိမေတ္တယျဗုဒ္ဓရုပ်တုအား အနီးကပ်တွေ့ရပုံ၊ အိန္ဒိယနိုင်ငံ

ဒုတိယသင်္ဂါယနာ တင်သည်မှ တတိယသင်္ဂါယနာ အထိ နှစ်ပေါင်း ၁၃၅ နှစ်အတွင်း ထေရဝါဒဂိုဏ်းကြီးမှ (၁) မဟိသာသကဂိုဏ်း၊ (၂) ဝဇ္ဇီပုတ္တကဂိုဏ်း၊ (၃) ဓမ္မုတ္တရိကဂိုဏ်း၊ (၄) ဘဒ္ဒယာ နိကဂိုဏ်း၊ (၅) ဆန္နာဓာရိကဂိုဏ်း၊ (၆) သမ္မိတိဂိုဏ်း၊ (၇) သှူတ္တိဂိုဏ်း၊ (သဗ္ဗသတိဂိုဏ်း)၊ (၈) ဓမ္မဂုတ္တ ဂိုဏ်း၊ (၉) ကဿပိကဂိုဏ်း၊ (၁ဝ) သင်္ကန္တိကဂိုဏ်း၊ (၁၁) သတ္တဂိုဏ်း ဟူ၍ တစ်ဆယ့်တစ်ဂိုဏ်း ကွဲခဲ့သည်။ မဟာသင်္ဂီဂိုဏ်းကြီးမှာလည်း (၁) ဂေါကုလိကဂိုဏ်း၊ (၂) ဧကဗျောဟာရဂိုဏ်း၊ (၃) ဗဟုသုတိကဂိုဏ်း၊ (၄) ပညတ္တိဂိုဏ်း၊ (၅) စေတိယဂိုဏ်းဟူ၍ ငါးဂိုဏ်းကွဲသည်။ ဤသို့လျှင် ဗုဒ္ဓဘာသာ၌ ဂိုဏ်းငယ် တစ်ဆယ့်ခြောက်ဂိုဏ်း၊ မူလဂိုဏ်းကြီး နှစ်ဂိုဏ်းနှင့် ပေါင်းလျှင် တစ်ဆယ့်ရှစ်ဂိုဏ်း ကွဲခဲ့ပါသည်။

ထိုတစ်ဆယ့်ရှစ်ဂိုဏ်းတွင် မူလဖြစ်သော ထေရဝါဒ ဂိုဏ်းကြီး တစ်ဂိုဏ်းသာ ပထမသင်္ဂါယနာ တင်ရာတွင် သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော ပိဋကတ်တော်ကို ပြင်ဆင်ခြင်း၊ နုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်းမရှိ။ မူလအတိုင်း ထားကာ ယနေ့တိုင်အောင် ထိန်းသိမ်းစောင့်ရှောက်လာကြသည်။

အခြားဂိုဏ်းတို့ကား ပထမသင်္ဂါယနာ တင်ရာတွင် သတ်မှတ် ပြဋ္ဌာန်းပြီးဖြစ်သော ပိဋကတ်တော်ကို မူလအတိုင်းမထားဘဲ အရပ်ဒေသတို့လိုက်၍ လည်းကောင်း၊ အခြားဘာသာ အယူဝါဒသို့လိုက်၍ လည်းကောင်း၊ ကျပ်တည်းကျဉ်း မြောင်းသည်ဟု ယူဆကာ မိမိတို့မကျင့်လို၍ လည်းကောင်း၊ မိမိတို့ လိုရာဆွဲ၍ ဖောက်လဲဖောက်ပြန် မမှန်မကန် ယူဆ၍ လည်းကောင်း၊ မလိုသော နေရာကို နုတ်ပယ်ခြင်း၊ လိုသောနေရာကို အသစ်ဖြည့်စွက်ခြင်း ပြင်ဆင်ခြင်း စသည် တို့ကို ပြုလုပ်ကြ၍ လည်းကောင်း မူလပိဋကတ်တော် မဟုတ်တော့ဘဲ တစ်မျိုးတစ်မည် ဖြစ်၍သွားတော့သည်။

မဟာရနဗုဒ္ဓရုပ်ပုံတော်များ၊ဗောဓိသတ် အရိမေတ္တယျ၊ ဗောဓိသတ် လောကနတ်တို့ပါဝင်သည်။ စီအီး၂-၃ ရာစု ခန့်၊ဂန္ဓာရတိုင်း

သာသနာနှစ် ၂၃၅ တွင် အရှင်မောဂ္ဂလိပုတ္တတိဿ အမှူးရှိသော သံဃာတော်တို့သည် သီရိဓမ္မာသောက မင်းကို အမီပြု၍ တတိယသင်္ဂါယနာတင်ကြသည်။ ထိုအခါ ထေရဝါဒဂိုဏ်းကြီးမှ ကွဲသွားသော တစ်ဆယ့်တစ်ဂိုဏ်းတို့တွင် သဗ္ဗသတိဂိုဏ်းက အမှူးပြု၍ ရာဇဂြိုဟ်ပြည် အနီးနာလန္ဒကျောင်းကြီး၌ သီးခြားခွဲ၍ သင်္ဂါယနာ တင်ကြသည်။

ထိုအခါမှစ၍ သဗ္ဗသတိဂိုဏ်းသည် တိုးတက် ကြီးပွားကာ မဟာသင်္ဂီတိဂိုဏ်းကြီးနှင့် အခြားဂိုဏ်းတို့ကို လွှမ်းမိုးသွားသည်။ မဟာသင်္ဂီဂိုဏ်းကြီးနှင့် အခြားဂိုဏ်း တို့သည် အမည်မထင်ရှားတော့ဘဲ တဖြည်းဖြည်း တိမ်မြုပ် ပျောက်ကွယ်သွားကြသည်။ နောက်အခါ သဗ္ဗသတိဂိုဏ်းတစ်ခုသာ ထင်ရှား ကျန်ရှိလေသည်။

သဗ္ဗသတိဂိုဏ်းကား မဟာယာန ဗုဒ္ဓသာသနာ ပေါက်ပွားရာ ဖြစ်သည်။ မြတ်စွာဘုရားက ခပ်သိမ်းသော အရာသည် (ခပ်သိမ်းသော သတ္တဝါသင်္ခါရသည်) အမြဲမရှိ၊ မတည်ဟု ဟောတော်မူ၏။ ထိုဂိုဏ်းက အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး၌ မြဲ၏။ တည်နေ၏ဟု ယူဆပြော ဟောသည်။

လောကနတ်ရုပ်တုတော်

တတိယ သင်္ဂါယနာတင်ပြီးနောက် အရှင်မောဂ္ဂလိ ပုတ္တတိဿက စေလွှတ်သဖြင့် ထေရဝါဒဂိုဏ်း၊ ဗုဒ္ဓ သာသနာ သည် မြန်မာ၊ သီဟိုဠ်၊ ယိုးဒယား၊ ကမ္ဗောဇပြည် စသည် တို့သို့ ရောက်သွားသည်။

နောက်ဗုဒ္ဓသာသနာကို အားပေးသော သီရိဓမ္မာ သောကမင်းဆက်ပြုတ်၍ ဗြဟ္မဏအယူဝါဒကို အားပေးသော ဆုင်္ဂမင်းဆက် တက်လာသောအခါ ဗုဒ္ဓသာသနာသည် တဖြည်းဖြည်း မှေးမီန်လာသည်။ ဗြဟ္မာဏ ဘာသာ သာမဗေဒင်ကျမ်းအရ ယဇ်ပူဇော်ခြင်း ခေတ်စားလာသည်။ ဆန်းကျမ်းကို စီရင်သော ပိင်္ဂလဆရာကြီးသည်ပင် ယဇ် ဆရာကြီး ဖြစ်လာသည်။

ထိုအခါ ထေရဝါဒဂိုဏ်းသည် မဇ္ဈိမဒေသမှ တောင်ဘက်သို့ရွှေ့ပြောင်းသွားသည်။ ထို့ကြောင့် တောင်ပိုင်း ဗုဒ္ဓသာသနာခေါ်သည်။ သဗ္ဗသတိဂိုဏ်းလည်း မြောက်ဘက်နှင့် အနောက်မြောက်ဘက်ဖြစ်သော မထုရာပြည် ကန္နီရတိုင်း ဂန္ဓာရတိုင်းသို့ပြောင်းရွှေ့သွားသည်။ ထို့ကြောင့် မြောက်ပိုင်း ဗုဒ္ဓသာသနာခေါ်သည်။ ထိုစဉ်အခါ ထိုမြောက်ပိုင်းရှိ တိုင်းတို့၌ ကနိသျှကမင်း အုပ်စိုးလျက်ရှိသည်။ နောက်တဖြည်းဖြည်း ကိုရီးယား၊ တရုတ်၊ ဂျပန်၊ တိဗက်၊ ရုရှ၊ ဆိုက်ဗီးရီးယား၊ နီပေါ၊ ဘူတန် စသည်တို့သို့ရောက်သွားသည်။

ပြောင်းရွှေ့သွားကြရာ၌ ထေရဝါဒီဂိုဏ်းသည် မဂဓဘာသာဖြင့်ရှိသော ပိဋကတ်တော်ကို အခြားဘာသာ သို့ ပြောင်းလဲပြန်ဆိုခြင်း မပြုရအောင် ကျပ်တည်းစွာ ထိန်းသိမ်းစောင့်ရှောက်သည်။ သဗ္ဗသတိဂိုဏ်းကား ကာလ ဒေသဘာသာ ပုဂ္ဂိုလ်သို့လိုက်၍ တစ်စတစ်စ အခြားဘာသာ စကားသို့ ပြောင်းလဲပြန်ဆိုကြသည်။

သဗ္ဗသတိဂိုဏ်းသည် မထုရာပြည်သို့ရောက်သောအခါ အရိယသဗ္ဗသတိဂိုဏ်း ဖြစ်လာသည်။ ပိဋကတ် တော်ကိုလည်း ပုဏ္ဏားတို့လိုလားသော သက္ကတဘာသာသို့ပြန်ဆိုကြသည်။ ပြန်ဆိုရာ၌ အပြည့်အစုံ ပြန်ဆိုခြင်း မဟုတ်၊ နုတ်ပယ်ခြင်း ဖြည့်စွက်ခြင်း လိုရာသို့ ဆွဲဆောင်ခြင်းများကို ပြုလုပ်ပြန်ဆိုကြ ဟန် တူသည်။

သာသနာနှစ် ၆၅ဝ-၇ဝဝ (ခရစ် ၁ဝ၆-၁၅၆) အတွင်း သဗ္ဗသတိဂိုဏ်းဝင် အရှင်ဝါသုမိတ္တနှင့် အရှင် အဿဃောသတို့ ကြီးမှူးသော သံဃာ ၅ ရာတို့သည် ကနိသျှကမင်းကို အမီပြု၍ ပက်ရှဝါမြို့တော်၌ (သို့မဟုတ်) ကန္နီရတိုင်း ဇလန္ဓာမြို့ကုန္ဓာလဝန္နကျောင်း၌ သင်္ဂါယနာတင် ကြသည်။ ထိုအခါ ဝိဘာသာဋီကာ ကျမ်းများကို ရေးသား၍ တင်ကြ သောကြောင့် ဝိဘာသိကဂိုဏ်းဟု ခေါ်ကြပြန်သည်။

သင်္ဂါယနာ တင်ပြီးနောက် အရှင်အဿဃောသသည် ဗုဒ္ဓစရိယမည်သော ဘုရားကျင့်စဉ် ဖြစ်စဉ်ကျမ်းကို ရေးသား သည်။ ယင်းကျမ်း၌ အဓိကကျင့်စဉ် သုံးမျိုးမှာ (၁) သာဝက ယာန-သာဝကယာဉ်၊ သာဝက ဗောဓိကျင့် စဉ်၊ (၂) ပစ္စေက ဗုဒ္ဓယာန-ပစ္စေက ဗုဒ္ဓယာဉ်၊ ပစ္စေက ဗောဓိကျင့်စဉ်၊ (၃) ဗုဒ္ဓယာန-ဗုဒ္ဓယာဉ်၊ သမာ သမ္ဗာဓိ ကျင့်စဉ်ဟူဥ ၃ မျိုး ဖြစ်သည်။ သာဝကယာနနှင့် သာဝက ဗောဓိ၊ ပစ္စေက ဗုဒ္ဓယာနနှင့် ပစ္စေကဗောဓိ၊ ဗုဒ္ဓယာန နှင့် သမ္မာသမ္ဗောဓိ အတူတူပင် ဖြစ်သည်။ ဤနေရာ၌ အကျင့်ကို ယာဉ်ဆိုသည်မှာ လိုရာအရပ်သို့ သွားရောက် နိုင်သော၊ လှည်း၊ ရထားတို့ကို ယာဉ်ခေါ်ဆိုသကဲ့သို့နိဗ္ဗာန်ရောက်နိုင်သော အနိစ္စ-ဒုက္ခ-အနတ္တ၊ လက္ခဏာ ၃ ပါးကို တင်စား၍ ယာဉ်ခေါ်သည်။ ထို့ပြင် သာဝကအဖြစ်၊ ပစ္စေကဗုဒ္ဓအဖြစ်၊ ဘုရားအဖြစ်သို့ ရောက်နိုင် သော အကျင့်ကိုလည်း တင်စား၍ ယာဉ်ခေါ်ဆိုခြင်း ဖြစ်သည်။

ထိုအခါမှစ၍ သဗ္ဗသတိဂိုဏ်းသည် ထိုယာဉ် ၃ မျိုး တို့တွင် သာဝကယာနနှင့် ပစ္စေကဗုဒ္ဓယာနတို့မှာ မိမိတစ်ဦး တည်းသာ နိဗ္ဗာန်သို့ရောက်နိုင်သဖြင့် တစ်ကိုယ်ကောင်း အကျင့်ဖြစ်သောကြောင့် ယုတ်ညံ့သည်။ ဗုဒ္ဓ ယာနသာ မိမိလည်း နိဗ္ဗာန်သို့ရောက်၍ သတ္တဝါအများကိုလည်း ရောက်စေနိုင်သော အကျင့်ဖြစ်သောကြောင့် မြင့်မြတ်သည်ဟု ယူဆကြသည်။ ယူဆသည့်အတိုင်းလည်း ဘုရားဆုကိုတောင်း၍ ဗုဒ္ဓယာနအကျင့်ကိုသာ ကျင့်လာ ကြသည်။ ထို့ကြောင့် သဗ္ဗသတိဂိုဏ်းကို ယာနံ-ယာနဂိုဏ်း၊ နောက် မြင့်မြတ်သော အကျင့် ဖြစ်သောကြောင့် ယာနရှေ့က မဟာတပ် မဟာ ယာန-မဟာယာနဂိုဏ်းဟု ခေါ်ဆိုကြသည်။ ထိုဂိုဏ်းသည် သာသနာနှစ် ၇ဝဝ မှ ၉ဝဝ (ခရစ် ၁၅၆ မှ ၃၅၆) အတွင် လူကြိုက်များသဖြင့် ကြီးပွားလာသည်။

ထေရဝါဒဂိုဏ်းကား ပုဂ္ဂိုလ် အယုတ်-အလတ်- အမြတ် ၃ မျိုး၊ အကျင့်လည်း သမ္မာသမ္ဗောဓိအကျင့်၊ ပစ္စေကဗောဓိအကျင့်၊ သာဝကဗောဓိအကျင့် ၃ မျိုးစီရှိရာ မိမိတို့အလိုရှိရာ ကျင့်ကို နိဗ္ဗာန်ရောက်နိုင်သည်ဟု ယူဆသည်။ ထိုသို့ ယူဆသည်ကိုပင် မဟာယာနဂိုဏ်းက သာဝက ဗောဓိအကျင့်နှင့် ပစ္စေက ဗောဓိအကျင့် ပါဝင်နေသဖြင့် တစ်ကိုယ်ကောင်း အကျင့် ဖြစ်သည်။ ယုတ်ညံ့သည်ဟု စွပ်စွဲကာ ထေရဝါဒဂိုဏ်းကို နှိပ်၍ ဟီနယာန ဂိုဏ်းဟု အမည် တပ်ကြသည်။ တပ်ကြသော်လည်း အမည်မတွင် မသုံးစွဲကြ။ ယနေ့တိုင်အောင် ထေရဝါဒဂိုဏ်း ဟူ၍သာ သုံးစွဲလျက် ရှိသည်။

စီအီး ၁-၂ ရာစုခန့်ကဗုဒ္ဓရုပ်ပွားတော်၊ဂန္ဓာရတိုင်း

သာသနာနှစ် ၂ဝဝ ခန့်မှ ၁၆ဝဝ (ခရစ် ၁ဝ၅၆ ခန့်အထိ)မဟာယာနဂိုဏ်းသည် ကျမ်းစာအမျိုးမျိုး ရေးသား၍ ဝါဒအမျိုးမျိုး ပြောင်းလဲလာကြသည်။ ဂိုဏ်းအမျိုးမျိုးလည်း ကွဲလာကြသည်။ ထူးခြားချက်တစ်ခုမှာ ဘုရားထပ်ပို၍ ဘုရားအလောင်းကို အရေးပေးလာကြသည်။ ရုပ်တု အမျိုးမျိုး ထုလုပ်ကိုးကွယ်လာကြသည်။ ဘုရားလောင်းကို ဘုရားအနေ၊ နတ်အနေထားလာကြသည်။ အချုပ်အားဖြင့် ဘုရားကို ကောင်းကင်ဘုံ၌ အမြဲတည်ရှိနေစေပြီးလျှင် ကောင်းကင်ဘုံ၌ တည်နေသော ဘုရားမှာ လူ့လောက နှင့် တိုက်ရိုက် မဆက် သွယ်နိုင်သဖြင့် လူနှင့် ဘုရားကြား ဆက်သွယ်ပေးမည့်သူ လိုနေရာ ဆက်သွယ်ပေးမည့်သူ အဖြစ် ဘုရားလောင်းကို ထားကြသည်။

နောက် တာရာ-စာမုဏ္ဍီ စသော နတ်သမီး နတ်သား ရုပ်တုတို့ကို ကိုးကွယ်ကြသည်။ ဂါထာ- မန္တန်-မန္တရား-အင်း- အိုင်-ခါးလှည့်-လက်ဖွဲ့-မှော်ပညာ-ပယောဂပညာ-ဝိဇ္ဇာပညာဂန္ဓာရ ပညာတို့လည်းဝင်လာကြ သည်။ ရဟန်းများလည်း ဂါထာ မန္တန် မန္တရား အင်းအိုင် ခါးလှည့်လက်ဖွဲ့ဆရာ၊ မှော်ဆရာ၊ ပယောဂဆရာ၊ ဝိဇ္ဇာ ဆရာ၊ ဂန္ဓာရီဆရာများ ဖြစ်လာကြသည်။ ပိဋကတ်တော်နှင့် ညီသည် မညီသည်ကို ဂရုမစိုက်ကြ။ ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်ခြင်းမရှိ။ ဝိနည်းတရားသည်လည်း ယုတ်ညံ့သော ရဟန်းခေါ်သည့် ပုဂ္ဂိုလ်တို့အား နှိပ်ကွပ် ချည် နှောင်သော အကျင့်ဖြစ်သည်။ ငါတို့ဘုရားလောင်းများ အကျင့် မဟုတ်ဟု ကျမ်းစာရေးသားခြင်း၊ ပြောဟောခြင်းကို ပြုကြ သည်။ ကိုယ်တိုင်ကား ကျင့်ကြဟန်မတူ။

ထိုအခါ လောက်ကစ၍ ဝိနည်းတရားတော် ကွယ်ပျောက်ပြီး သိမ်ဝင်ခြင်း၊ ဥတ်ကမ္မဝါဖြင့် ရဟန်းခံခြင်း ရှိတော့မည်မထင်။ ရသေ့-ပရိဗိုဇ်များကဲ့သို့ရဟန်းခံကြတော့ သည်ဟု ယူဆဖွယ်ဖြစ်သည်။ နောက်သာသနာနှစ် ၁၇ဝဝ (ခရစ် - ၁၁၅၆) လောက်တွင် မွတ်ဆလင်တို့သည် အိန္ဒိယ အလယ်ပိုင်း မြောက်ပိုင်းတို့ကို သိမ်းယူ ပြီး ဗုဒ္ဓသာသာ တဖြည်းဖြည်း ဆုတ်ယုတ်၍ သာသနာနှစ် ၁၉ဝဝ (ခရစ် ၁၃၅၆) လောက်တွင် လုံးဝ ကွယ် ပျောက်လုမတတ် ဖြစ်သွားလေသည်။

ရှေးဟောင်းဗုဒ္ဓပုထိုးတော်များ၊ အင်ဒိုနီးရှားနိုင်ငံ

ကိုးကွယ်သော ဘုရားလောင်းများကို ရှေးဦးစွာ ဗောဓိသတ္တ၊ ဗုဒ္ဓင်္ကုရ အမည်နှစ်မျိုးသာ ပေးထားသည်။ နောက်တဖြည်းဖြည်း ချဲ့ထွင်ကာ (၁) အဝလောကိတေ သွာရ-လောကကို အမြဲစောင့်ရှောက်ကြည့်ရှု နေသော ကရုဏာရှင်၊ (၂) မဉ္စူသီရိ-သာယာနှစ်သက်ဖွယ် အသရေ ရှိသူ၊ (၃) သမန္တဘဒြ - အလုံးစုံထက်ဝန်းကျင် ကောင်းမွန် လျက် စီးပွားတိုးတက်စေသူ၊ (၄) အာကာသဂ¸၊ (၅) ခဂ¸ ကောင်းကင်တိုက်ခန်းရှိသူ၊ (၆) ဂဂန ဂဉ္စ - ကောင်းကင် ကျောက်မျက်ထွက်သော တွင်းရှိသူ၊ (၇) ပဒုမပါဏိ - မဒုမာ ကြာပွင့် ကိုင်ထားသူ၊ (၈) ဝဇိရ ပါဏိ - ဝရဇိန်လက်နက် ကိုင်ထားသူ၊ (၉) ဝဇိရဂ¸ - ဝရဇိန်တိုက်ခန်းရှိသူ၊ (၁ဝ) သဝ - နီဝရဏ - ဝိကမ္ဗီ - ယိုစီးခြင်း တားမြစ်ခြင်း ခွာအပ်ခြင်းရှိသူ၊ (၁၁) ကိတ္တိဂ¸ - ကျော်စောခြင်း တိုက်ခန်းရှိသူ၊ (၁၂) ဗျူဟရာဇ - ကိုယ်ပွားခြင်းရှိသော မင်း (၁၃) န္ဒဇာလီ - မျက်လှည့်ဆရာ - မှော်ဆရာ၊ (၁၄) ရတနာဂ¸ - ရတနာ တိုက်ခန်းရှိသူ စသည်တို့ဖြစ်သည်။ ကိုယ်ကျင့်တရားများကား (၁) ဒါန၊ (၂) သီလ၊ (၃) ခန္တီ၊ (၄) ဝီရိယ၊ (၅) ဈာန၊ (၆) ပညာနှင့် နောက်ထပ် ဖြည့်စွက်ထားသော (၇) ဥပါယ၊ (၈) ပဏိဓာန၊ (၉) ဗလ၊ (၁ဝ) ညာဏတို့ဖြစ်သည်။

တရုတ်ပြည်

သာသနာနှစ် ၃၂၇ တွင် တရုတ်အမည် လိဖန်ခေါ် ဗုဒ္ဓအယူဝါဒီ ရဟန်းတစ်ပါးသည် အိန္ဒိယပြည်မှ အခြားရဟန်း ၁၇ ပါးနှင့် တရုတ်ပြည်သို့ရောက်လာဖူးသည်။ နောက် ၄၂၁ ခုတွင်လည်း ချန်ချအိယင် မည်သော တရုတ် စစ်ဗိုလ်တစ်ယောက်သည် ပါသိယပြည်မှ ရွေဆင်းတု တစ်ဆူ ပင့်လာခဲ့ဖူးသည်။ ဤကား တရုတ် ပြည်သို့ဗုဒ္ဓသာသနာ ရောက်ရန် ရှေးပြေးဖြစ်သည်။

သာသနာနှစ် ၆ဝ၇ (ခရစ် ၆၁) တွင် အရှေ့ဟန် မင်းဆက် မင်းထီးခေါ် လိယူချွန် ဘုရင်လက်ထက် မဇ္ဈိမ ဒေသတို့တမန် ၁၈ ယောက်ကိုလွှတ်၍ ပင့်စေရာ အရှင် ကဿပ မာတင်္ဂနှင့် အရှင်ဂေါတရနတို့သည် သက္ကတဘာသာ ကျမ်းစာများနှင့် ဓာတ်တော်တို့ကို မြင်းဖြူပေါ်တွင် တင်၍ ပင့်ဆောင်ခဲ့ကြသည်။ လိုယန်မြို့တွင် ပထမဆောက်လုပ်သော ကျောင်းကို မြင်းဖြူကို အစွဲပြု၍ မြင်းဖြူကျောင်းခေါ်သည်။

နောက် ဆောက်လုပ်သော ကျောင်းများကိုလည်း မြင်းဖြူ ကျောင်းပင် ခေါ်ကြသည်။ ထိုအခါက ရောက်လာသော ဗုဒ္ဓသာသနာသည် ကနိသျှ ကမင်းခေတ်ဖြစ်၍ မြောက်ပိုင်း ဗုဒ္ဓသာသနာဖြစ်သည်။ ပင့်ဆောင်လာသော သက္ကတ ဘာသာ ကျမ်းစာများကိုလည်း တရုတ်ဘာသာ ပြန်ဆိုကြသည်။ နောက် တဖြည်းဖြည်း ဘုရားလောင်းဝါဒ မဟာယာနဗုဒ္ဓသာသနာ ဖြစ်လာသည်။

သာသနာနှစ် ၉၄၃ (ခရစ် ၃၉၉) တွင် တရုတ်ရဟန်း အရှင်ဖာဟိယန် တစ်ကြိမ်၊ သာသနာနှစ် ၁၁၇၃ (ခရစ် ၆၂၉) တွင် အရှင် ဟိယင်ဆိုင် တစ်ကြိမ်၊ သာသနာနှစ်စ် ၁၂၁၅ (ခရစ် - ၆၇၁) တွင် ရှင်အိုင်ဆင် တစ်ကြိမ် ၃ ကြိမ် အိန္ဒိယသို့ သွားကြ၍ ဗုဒ္ဓသာသနာ စာပေများကို သင်ကြား လေ့လာပြီးလျှင် ဂိုဏ်းအမျိုးမျိုးမှ ပိဋကတ်တော်အမျိုးမျိုးကို ဆောင်ယူခဲ့ကြ၍ တရုတ်ဘာသာပြန်ဆိုကြသည်။ တရုတ်ဗုဒ္ဓ သာသနာလည်း တိုင်းရင်းအယူဝါဒများနှင့် ရောထွေးကာ၊ ဂိုဏ်းအမျိုးမျိုးကွဲလျက် အယူဝါဒ အမျိုးမျိုး ဖြစ်လာသည်။

(ခရစ် ၅ဝဝ-၆ဝဝ ) တွင်ဆရာတော် ဗောဓိဓမ္မ တရုတ် ပြည် သို့ ကြွ၍ ချန်ဗုဒ္ဓဘာသာ(ဇင်ဗုဒ္ဓဘာသာ) ဂိုဏ်း ကို တည်ထောင်သည်။ ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံး မဟာယာန ဇင်ဗုဒ္ဓဘာသာ ဆရာတော်ဖြစ်သည်။

အကျဉ်းချုပ်အားဖြင့် တရုတ်ပြည်၌ မဟာယာနဂိုဏ်း ကိုးကွယ်သော ပုဂ္ဂိုလ်တို့မှာ (က) ဘုရားများ၊ (ခ) ဘုရား လောင်းများ၊ (ဂ) နတ်များဖြစ်သည်။ ဘုရားမှာ ၅ ဆူထား သည်။ (၁) ပထမ - ဂေါတမသကျမုနိ (တထာဂတ ကိုလည်း တစ်ခါတစ်ရံ သုံးသည်)။ (၂) ဒုတိယ - အမိတာဘာ၊ ပုံမှာ ခေါင်းကြီးကိုယ်သေး၊ ယာလက်ချ၍ လက်ဝါးပြထားသည်။ ဝဲလက်ရင်တွင် ကြာပွင့်ကိုင်ထားသည်။ (၃) တတိယ - ဘေသဇ္ဇ ဇယဂုရု - ဆေးဝါးဘက်ဆိုင်ရာ ဘုရား။ အနာရောဂါ စွဲကပ်နေသူ၊ ကျိုးကန်းနေသူ၊ အကျဉ်း ကျနေသူ၊ ဆင်းရဲဒုက္ခ ရောက်နေသူတို့ကို ကယ်မစောင့် ရှောက်၏ဟု ယူဆသည်။ (၄) စတုတ္ထ - ဝေရောစန၊ ပုံမှာ လက်နှစ်ဖက် ရင်ပေါ်တွင် ပိုက်ထား၍ လက်ည|ိုးအပေါ် ထောင်ထားသည်။ (၅) ပဉ္စမ - လောရှန၊ ပုံမှာ ယာလက် ပေါင်ပေါ်တွင်ထား၊ ဝဲလက် ရင်တွင်ထားပြီးလျှင် လက်မနှင့် လက်လယ်ထိထားသည်။

ဘုရားလောင်းမှာလည်း ၅ ပါးပင်ထားသည်။ (၁) ပထမ - အဝလောကိတေသွာရ၊ (၂) ဒုတိယ - တရှိချိ - အမိတာဘာ၏ ဒုတိယ သား၊ (၃) တတိယ - မေတ္တယျ၊ ပုံမှာ ပြုံးရွှင်နေသော လူဝကြီး၊ အဝတ်ကို ဖယ်၍ ဝမ်းပိုက် ပူပြီးကို ဖော်ပြထားသည်။ ယာလက် ပန်းခက်ပန်းပွင့်ကိုင်၍ ဝဲလက် နောင်အခါပေးမည့် ချမ်းသာလက်ဆောင်များ ပါရှိသည့် အိတ်ဝကို ဆုပ်ကိုင်ထားသည်။ (၄) စတုတ္ထ-မဉ္စူသီရိ၊ ပုံမှာ ခြင်္သေ့ပေါ်တွင်စီးသည်။ (၅) ပဉ္စမ - သမန္တဘဒြ၊ ပုံမှာ ဆင်ပေါ်တွင် စီးသည်။

အရဟတ်များမှာ (၁) အရှင်သာရိပုတ္တရာ၊ (၂) အရှင်သာရိပုတ္တရာ၊ (၂) အရှင်မောဂ္ဂလာန်၊ (၃) အရှင် မဟာကဿပ၊ (၄) အရှင်အနုရုဒ္ဓါ၊ (၅) အရှင်သုဘူတိ၊ (၆) အရှင်ပူရဏ၊ (၇) အရှင်ကုတျဝယ၊ (၈) အရှင်ဥပါ လိ၊ (၉) အရှင်ရာဟုလာ၊ (၁ဝ) အရှင်အာနန္ဒာတို့ဖြစ်သည်။

နတ်များမှာ ထင်ရှားသောနတ် ၂၄ ပါးကိုပြသည်။ ဗြဟ္မာ၊ သိကြား၊ ယမမင်း၊ စာတုမဟာရာဇ် ဆိုင်ရာ နတ်များ ပါသည်။ ကွန်ဖုဇီးနှင့် စာပေဘက်ဆိုင်ရာ နတ်များကိုလည်း ထည့်သွင်းထားသည်။

ရဟန်းပြုပုံမှာ ပထမ လူအဖြစ်နှင့် ငါးပါးသီလ၊ ဒုတိယ သာမဏေအဖြစ်နှင့် ဆယ်ပါးသီလ၊ တတိယ ရဟန်းပြု၊ စတုတ္ထ ဘုရားလောင်းအဖြစ်နှင့် ပါရမီ ဖြည့်ရသည်။

ထေရဝါဒဂိုဏ်းမှာ နောက်ဆုံး စခန်းအဖြစ် နိဗ္ဗာန်သို့ရောက်ရန် ရည်ရွယ်၍ ကျင့်သကဲ့သို့ မဟာယာန ဂိုဏ်းမှာလည်း နောက်ဆုံးစခန်းအဖြစ် အတိုင်းအရှည်အဆုံးမရှိ ကိုယ်ရောင်ရှိသော အမိတာဘာဘုရား (ဝါ) အတိုင်းအရှည် အဆုံးမရှိ အသက်ရှည်သော အမိတာယုဘုရားစံရာ အနောက်အရပ်ရှိ သန့်ရှင်းစင်ကြယ်၍ ချမ်းသာ သုခနှင့် ပြည့်စုံသော သုခဝတီပြည်သို့ရောက်ရန် ရည်ရွယ်၍ ကျင့်ခြင်းဖြစ်လေသည်။

ဂျပန်ပြည်

သာသနာနှစ် ၁ဝ၉၆ (ခရစ် ၅၅၂) တွင် ကိုရီးယားပြည်၌ ပြည်တွင်းစစ် ဖြစ်နေသဖြင့် ကိုရီးယားဘုရင် ကုဒရက ဂျပန်ဘုရင်ထံ အကူအညီတောင်းရာ၌ လက်ဆောင် အဖြစ် မဟာယာန ဗုဒ္ဓသာသနာ ကျမ်းစာများနှင့် ဘုရား ရုပ်တုတော်မျာကို ပို့လိုက်သည်။ ဤကား ဂျပန်ပြည်သို့ ဗုဒ္ဓရုပ်သာသနာ အစရောက်ခြင်းတည်း။ နောက်သာသနာနှစ် ၁၁၃၇ (ခရစ် ၅၉၃) တွင် ဘုရင်နှင့်တကွ တစ်ပြည်လုံး ကိုးကွယ်ကြသည်။ အုပ်ချုပ်သော ဥပဒေတို့ကိုလည်း ဗုဒ္ဓတရားတော်ကို အခြေခံထား၍ စီမံကြသည်။ ထင်ရှားသော ကျောင်းကြီးတို့နှင့် တန်ဆောင်းကြီး တို့ကိုလည်း ဆောက်လုပ် ကြသည်။ အယူဝါဒလည်း တရုတ်ပြည်၌ကဲ့သို့ပင် မဟာယာန ဂိုဏ်း ဗုဒ္ဓသာသနာ ဘုရားလောင်း အယူဝါဒဖြစ်သည်။

နောက်ဗုဒ္ဓသာသနာတွင် တိုင်းရင်း အယူဝါဒနတ်များ ဝင်လာသဖြင့် ရှုပ်ထွေးလာသည်။ ဂိုဏ်းအမျိုးမျိုးလည်း ကွဲလာသည်။ ဂျပန်ဘုန်းကြီးတို့လည်း မိမိတို့ဂိုဏ်းအလိုက် အမျိုးမျိုး ဝတ်ဆင်ကြသည်။

ရှေးအခါက ဂျပန်မဟာယာန ဂိုဏ်းသည် သိမ်သင်၍ ဥတ်ကမ္မဝါဖြင့် ရဟန်းမပြုသော်လည်း အိမ်ထောင်ပြုခြင်း မရှိကြ။ ဂိုဏ်းအမျိုးမျိုး ရှိသည့်အနက် ဂျိုဒိုဂိုဏ်း ဟိုနင် ဆရာတော်ကြီးလက်ထက် သာသနာ နှစ် ၁၆၇၇-၁၇၅၆ (ခရစ် ၁၁၃၃-၁၂၁၂) လောက်တွင် ယင်းဆရာတော်ကြီးသည် မင်းမျိုးမှ ရဟန်းပြုသော ရှိုနင်ဆရာတော်ကလေး အသက် ၃ဝ ကျော်တွင် မင်းမျိုးတစ်စုက ဆရာတော်ကြီးထံ ရှိုနင်ဆရာတော် ကလေး အတွက် အိမ်ထောင်ပြုနိုင်သည့် ဂိုဏ်း တည်ထောင် ရန် အကြိမ်ကြိမ် ခွင့်တောင်းသဖြင့် နောက်ဆုံး၌ ခွင့်ရရှိလေ သည်။

ထိုအခါ ရှိုနင်ဆရာတော်ကလေးသည် ဂျိုဒိုဂိုဏ်းမှ ခွဲထွက်ကာ ထားမာဟိခေါ် မင်းမျိုးမင်းနွယ် အမျိုး သမီးနှင့် လက်ထပ်ပြီးလျှင် အိမ်ထောင်ပြုနိုင်သော ရှင်ဂိုဏ်းစ၍ တည်ထောင်သည်။ ယင်းဂိုဏ်းသည် လူကြိုက်များ၍ ကြီးပွား လာသည်။ ဂိုဏ်းကို ဆရာတော်ကလေး၏ သားမြေးအဆက် ဆက်တို့ သာသနာပိုင်အဖြစ်ဖြင့် အုပ်ချုပ်လာကြသည်။ နောက် အတန်ကြာသော် ဂျိုဒိုဂိုဏ်းသည် လည်းကောင်း၊ အခြားဂိုဏ်း တို့သည်လည်းကောင်း အိမ်ထောင်ပြုကြလေသည်။ ရဟန်း ဆိုသော်လည်း အိမ်ထောင်သည် လူဝတ်ကြောင်နှင့် လွန်စွာ မခြားတော့ပြီ။

တိဗက်ပြည်

တိဗက်ပြည်သည် ဗုဒ္ဓသာသနာ မရောက်မီ စုန်းနတ်တစ္ဆေ စသည်တို့နှင့် ရောပြွမ်းလျက် ရှိသည်။ လူကိုပင် ယဇ်ပူဇော်သည်။ သာသနာနှစ် ၁၁၈၂ (ခရစ် ၆၃၈) တွင် ဘုရင်ဆရုန်စဉ်ဂံပိုသည် နီပေါ ပြည်ဘုရင် အံသုဝါမန်၏ သမီးတော် ဘရိကုဋိနှင့် လက်ထပ်သည်။ သာသနာနှစ် ၁၁၈၅ (ခရစ် ၆၄၁) တွင် တရုတ်မင်းသမီး ဝင်ချအင်နှင့် လက်ထပ် ပြန်သည်။ မင်းသမီးတို့သည် ဗုဒ္ဓဝါဒီများ ဖြစ်ကြ၍ ဘုရင် မင်းမြတ်အား ဗုဒ္ဓသာသနာအကြောင်း အမြဲဟောပြောသဖြင့် ဗုဒ္ဓဝါဒီ ဖြစ်လာသည်။

ဘုရင်သည် မိဖုရားနှစ်ပါး အကြံပေးချက်အရ အိန္ဒိယ ပြည်နှင့် နီပေါပြည်သို့တမန်များ စေလွှတ်သည်။ အိန္ဒိယပြည် သို့သွားရသော သံသည် အိန္ဒိယပြည်တွင် အတန်ကြာနေ၍ စာပေများ သင်ကြားပြီးလျှင် ပိဋကတ် ကျမ်းစာတို့ကို ယူဆောင်ကာ သာသနာနှစ် ၁၁၉၄ (ခရစ် ၆၅ဝ) လောက် တွင် တိဗက်ပြည်သို့ပြန်ရောက် လာသည်။ တိဗက်ပြည်သို့ ရောက်လာသော ဗုဒ္ဓသာသနာကား ဘုရားလောင်းဝါဒ မဟာယာန ဗုဒ္ဓသာသနာ ဖြစ်သည်။ ကျမ်းစာများကိုလည်း တိဗက်ဘာသာသို့ပြန်ဆိုသည်။ ဘုရင်လည်း သာသနာ ပြုမင်းဖြစ်၍ အလွန် ထင်ရှားလာသည်။

သာသနာနှစ် ၁၂၉၄ (ခရစ် ၇၅ဝ) လောက်တွင် ဆရုန်စဉ်ဂံပို ဘုရင်၏ အဆက်အနွယ်ဖြစ်သော သိဆရုန် ဒတ်စတန် ဘုရင်တက်လာ၏။ ထိုဘုရင်သည် တန်ခိုးကြီး၏ ဗုဒ္ဓဝါဒီဖြစ်၍ ဗုဒ္ဓသာသနာသည် တိုးတက် ခိုင်မြဲလာသည်။ လာမာဘုန်းကြီး ဝါဒကိုလည်း စ၍ထွင်သည်။ တိဗက် ဘာသာလာမာကား မြင့်မြတ်သော ပုဂ္ဂိုလ်ဟု အဓိပ္ပာယ် ရသည်။ ဘုရင်သည် သာသနာပြုရန် ရဟန်းတစ်ပါးကို အလိုရှိသဖြင့် အိန္ဒိယပြည်သို့စေလွှတ်ရာ၊ နာလန္ဒကျောင်းကြီး၌ နေသော အရှင်ဂုရုပဒုမ သမ္ဘဝကို ရခဲ့သည်။ ထိုမထေရ်လည်း လာမာဂိုဏ်းကိုစ၍ တည်ထောင်သည်။ တိဗက်ပြည်၌ရှိသော ဗုဒ္ဓသာသနာသည် ယခင်က ရှိနှင့်သော စုန်း - နတ် - တစ္ဆေ - ပယောဂတို့ကို နိုင်နင်းသော ပုဂ္ဂိုလ်ဖြစ်ရကား အလွန် ကြည်ညိုကြသည်။ တိဗက်ပြည်ပ မဟာယာနဂိုဏ်း သည် တရုတ်ပြည်၊ ဂျပန်ပြည်တို့ကဲ့သို့ တဖြည်းဖြည်း ဂိုဏ်းအမျိုးမျိုး ကွဲလာသည်။

သာသနာနှစ် ၁၈၁၄ (ခရစ် ၁၂ရဝ) တွင် တရုတ် ပြည်၌ အလွန် တန်ခိုးကြီးသော ကူဗလိုင်ခန် ဘုရင်သည် ထိုစဉ်အခါက တိဗက်ပြည်ကိုပါ အာဏာပျံ့နှံ့သည်။ ဘုရင် သည် တိဗက်ပြည်ကို အုပ်စိုးရန် သကျပဏ္ဍိတ မည်သော လာမာဘုန်းကြီးအား အပ်နှင်းသည်။ ဘုန်းကြီးလည်း ဘုရင်ခံ သဘောဖြင့် အုပ်စိုးရသည်။ ထိုစဉ်အခါ ကစ၍ ရဟန်းမင်း အဖြစ် တည်ထောင်ခဲ့သည်။ နောက်လည်း လာမာဘုန်းကြီးများ ဆက်ကာဆက်ကာ လာခဲ့သဖြင့် ယနေ့တိုင်အောင် လာမာ ဘုန်းကြီးက မင်းအဖြစ် သာသနာပိုင်အဖြစ် ဆက်ခံအုပ်စိုး လျက် ရှိလေသည်။

အထူးအားဖြင့် ထေရဝါဒဂိုဏ်းမှာ နမော တဿ ဘုရားရှိခိုးကို အလွန်အလေးပြုသကဲ့သို့မဟာယာန ဂိုဏ်းမှာ လည်း တရုတ်က နန်-မော-အို-မိတ-အို-ဖူး၊ ဂျပန်က နမော-အမိဒ-ဘုတ်စု၊ ကိုရီးယားက န-မော- အမိဒ-ပု(လ်) ဟု အသီးအသီးရှိသော ဘုရားရှိခိုးတို့ကို အလွန်အလေးပြုကြ သည်။ အမြဲလည်း ရှိခိုးကြသည်။

မြန်မာပြည်

သာသနာနှစ် ၂၃၅ တွင် မြန်မာပြည် တောင်ပိုင်းသို့ ထေရဝါဒဗုဒ္ဓသာသနာ ရောက်သည်။ ပုဂံ အနီး မင်းနန်သူအရပ် ဘုရားသုံးဆူနှင့် နန္ဒမညစေတီများအတွင်းရှိ ဆေးရေးရုပ်များကို ထောက်၍ သာသနာနှစ် ၁ဝဝဝ ကျော် ၁၁ဝဝ (ခရစ် ၄၅၆-၅၅၆) အတွင်း မြန်မာပြည် မြောက်ပိုင်း သို့ မဟာယာန ဗုဒ္ဓသာသနာ ရောက်သည်ဟု ယူဆကြသည်။ ရဟန်းတို့မှာ အရည်းကြီးတို့ ဖြစ်ဟန်တူလေသည်။

မဟာရာဇဝင်တော်ကြီးအရ ပုံဂံပြည် တောင်သူကြီးမင်း လက်ထက် အရည်းကြီးတို့နှင့် တိုင်ပင်၍ ပုထိုး ၅ လုံးတည် ရာဝယ် နတ်ရုပ်မမည်၊ ဘုရားရုပ်တုမမည် ပြုလုပ်၍ ညနံနက် ထမင်းသေစာတင်၍ ကိုးကွယ်သည်ဟု အဆိုရှိသည်ကို ထောက်၍လည်းကောင်း၊ သာသနာနှစ် ၁၇၉၂ (ခရစ် ၁၂၄၈) တွင် ထိုးထားသော နန္ဒမည စေတီအနီးရှိ ကျောက်စာများမှာ ကျောင်းနေ ပုဂ္ဂိုလ်အား ညနံနက် ထမင်းသား (အမဲ) သေစာ ပေးကပ်ရနု်ဟု အဆိုရှိသည်ကို ထောက်၍လည်းကောင်း၊ အရည်းကြီးတို့ကကာမ အလှူခံသဖြင့် လက်ထပ်မည့် သတို့ သမီးကို ပန်းဦးလွှတ်ရသော ဓလေ့ထုံးစံ ဖြစ်နေသည်ကို ထောက်၍ လည်းကောင်း ထိုစဉ်အခါက အရည်းကြီး ရဟန်းတို့ ညစာစားခြင်း၊ သေရည်အရက် သောက်ခြင်း၊ မေထုန်အကျင့်ကို ကျင့်ခြင်းစသော ရဟန်းကောင်းတို့မပြုလုပ် ထိုက်သော အရာတို့ကို ပြုလုပ်နေကြောင်း ထင်ရှားသည်။

အနော်ရထာမင်းလက်ထက် သာသနာနှစ် ၁၆ဝ၁ (ခရစ် ၁ဝ၅၇) တွင် အရှင်အရဟံ ကြွလာသည်မှ စ၍ မဟာယာန ဗုဒ္ဓသာသနာသည် တဖြည်းဖြည်း ကွယ်ပျောက် လျက် မြန်မာပြည်တစ်ပြည်လုံး ထေရဝါဒ ဗုဒ္ဓ သာသနာ ထွန်းကားတိုးတက်ကာ ယနေ့တိုင်အောင် တည်ရှိလေသည်။

မဟာယာနဂိုဏ်းတွင် သက္ကတဘာသာရင်းနှင့် ရှိ၍ တရုတ်စသော ဘာသာအမျိုးမျိုးဖြင့် ပြန်ဆိုထားသော ကျမ်းများအနက် ထင်ရှားသော ကျမ်းများကား (၁) မဟာ ဝတ္ထု၊ (၂) လလိတဝိတ္ထာရ၊ (၃) သဒ္ဓမ္မပုဏ္ဍရိက၊ (၄) သုခဝတီဗျူဟာ၊ (၅) ဗုဒ္ဓစရိတ၊ (၆) အဋ္ဌသာဟသိရိကပညာ ပါရမိတာ၊ (၇) စတ္တသာဟသိရိကပညာ ပါရမိတာ၊ (၈) ဝဇီရဆေဒိကပညာ ပါရမိတာ၊ (၉) မူလမဇ္ဈိမကကာရိကာ၊ (၁ဝ) ဓမ္မသင်္ဂဟ၊ (၁၁) အဝဒါန ဇာတက၊ (၁၃) ဒိဗျာဝဒါန၊ (၁၃) ဒသဘူမိကသုတ္တ၊ (၁၄) မဟာယာနသုတ္တလင်္ကာရ၊ (၁၅) ဗောဓိသတ္တဘူမိ၊ (၁၆) လင်္ကာဝတာရသုတ္တ၊ (၁၇) သမာဓိရာဇ သုတ္တ၊ (၁၈) သုဝဏ္ဏပဘာသ၊ (၁၉) ကရုဏာပုဏ္ဍရိကသုတ္တ၊ (၂ဝ) ဇာတကမာလာ၊ (၂၁) ရဋ္ဌပါလပရိပစ္ဆ၊ (၂၂) နာဂါနန္ဒ၊ (၂၃) သိဿသမုစ္စယ၊ (၂၄) ဗောဓိစရိယာဝတာရ၊ (၂၅) သိဿလေခ၊ (၂၆) ကာရဏ္ဍဗျူဟာ၊ (၂၇) မဟာဗျုပ္ပတ္တိ၊ (၂၈) ဗောဓိသတ္တ အဝဒါနကာလပါလတာတို့ဖြစ်သည်။ ထိုကျမ်း တို့အား သာသနာနှစ် ၂ဝဝ ခန့်မှ ၁၆ဝဝ ခန့်အထိ ရေးသား သော ကျမ်းတို့ဖြစ်သည်။(ဦးကြီးဖေ)[9]

မှတ်စု

  1. "The Mahayana, 'Great Vehicle' or 'Great Carriage' (for carrying all beings to nirvana), is also, and perhaps more correctly and accurately, known as the Bodhisattvayana, the bodhisattva's vehicle." Warder, A.K. (3rd edn. 1999). Indian Buddhism: p. 338

ကိုးကား

  1. Harvey (2013), pp. 108-109.
  2. Damien Keown (2003), A Dictionary of Buddhism, Oxford University Press, p. 38
  3. Harvey (2013), p. 111.
  4. Williams, Paul, Mahayana Buddhism: The Doctrinal Foundations, Routledge, 2008, p. 21.
  5. Harvey (2013), p. 189.
  6. Woodhead၊ Linda; Partridge၊ Christopher Hugh; Kawanami၊ Hiroko, eds. (2016)။ Religions in the modern world : traditions and transformations (Third ed.)။ Abingdon, Oxon: Routledge။ ISBN 978-0415858809OCLC 916409066
  7. Foltz၊ Richard (2013)။ Religions of Iran:From Prehistory to the Present။ p. 95။ ISBN 978-17807430972017-12-18 တွင် ပြန်စစ်ပြီးIn the centuries before the Arab conquests Buddhism was spread throughout the eastern Iranian world. Buddhist sites have been found in Afghanistan, Turkmenistan, Uzbekistan, and Tajikistan, as well as within Iran itself.
  8. Johnson၊ Todd M.; Grim၊ Brian J. (2013)။ The World's Religions in Figures: An Introduction to International Religious Demography (PDF)။ Hoboken, NJ: Wiley-Blackwell။ p. 36။ 20 October 2013 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး2 September 2013 တွင် ပြန်စစ်ပြီး
  9. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.