သစ္စာလေးပါး

သစ္စာလေးပါးသည် ပါဠိဘာသာအားဖြင့် အရိယသစ္စာ ဟု ခေါ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော သဘောတရားတစ်ခု ဖြစ်သည်။ အကျဉ်းအားဖြင့် ဆိုလျှင် - ဒုက္ခသစ္စာ - ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။ သမုဒယသစ္စာ - သမုဒယသည် 'ဒုက္ခ'ကိုဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။ နိရောဓသစ္စာ - ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။ မဂ္ဂသစ္စာ - နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

ဓမ္မစကြာ နိဒါန်း[ပြင်ဆင်ရန်]

ဧဝံမေသုတံ - ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ -

အခါတပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနအမည်ရသည့် သားသမင်တို့ကို ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ သီတင်းသုံး စံနေတော်မူဆဲဖြစ်၏။ မြတ်စွာဘုရားသည် သဟမ္ပပတိအမည်ရှိ မဟာဗြဟ္မာ၏ လျောက်ထားတောင်းပန်ချက်အရ ပဉ္စဝဂ္ဂီရဟန်းတို့ကို ဓမ္မစကြာ ဟောမိန့်တော်မူ၏။

ဒုက္ခသစ္စာ

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ - ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏံပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ ဤတွင် ညွှန်းဆိုသော ဒုက္ခ ဟူသော စကားလုံးသည် လူအများနေ့စဉ်သုံးစွဲနေသည့် အဓိပ္ပါယ်နှင့် မတူပါ။ ဗုဒ္ဓဘာသာ ရဟန်းများ တရားဟောသည့်အခါတွင် 'မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ချစ်ခင်သူနှင့် ကွဲကွာခြင်း၊ မနှစ်သက်သူနှင့် အတူနေရခြင်း တို့သည့် ဒုက္ခဖြစ်သည်'ဟု မကြာခဏဟောကြားလေ့ရှိသည်။ အကျဉ်းအားဖြင့် တဏှာ၊ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းရာအာရုံဖြစ်ကုန်သော ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခတို့တည်း။ အမှန်တကယ်လည်း အဆိုပါ ဥပမာပေးချက်များသည် ဒုက္ခဖြစ်သော်လည်း ဒုက္ခ၏ သဘောမှာ ၎င်းဥပမာများထက် များစွာနက်နဲသည်။ အဖန်တလဲလဲ ဖြစ်ခြင်း ပျက်ခြင်း သဘောရှိသော ရုပ်နာမ်ခန္ဓာ အားလုံးသည် ဒုက္ခ ဖြစ်သည်။ ပုထုဇဉ်တစ်ယောက်အနေဖြင့် မွေးဖွားစဉ်မှ သေဆုံးသည့် ကြားကာလ ဘဝတွင်ကြုံတွေ့ရသမျှ အားလုံးသည် ဒုက္ခဖြစ်သည်။ တစ်နည်းအားဖြင့် ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ စသည်တို့သည် ဒုက္ခသစ္စာများ ဖြစ်ကြသည်။

ဇာတိ

သတ္တဝါများ ဘဝတစ်ခုမှ တစ်ခုသို့ ပြောင်းလဲနေခြင်း၊ မိခင်၏ ဝမ်းတွင်းဝယ် နေရခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ထင်ရှားစွာ တခုပြီးတစ်ခု ဖြစ်ပေါ်လာခြင်း တို့သည် ဇာတိ ဖြစ်သည်။

ဇရာ

သတ္တဝါများ အသက်အရွယ် အိုမင်းလာခြင်းသည် ဇရာ ဖြစ်သည်။

မရဏ

သတ္တဝါများ သေကြေပျက်စီးခြင်းသည် မရဏ ဖြစ်သည်။

သောက

တစ်စုံတစ်ခုသော ကိစ္စကြောင့် ဖြစ်စေ၊ မိမိကိစ္စကြောင့် ဖြစ်စေ၊ သူတစ်ပါးကိစ္စကြောင့် ဖြစ်စေ စိုးရိမ်ပူပန်ခြင်းသည် သောက ဖြစ်သည်။

ပရိဒေဝ

တစ်စုံတစ်ခုသော ကိစ္စကြောင့် ဖြစ်စေ၊ မိမိကိစ္စကြောင့် ဖြစ်စေ၊ သူတစ်ပါးကိစ္စကြောင့် ဖြစ်စေ ငိုကြွေးခြင်းသည် ပရိဒေဝ ဖြစ်သည်။

ဒုက္ခ

သတ္တဝါများသည် ခန္ဓာကိုယ်ကြီးကို အမြဲပြုပြင်နေရသည့် ဆင်းရဲခြင်းသည် ဒုက္ခ ဖြစ်သည်။

ဒေါမနဿ

သတ္တဝါများသည် စိတ်အလိုမကျသောအခါ စိတ်ဆင်းရဲခြင်းသည် ဒေါမနဿ ဖြစ်သည်။

ဥပါယာသ

သတ္တဝါများသည် အမှုကိစ္စများ ဆောင်ရွက်ခြင်းကြောင့် ပင်ပန်းခြင်း၊ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံသောအခါ ပင်ပန်းခြင်း၊ ပြုလုပ်ခဲ့သော ကိစ္စများကို စဉ်းစားကာပင်ပန်းခြင်း၊ သူတစ်ပါးလုပ်ခဲ့သော ကိစ္စများအတွက် ပင်ပန်းရခြင်း စသည်တို့သည် ဥပါယာသ ဖြစ်သည်။

သမုဒယသစ္စာ

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ - ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ၊ သေယျထိဒံ - ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ။ ဘဝတွင် အဖန်တလဲလဲ အသစ်ဖြစ်စေသော စွဲလမ်းခြင်း၊ တွယ်ငြိခြင်း(တဏှာ)သည် ဒုက္ခကို ဖြစ်စေသော အကြောင်းအရင်းဖြစ်သည်။ တဏှာ တွင် သုံးမျိုးရှိသည်။ ကာမတဏှာ (ကာမဂုဏ်အာရုံများတွင် တပ်မက်ခြင်း)၊ ဘဝတဏှာ (ဘဝကို တပ်မက်ခြင်း)၊ ဝိဘဝတဏှာ (ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်ခြင်း)

ကာမတဏှာ

ကာမဂုဏ်အာရုံများတွင် တွယ်ငြိခြင်းသည် ကာမတဏှာဖြစ်သည်။ ကောင်းမွန်သော အရသာ၊ ကောင်းမွန်သော အာရုံများကို ခံစားလိုခြင်း ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်လိုခြင်း၊ လိင်တူ လိင်ကွဲများကို တပ်မက်ခြင်း စသည့် အမျိုးမျိုးသော စွဲလမ်းတွယ်ငြိမှုများသည် ကာမတဏှာ ဖြစ်သည်။ ဒုက္ခကို ဖြစ်စေသော အကြောင်းအရင်းတစ်မျိုးဖြစ်သည်။

ဘဝတဏှာ

ဘဝကို တွယ်ငြိခြင်းသည် ဘဝတဏှာ ဖြစ်သည်။ ရှင်သန်နေထိုင်ရသည့် ဘဝကို လိုလားတောင့်တပြီး ဘဝသည် မပြတ်မဆဲဘဲ အကြိမ်အကြိမ်အဖန်ဖန် ဖြစ်သည်ဟု မှတ်ယူခြင်းဖြစ်သည်။

ဝိဘဝတဏှာ

သေဆုံးလျှင် ဘဝပြီးပြတ်သည်ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိ နှင့်တကွဖြစ်သော တဏှာသည် ဝိဘဝတဏှာဖြစ်သည်။

နိရောဓသစ္စာ

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ - ယော တဿာယေဝ တဏှာယ အသေသဝိရာဂ နိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။ ဒုက္ခမှလွတ်မြောက်ပြီး ငြိမ်းအေးခြင်းဖြစ်သော တရားသည် အမှန်တကယ်ရှိသည်။ ဒုက္ခဖြစ်သည့် ရှင်သန်ခြင်း ဇာတိဘဝကို အဖန်တလဲလဲဖြစ်စေသည့် စွဲလမ်းတပ်မက်မှု ကိလေသာ တဏှာတို့ ချုပ်ငြိမ်းသည့် နိဗ္ဗာန်သည် ငြိမ်းအေးခြင်းအစစ်အမှန်ဖြစ်သည်။

မဂ္ဂသစ္စာ

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ အရိယသစ္စံ - အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ - သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။ ငြိမ်းအေးခြင်းဖြစ်သော နိဗ္ဗာန်သို့သွားရာ ကျင့်စဉ်နည်းလမ်းသည် အမှန်တကယ်ရှိသည်။ ၎င်းတို့မှာ မဂ္ဂင်ရှစ်ပါးဟု ခေါ်သည့် နည်းလမ်း ရှစ်ခုဖြစ်သည်။

  • မှန်ကန်သော အမြင်(သမ္မာဒိဋ္ဌိ)
  • မှန်ကန်သော ကြံစည်မှု(သမ္မာသင်္ကပ္ပ)
  • မှန်ကန်သော စကား(သမ္မာဝါစာ)
  • မှန်ကန်သော အလုပ်(သမ္မာကမ္မန္တ)
  • မှန်ကန်သော အသက်မွေးမှု(သမ္မာအာဇီဝ)
  • မှန်ကန်သော အားထုတ်မှု(သမ္မာဝါယာမ)
  • မှန်ကန်သော အောက်မေ့မှု(သမ္မာသတိ)
  • မှန်ကန်သော တည်ကြည်မှု(သမ္မာသမာဓိ) တို့ဖြစ်ကြသည်။

သမ္မာဒိဋ္ဌိ

ဒုက္ခကို သိမြင်ခြင်း၊ ဒုက္ခကိုဖြစ်စေသည့်အကြောင်းကို သိမြင်ခြင်း၊ ဒုက္ခချုပ်ငြိမ်းရာကို သိမြင်ခြင်း၊ ဒုက္ခ၏ ချုပ်ငြိမ်းစေသည့် အကျင့်တို့ကို သိမြင်ခြင်း စသည်တို့ကို မှန်စွာသိမြင်ခြင်း(သမ္မာဒိဋ္ဌိ) ဟူ၍ဆိုနိုင်သည်။

သမ္မာသင်္ကပ္

ကာမအာရုံမှ လွတ်ကင်းစွာ ကြံစည်ခြင်း၊ ဖျက်ဆီးခြင်းမှ လွတ်ကင်းစွာ ကြံစည်ခြင်း၊ ညှဉ်းဆဲခြင်းမှ လွတ်ကင်းစွာ ကြံစည်ခြင်း စသည်တို့ကို မှန်စွာကြံခြင်း(သမ္မာသင်္ကပ္ပ) ဟူ၍ဆိုနိုင်သည်။

သမ္မာဝါစာ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သမ္မာဝါစာ

မဟုတ်မမှန် ပြောခြင်းမှ ကြဉ်ရှောင်ခြင်း၊ ကုန်းစကားမှ ကြဉ်ရှောင်ခြင်း၊ ရုန့်ကြမ်းတမ်းသော စကားမှကြဉ်ရှောင်ခြင်း၊ သိမ်ဖျင်းသော စကားမှ ကြဉ်ရှောင်ခြင်း စသည်တို့ကို မှန်ကန်သော စကား(သမ္မာဝါစာ) ဟူ၍ဆိုနိုင်သည်။

သမ္မာကမ္မန္တ

သူတပါး၏ အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်ခြင်း၊ ကာမဂုဏ်တို့ကို မှားယွင်းစွာ ကျင့်ခြင်းမှ ကြဉ်ရှောင်ခြင်း စသည်တို့ကို မှန်စွာပြုလုပ်ခြင်း(သမ္မာကမ္မန္တ)ဟူ၍ဆိုသည်။

သမ္မာအာဇီဝ

ဒုစရိုက်အမျိုးမျိုးကိုရှောင်ကျဉ်ပီး စစ်မှန်သန့်ရှင်းသောကိုယ်ကာယစွမ်းအား ညာဏစွမ်းအားဖြင့်အသက်မွေးဝမ်းကြောင်းပြုသည်။

သမ္မာဝါယာမ

မဖြစ်သေးသော အကုသိုလ်တို့ကို မဖြစ်အောင် အားထုတ်ခြင်း၊ အကုသိုလ်တို့ကို ပယ်သတ်နိုင်အောင် အားထုတ်ခြင်း၊ မရရှိသေးသော ကုသိုလ်တို့ကို ရရှိအောင် အားထုတ်ခြင်း၊ ရရှိပြီးသော ကုသိုလ်တို့ကို တည်မြဲကာ တိုးပွားအောင် အားထုတ်ခြင်း တို့သည် သမ္မာဝါယာမ ဖြစ်သည်။

သမ္မာသတိ

ကိုယ်အတွင်း ဖြစ်ပေါ်နေသော ဖြစ်ပျက်နေမှုများ၊ ထိတွေ့ခံစားရမှုများ၊ စိတ်အတွင်း ဖြစ်ပေါ်နေသည်များကို တရားရှုမှတ်ကာ အဖြစ်အပျက်တို့အား သတိဖြင့် စောင့်ကြပ်ကြည့်ရှုခြင်းသည် သမ္မာသတိ ဖြစ်သည်။

သမ္မာသမာဓိ

မှန်ကန်သော အားထုတ်မှု၊ မှန်ကန်သော အောက်မေ့မှတ်သားမှု၊ မှန်ကန်သော တည်ငြိမ်မှု စသည့် သုံးပါးသော စိတ်ကိုဆုံးမသည့် သိက္ခာရပ်များသည် သမ္မာသမာဓိ ဖြစ်သည်။

သမ္မာသမာဓိသုတ်


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.