ဘုရားပင့်

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

ဘုရားပင့်

၁။ နက္ခတ္တေဟိ ပရိဝါရော ၊ သိနေရုဂိရိမုတ္တမော ။

ဝိရောစတိ သကာဘာယ ၊ ဩဘာသယံ သမန္တတော ။

၂။ တတောပိ အတိက္ကန္တောဝ ၊ ဆဟိ ရသ္မီဟိ ယော ဇိနော ။

ဧဝမာဒိဂုဏောပေတော ၊ ဌာတု မေ ဝရသီသကေ ။

နက္ခတ္တေဟိ-ရောင်ခြည်တထောင် အလင်းဆောင်သည့် ထွန်းပြောင်ပဝင်း ရှင်နေမင်းမှ စသည်များစွာ နက္ခတ်တာရာအပေါင်းတို့ဖြင့်။ ပရိဝါရော-ခြံရံအပ်သော။ သိနေရုဂိရိမုတ္တမော-လောကတွင် ရှိရှိသမျှ တောင်တကာ တို့ထက် ဆတက်လွန်ကျူး တောင်ထူးတောင်မြတ် ဆတ်ဆတ်ဖြစ်လျှင်း မြင်းမိုရ်မင်းသည်။ သကာဘာယ-မိမိဝဲယာ ခြံရံကာ၍ ရောင်ဝါတင့်ထူး နက္ခတ်စုံဝင့်ကာမြူးသဖြင့် တင့်ထူးကျက်သရေ လက်လက်ဝေသော မိမိရောင်ခြည်ပန်းဖြင့်၊ ဩဘာသယံ-ဩဘာသယန္တော-ရောင်ဝါရွှန်းအိ ထွန်းလင်းဘိလျက်။ သမန္တတော-ဝန်းကျင်ဒိသာ ရပ်မျက်နှာမှ။ ဝိရောစတိ-တောင်မင်းကျက်သရေ ပီပြင်လေအောင် ထွန်းပြောင်ရွှန်းမြ တင့်တယ်တောက်ပပါပေ၏။

တတောပိ-တောင်တကာထွတ်မှူး လွန်ကျူးမြင့်ပို ထိုမြင်းမိုရ်တောင်မင်း၏ တင့်တယ်ခြင်းထက်လည်း။ အတိက္ကန္တောဝ-ဤ၍ဤမျှ ဂဏန်းချ၍ မမှန်းဆနိုင်အောင် ကဲလွန်၍သာလျှင်။ ယောဇိနော-အကြင်ငါးမာရ်အောင်မြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။ ဆဟိ ရသ္မီဟိ-ကြာညိုရောင် မည်းညိုရောင် ပုလဲညိုရောင် ဖဲညိုရောင် မြစိမ်းညိုရောင်အဆင်းကဲ့သို့ ညိုဝင်းသော နီလရောင်ခြည်တော်, နေမင်းအရောင် ရွှေအဆင်းအရောင် ပယင်းအဝါအရောင် သလင်းအဝါအရောင် သလွဲအဝါအရောင် ရွဲအဝါအရောင်ကဲ့သို့ ဝါဝင်းသော ပီတရောင်ခြည် တော်,တိမ်နီရောင် စိန်နီရောင် ကြာနီရောင် ကမ္ဗလာနီရောင် ပတ္တမြားအနီရောင်အဆင်းကဲ့သို့ နီဝင်းသော လောဟိတရောင်ခြည်တော်, ဘောသာခွါရောင် သော်တာလရောင် မကာရ်းအဖြူရောင် ဂွမ်းအဖြူရောင် ပုလဲ အဖြူရောင် ရွဲအဖြူရောင် စံပယ်အဖြူရောင် ကြယ်အဖြူရောင် ဝရဇိန်အဖြူရောင် ပွတ်သစ်စ ခရုသင်းကဲ့သို့ ဖြူဝင်းသော ဩဒါတရောင်ခြည်တော်, မည်းရောင် နီရောင် ညိုရောင်ထည့်လောင်း ယှက်ကူးပေါင်းသဖြင့် မှည့်မောင်း မှိုင်းအုံ ရည်မှုန်သော အဆင်းရှိသော မဉ္ဖိဋ္ဌရောင်ခြည်တော်,မင်းလွင်မြူးခုန် ကဆုန်မာသ သမယ၌ မိုးဝပြင်ကျယ် ကောင်းကင်လယ်က လျှပ်ပန်းနွယ်ယှက်ကူး ပိုးစုန်းကြူးသဏ္ဌာန် မီးပန်းတွေပျံသလို အလျှံတလက်လက် တက်တဲ့ခြည် သက်တဲ့ခြည် ဝဲတဲ့ခြည် ပျံတဲ့ခြည် ဤမှထိုမှ ထိုမှဤမှ ကူးကာပြိုးပြက် တခဲနက်သော ပဘဿရရောင်ခြည်တော် တည်းဟူသော ခြောက်ပါးသော ရောင်ခြည်တော်တို့ဖြင့်။ ဝိရောစတိ-ဖူးမြင်ရသူ နတ်လူဗြဟ္မာ သတ္တဝါဟူသမျှ ဖူးမြော်၍မဝအောင် ခြောက်ရောင်ခြည်စုံဖြာလင်း၍ ထွန်းလင်း တောက်ပတော်မူပါပေ၏ ဧဝမာဒိ ဂုဏောပေတော-ဤသို့ ဆိုအပ်ခဲ့ပြီး ရောင်ခြည်ခြောက်လီ တင့်ထူးစည်သည့် များဘိလုံးစုံ ဂုဏ်ကျေးဇူးတော် အပေါင်းနှင့် ပြည့်စုံတော်မူသော ငါးမာရ်အောင်မြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။ မေ-မမ-ရှင်ပင့်ကိုးဂုဏ် ကြယ်ယုံမပြတ် ပွားများအပ်သော အကျွန်ုပ်၏။ ဝရသီသကေ-ကိုယ်အင်္ဂါတွင် အမြတ်တင်သည့် ဥတ္တမင်္ဂ ဦးသီသ၌။ ဌာတု-မယိမ်းမယိုင် ကျောက်စာတိုင်သို့ ခိုင်ခိုင်မတ်မတ် ရပ်တန့်ရွှင်ပြုံး သီတင်းသုံးတော်မူလှည့်ပါ ရောင်ခြည်တော် နေတနှုန်းတမျှကဲ့သို့ ရွှေဘုန်းတော် အလျှံကြွပါသည့် အောင်တော်မူသခင် အရှင်မြတ်ကြီးဘုရား။


ရောင်ခြည်တော်ဖွင့် ဘုရားပင့်

စတုက္ကရံသိနိက္ခန္တာ ၊ မေရုရာဇာ ဂိရုတ္တမော ။

သောဘတေဝ သကာဘာယ ၊ ဩဘာသယံ သမန္တတော ။

တထေဝ သောဘနော ဗုဒ္ဓေါ ၊ ဆဗ္ဗဏ္ဏရုစိယာ ဘဝံ ။

အနန္တဇုတိမာ ဘန္တော ၊ ဂန္ဃာ မေ ဌာတု သီသကေ ။

ဂိရုတ္တမော-ကမ္ဘာပေါ်တွင် ရှိသမျှ တောင်တကာ့ထွတ်မှူး တောင်ဦးတောင်မြတ်ကြီး ဖြစ်တော်မူပေထသော။ စတုက္ကရံသိနိက္ခန္တာ မေရုရာဇာ-ရွှေ ငွေ မြ ဖလ် လေးတန်ရောင်ခြည် ထွက်လည်ကွန့်မြူး တင့်ထူးလျှံပြိုင် မဏ္ဍိုင် ချက်ဗွေ နေစက်လစက် နက္ခတ်တာရာ ကြယ်တာရာတို့ ဝံယာပတ်ဝိုက် ဦးခိုက်ကြရာ မဟာမြင်းမိုရ်တောင်မင်းသည်။ သကာဘာယ-ဝါဝင်းရောင် ဖြူဝင်းရောင် စိမ်းလဲ့ဝင်းရောင် ဖလ်ဝင်းရောင် မှန်ဝင်းရောင် နေရောင် လရောင် တည်းဟူသော မိမိအရောင်အဝါတို့ဖြင့်။ သမန္တတော-နှစ်ထောင်ကျွန်းငယ် လေးသွယ်ကျွန်းကြီး သီးသီးမွမွ အဏ္ဏဝ လေးသွယ် မြစ်ငယ်ငါးရာ ငါးဖြာမြစ်မ ရှိသမျှအကုန် လုံးစုံဒီပါ ရပ်ဒိသာ၌။ ဩဘာသယံ-ဩဘာသယန္တော-ထွန်းလင်း တောက်ပြောက် မြင်းမိုရ်ရောင်သာစေလျက်။ သောဘတေဝ-သောဘတေ ဣ၀-လေးကျွန်းလုံးအလယ် လွန်တင့်တယ်သကဲ့သို့။ တထေဝ-ထိုမြင်းမိုရ်တောင်ကြီး ပုံမှီးစံယူ အလားတူသာလျှင်။ ဗုဒ္ဓေါ-ဒုက္ခ သမုဒယ နိရောဓနှင့် မဂ္ဂတဖြာ လေးသစ္စာကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် အလိုလို ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရားသည်။ ဆဗ္ဗဏ္ဏရုစိယာ-ကြာညိုရောင် မည်းညိုရောင် ပုလဲညိုရောင် ဖဲညိုရောင် မြစိမ်းညိုရောင် အဆင်းကဲ့သို့ ညိုဝင်းသော နီလရောင်ခြည်တော်, နေမင်းအရောင် ရွှေအဆင်းအရောင် ပယင်းဝါရောင် သလင်းဝါရောင် သလွဲဝါရောင် ရွဲအဝါရောင် အဆင်းကဲ့သို့ ဝါဝင်းသော ပီတရောင်ခြည်တော်, တိမ်နီရောင် စိန်နီရောင် ကြာနီရောင် ကမ္ဗလာနီရောင် ပတ္တမြားအနီရောင် အဆင်းကဲ့သို့ နီဝင်းသော လောဟိတရောင်ခြည်တော်, ဘော်သာ ခွါရောင် သော်တာလရောင် မကာရ်းအဖြူရောင် ဂွမ်းအဖြူရောင် ပုလဲအဖြူရောင် ရွဲအဖြူရောင် စံပယ်အဖြူရောင် ကြယ်အဖြူရောင် ဝရဇိန်အဖြူရောင် ပွတ်သစ်စခရုသင်းကဲ့သို့ ဖြူဝင်းသော ဩဒါတရောင်ခြည်တော်, မည်းရောင် နီရောင် ညိုရောင်ထည့်လောင်း ယှက်ကူးပေါင်းသဖြင့် မှည့်မောင်းမှိုင်းအုံ ရီမှုန်သော အဆင်းရှိကုန်သော မဉ္ဇိဋ္ဌ ရောင်ခြည်တော်, မင်းလွင်မြူးခုန် ကဆုန်မာသ သမယ၌ မိုးဝပြင်ကျယ် ကောင်းကင်လယ်က လျှပ်ပန်းနွယ်ယှက်ကူး ပိုးစုံးကြူးသဏ္ဌာန် မီးပန်းတွေပျံသလို အလျှံတလက်လက် တက်တဲ့ခြည် သက်တဲ့ခြည် ဝဲတဲ့ခြည် ပျံတဲ့ခြည် ဤမှထိုမှ ထိုမှဤမှ လူးလာပြိုးပြက် တခဲနက်သော ပဘဿရရောင်ခြည်တော် တည်းဟူသော ခြောက်သွယ်သော ရောင်ခြည်တော်အပေါင်းတို့ဖြင့်။ သောဘနော-မြင်သူအများ ရှုမအားအောင် ကြွားကြွားဝင့်ဝင့် ငွါးငွါးဆင့်၍ တင့်တယ် တော်မူပေထသော။ ဘန္တေ-ရွှေဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။ အနန္တဇုတိမာ-မြေအဆုံး မိုးအဆုံး စကြ၀ဠာဆုံးအောင် ပြိုင်နှုန်းမပြူ ထွန်းလင်းတောက်ပတော်မူနိုင်ပေထသော။ ဘဝံ-ရှင်တော်မြတ်ဘုရားကြီးသည်။ အာဂန္ဃာ-တရာ့ရှစ်ကွက် ရွှေစက်အစုံ ကြာပဒုံကို ညွှန်ရုံဖြန့်မြန်း ကြွလှမ်းတော်မူခဲ့ပါ၍။ မေ-ငါးဝခန္ဓာ သမူဟာကို ငါငါထင်မှတ် အမိုက်ဇာတ်တွင် မပြတ်ခါခါ ကျင်လည်ရပါသော ဘုရားတပည့်တော်၏။ သီသကေ-လူညွန့်လူဖူး ဆံဦး ဗွေထက် ထိပ်လယ်ချက်၌။ ဌာတု-မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်ခိုင်မတ်မတ် တန့်ရပ်တည်နေတော် မူလှည့်ပါ့ နေတနှုန်းတမျှကဲ့သို့ ရွှေဘုန်းတော်ကြွပါတဲ့ အရှင်မြတ်ကြီးဘုရား။

စိန်ရောင်ခြည် ဘုရားပင့်

အင်္ဂီရသဿ ဥဏ္ဏာယ ၊ ဒါဌာဟိ သေတရံသိယော ။

၀ဇိရာဝ ဝိရောစန္တိ ၊ ဇိနော မေ ဌာတု သီသကေ ။

အင်္ဂီရသဿ-အယုတ်အလတ် အမြတ်ပိုင်းခြား လွန်ကြိုးစားသည့် သုံးပါးဆယ်လီ ပါရမီတော်အဟုန် စာဂီတော်ဂုဏ်တို့ကြောင့် ခြောက်ရောင်စုံကွန့်မြူးလျက် အင်္ဂီရသဆိုတဲ့ ဘွဲ့ထူးကို ချီးကျူးခံ့ခိုင် ဘက်မပြိုင်နိုင်အောင် လက်ကိုင်ရရှိတော်မူသော ငါးမာရ်အောင်ပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏။ ဘမုကန္တရေ-မျက်မှောင်တော်နှစ်သွယ် အလယ်ဗဟိုတည့်တည့်၌။ သဉ္ဇာတာယ-နုဖြူထွားထွား ကောင်းစွာပေါက်ဖွား ဖြစ်ပေါ်၍နေသော။ ဥဏ္ဏာယစ-ဆွဲလို့ ဆန့်လျှင် နှစ်တောင်ခန့်ရှည်လျားသဖြင့် စိန်သားနှစ်အသွင် ငွေနန်းချည်အမျှင်ကဲ့သို့ ဖြူစင်ဝင်းသစ် လက်ယာရစ်ခွေရုံ စိန်ကြယ်ပွင့်အနေပုံလို ဥဏ္ဏလုံခေါ် မွေးရှင်တော်ဓာတ် လွန်ထူးမြတ်သည့် အရပ်တော်မှ၎င်း။ ဒါဌာဟိစ-ပတ္တမြား ခေါင်ရန်း နှင်းဆီပန်းကဲ့သို့ နီမြန်းသော နှုတ်ခမ်းတော်တို့ဖြင့် မပေါ်အောင် ဖုံးပိတ်၍ထားအပ်သော သွားတော်လေးဆယ် စွယ်တော်လေးဆူ ဖြူရာရာအရပ်တို့မှ၎င်း။ သေတရံသိယော-ပုလဲအနှစ် စိန်စစ်နမူ ဘော်ဖြူငွေရွက် ဖြန့်ကြက်စီခြယ် စိန်ကြယ်ရောင်သန်း ကေလာသငွေတောင်ကို နေအရောင်လွှမ်းဘိသကဲ့သို့ မြလေးပန်းစပယ်ငုံ ကြာဖြူပွင့်ဝတ်မှုန်လို ပုံပမာကပ် စိန်တောင်ကို တိမ်ရောင်ဟပ်ဘိသကဲ့သို့ တလျှပ်လျှပ် တဖိတ်ဖိတ် တရိပ်ရိပ် တလည်လည် ထိန်ပြောင်ကြည်သည့် စိန်ရောင်ခြည်ဓာတ် ဖြူဖွေးသောအဆင်းတော်မြတ် တို့သည်။ ဝဇိရာဝ-စိန်နှစ်စိန်သွေး ဖြူဖွေးတောက်ပြောင်စိန်သားတောင်ကြီးကဲ့သို့။ ဝိရောစန္တိ-ဖူးမြင်ရသူတို့၏ စိတ်ဝယ်အထူး ဘဝင်မှာကြည်နူးလောက်အောင် ရွှင်မြူးတက်ကြွ ဘက်မမျှသဖြင့် လှပဆန်းကြယ် တင့်တယ်တော် မူကြပါပေကုန်၏။ သော ဇိနော-ထူးထွေဆန်းလည် စိန်ရောင်ခြည်တို့ကြောင့် အင်္ဂီရသံ ဘွဲ့ထူးခံသည့် ငါးမာရ်အောင်ပြီး ထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။ မေ-မမ-ခန္ဓာငါးဝ သမူဟကို အတ္တသမုတ် အကျွန်ုပ်၏။ သီသကေ-လေးထွေ ဘူတ ကာယကိုယ်တွင် အမြတ်တင်သည့် ဦးပြင်ထိပ်၌။ ဌာတု-မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်ခိုင်မတ်မတ် တန့်ရပ်တည်တော်မူပါ့ စိန်ရောင်ခြည် နေတနှုန်းကဲ့သို့ ရွှေဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။

အစိန္တေယျ ဘုရားပင့်

အစိန္တေယျ အစိန္တေယျ အစိန္တေယျ အပ္ပမေယျ သေဋ္ဌဇေဋ္ဌံ အရဟံ-အနုတ္တရ မည်တော်ရလျက် အရိယာစာဂ စရဏပါရမီ အလီလီရှိ ဗောဓိသမ္ဘာရ ဂုဏအပေါင်း မြင့်ညောင်းသမ္ဘာ လေးဖြာသင်္ချေ လွန်လေတသိန်း မတိမ်းမဖင့် ဖြည့်ကျင့်ရွက်ဆောင် အောင်ရာဌာနီ သုံးလီခေတ္တ ဘ၀သုံးစုံ သုံးပါးဘုံ၌ တစုံတရာ ဗြဟ္မာနတ်လူ သူရာမာရ်မင်း ရန်ခပင်းတို့ နှိမ်နင်းဖြိုဖျက် လုယက်တွန်းလှန် ကြံရန်မစွမ်း သောင်းခန်းလောကဓာတ် သုံးရပ်ကျက်သရေ အောင်မြေသာခေါင် ရွှေညောင်မဏ္ဍိုင် ရန်နိုင်သာဘိ အပရာဇိတပလ္လင် ရွှေဦးကင်ထက် မဂ္ဂင်ရှစ်ပါး တရားရိပ်ဖြူ လှစ်တော်မူလျက် လေးဆူသီလ တိကသိက္ခာ ဝိဇ္ဇာသုံးရပ် ဆင့်လတ်ရှစ်တန် ဘိညာဏ်ခြောက်လီ သမ္ဘီဒါလေးရပ် သမာပတ်ကိုး တန်ခိုးရှစ်ဦး ဘုန်းထူးခြောက်လီ ခုနစ်မည်ဝိသုဒ္ဓိ ဗောဓိပက္ခိယ ဓမ္မကရိုဏ်း ရန်နိုင်ကိုယ်ရုံ ဗိုလ်လုံးစုံကို အုပ်ချုပ်စိုးယူ ဂေါတြဘူဝေါဒါန် အရဟံမဂ် သန်လျက်ရတနာ ယဉ်လေးဖြာဖြင့် သံသရာရဟတ် ကျင်လည်စေတတ် နှိပ်စက်တတ်ပေ ကိလေရမ္မက် သုံးထောင်ဝက်ကို ပယ်ဖျက်တွန်းလှန် အောင်ပွဲခံ၍ ခြောက်တန်အသာဓာရဏ စတုဝေသာရဇ္ဇ ဒသဗလ ဉာဏတလီ စသည်ကျေးဇူး ဂုဏ်တော်ထူးဖြင့် မြွက်ကျူးပြီးပိုင် မ,ချီနိုင်၍ စိုးပိုင်နှိမ်နင်း အမင်းမင်းတို့ သစ်ကင်းကြည်နူး အထူးတလည် တင့်တယ်ဆန်းပြား ခြယ်လှယ်ထားသည့် ပတ္တမြားစိန်ခဲ ပုလဲသန္တာ နီလာဂေါ်မုတ် ဥဿဖယား ရွှေငွေအားဖြင့် ကိုးပါးရတနာ မြွစီသွန်းခပ် လုပ်ဆောင်အပ်သည့် သင်းကျစ်ဦးခိုက် ဖိုးထိုက်နဂ္ဃ အနန္တလျှင် အဝိညာဏက သက်မျှကင်းကွာ မြတ်ရတနာတွင် မင်္ဂလာခေါင် ပုံဆောင်တုနှိုင်း နှိုင်းခိုင်းမအပ် မင်းမြတ်အများ ဦးဖျားထိပ်ပြင် ဆင်ယင်စိုက်ထူ သရဖူနွဲ့ညွတ် မကိုဋ်ထွတ်၌ သွင်းသွတ်စေအပ် မြိစ္ဆာညှပ်၍ တင်အပ်ရတနာ စိန္တမဏိ ဇောတိရသ်ပတ္တမြား စိန်ဖူးဖျား၌ ဖဝါးနှစ်မြွှာ ရွှေစကြာဖြင့် စိုက်ကာထိပါး ကြွသွားတင့်တယ် စံပယ်ခြင်းငှါ ထိုက်ပေရာ၏။ အသုရာမှတ် များနတ်ဒေဝါ ဗြဟ္မာသိကြား နဂါးဂဃုန် ကုမ္ဘဏ်ဂန္ဓဗ် စက္ကဝတ်သေဌ်နင်း အမင်းမင်းတို့သခင် ဗောဇ္ဈင်စက္ကရတ် သူမြတ်တကာတို့၏ အဓိပတိ အပရိမာဏ အနန္တဂုဏ်အင် ရွှေဉာဏ်ရှင်ဟု မဂ္ဂင် ပါရဂူ ဖြစ်တော်မူသည့် သုံးဘုံသူဧကရာဇ် ရှင်ချစ်ဇိနော် မြတ်ကိုယ်တော်ဘုရား။

သုံးပါးအာဏာ ဒွါဒသင်္ဂါ သုံးဖြာအစပ် လေးရပ်အလွှာ ခြင်းရာနှစ်ဆယ် သုံးသွယ်ဝဋ္ဋ အာဗဒ္ဓဟု မြစ်မနှစ်မြွာ သံသရာ၌ ခန္ဓာပင်စည် တလည်လည်ဖြင့် ကြာရှည်နစ်မွန်း ပင်ပန်းကြသော တပည့်တော်တို့မှာ ထိုသံသရာစက် ဝဲဂယက်မှ ကူးထွက်လိုလှ ဆန္ဒအာသီ အတီတာနန္တရ ဣဒ္ဓပ္ပစ္စယတာ ကြမ္မာပီဠိတ် ဝိပရိတ်ကြောင့် ဧတ္တိစ္ဆာနု ရှေးသူ့ပညတ် ဥပါဒ် ဌီ ဘင် သုံးအင်တိုင်ကျ စမ္မခန်းယမ္မခန်း လွန်းစန်းပြတ်ကြိမ် ဆိန္နရိတ်ဘိန္နရိတ် အနိဠိသူလာ နမန္တာသုသာန် သုံးတန်ကဏ္ဍ ပါပရန်လား ဂြိုဟ်စားဂြိုဟ်နင်း ယိုယွင်းဒသာ ဇာတာမသန့် စန်းတန့်လဂ်စီး တိတ်ကြီး တဘောင် သူယောသူပျက် အိပ်မက်ခံမည် သံကျည်းငှက်ပင် ဒုမင်္ဂလ ဒုန္နိမိတ္တ ဟူသမျှတို့ ရတနတ္တယ နုဘာဝဂုဏ် ဘုန်းတော်ဟုန်ကြောင့် တစုံတခု မြူဏုဆံခြမ်း ရန်မသမ်းဘဲ ဘေးဘျမ်းအန္တရာယ် အသွယ်သွယ်တို့မှ စင်ကြယ်သန့်ရှင်း ကင်းစေလိုပါ စေတနာနှင့် သမ္မာဆန္ဒ ဥဿာဟဖြင့် အစိန္တေယျ လောကဥက္ကဋ္ဌ် ဘုရားမြတ်သည် လျောက်ပတ်လှစွာ ဗုဒ္ဓါသန သေဋ္ဌဘူမိ အပရာဇိဗိမာန် တန်ခွန်ဆီမီး ထီးနှင့်တကွ မွှေးစွကြိုင်လျှမ်း ဆွမ်းပန်းဩဇာ မြိုက်ရသာကို ကပ်လှူလိုပါသည်ဖြစ်၍ မြတ်စွာဘုန်းမော် ကိုယ်တော်အရှင်သည် မည်တွင်မှတ်သား ဒါယကာ ဒါယိကာမများ၏ အလှူကိုလည်း ခံတော်မူရန် ကြွလာတော်မူပါမည့်အကြောင်း လက်ဆယ်ဖြာညွတ်ပြောင်း၍ တောင်းပန်လျှောက်ကြား အသနားတော်မြတ်ခံဝံ့ပါသည် အရှင်မြတ်ဘုရား။

မြကြိုးနွယ် ဘုရားပင့်

သိရိန္ဓရဿ ဥဏ္ဏာယ ၊ သရီရတော ပဘဿရော ။

မဏိကာဝ ဝိရောစေန္တိ ၊ ဗုဒ္ဓေါ မေ ဌာတု သီသကေ ။

သိရိန္ဓရဿ-နေလရွှေမြ ဂဟေသ၍ ဝေကြွမက်မပြေ လက်လက်ပြောင်ပြောင် ကျက်သရေကိုလည်း ဆောင်တော်မူပေထသော။ သရီရတော-ဝင်းဝါရွှေတောင် နေရောင်ဟပ်သလို မြတ်ရွှေကိုယ်၏။ ဥဏ္ဏာယ-သုံးရက်လသဖွယ် ခုန်းမျက်စ နှစ်သွယ်၏အလယ်၌ တင့်တယ်ရောင်ဖြာ နှစ်တောင့်ထွာပမာဏ ကြီးစရောင်စုံ ဥဏ္ဏလုံခေါ် မွေးတော်ရှင်ဓာတ် လွန်ထူးမြတ်သော အရပ်မှ၎င်း။ ပဘဿရာ-ပြိုးပြိုးပြောင်ပြောင် တိမ်တောင်တွေဟပ် လျှပ်လျှပ်ရောင်စုံ အံ့ချီး၍မကုန်အောင် အစုံစုံပေါ်ထွက်လျက်ရှိသော။ မဏိကာဝ-အစိမ်းရောင်က တဖြာ, အဝါရောင်က တလှည့်, ရတနာရွှေတောင်ကို နေအရောင် ဟပ်သကဲ့သို့ ပြောင်တဲ့ခြည်, ဝင်းတဲ့ခြည်, သင်းတဲ့ခြည်, လင်းတဲ့ခြည်ထိန်ဝဲ စိန်စားပွဲပေါ်မှ ဘော်သာခွါ ငွေကလပ်နှင့် ရွှေတရပ်မွေ့ရာဝယ် ကျောက်ရတနာ မြတင်ကာပြလို့ အလှတန်ခိုးကြွယ်သည့် မြကြိုးနွယ်ရောင်တော်ရှင်တို့သည်။ ဝိရောစေန္တိ-ဖူးမြင်ရသူ ကြည်ဖြူမြတ်လေး ဘဝင်အေးအောင် တင့်တယ်ထွန်းပတော်မူပါကုန်၏။ သော ဗုဒ္ဓေါ-အလှတန်ခိုးကြွယ်သည့် မြကြိုးနွယ် ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ မေ-ငါးပါးခန္ဓာ ရွံစရာကို လွန်စွာထင်လွဲ မြင်စွဲသွေချော် တပည့်တော်၏။ သီသကေ-ကိုယ်ဒြပ်တွင် အမြတ်တင်သည့် ဦးပြင်ထိပ်ထက်၌။ ဌာတု-မဏ္ဍိုင်မေရု အခြေစုသဖြင့် အသရေယခု ကြွတဲ့အောင် မားမားကြီး ရပ်တန့်တည်နေတော်မူလှည့်ပါ အလှတန်ခိုးကြွယ်သည့် မြကြိုးနွယ် အရှင်သူမြတ်ဘုရား။


ဆက်စပ်ဖတ်ရှုရန်

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.