နှစ်ကျိပ်ရှစ်ဆူ

နှစ်ကျိပ်ရှစ်ဆူ ဆိုသည်မှာ ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဒိတ်ပေးသော “ဒီပင်္ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ဘုရားရှင် ၂၈ - ဆူ ကို ဆိုလိုသည်။ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်း နှင့် စေတီတော် များတွင် နှစ်ကျိပ်ရှစ်ဆူ ဘုရား ဆင်းတုတော် များရှိကြသည်။

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ
ဆူးလေဘုရားမှ နှစ်ကျိပ်ရှစ်ဆူ ဘုရား ဆင်းတုတော်များ

ပွင့်တော်မူပြီးသော ဘုရားရှင်များ

ဆုံးစမထင်သော သံသရာ တစ်လျှောက်တွင် ဂင်္ဂါဝါလု သဲစုမကသော ဘုရားများ ပွင့်ခဲ့ကြသည်။[1]

အဆူဆူသော ဘုရားရှင်တို့၏ ဖြစ်တော်စဉ်

၁။ ဤကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ ...တဏှင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း၊ မေဓင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ သရဏင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ ဒီပင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း ထိုလေးဆူသော မြတ်စွာဘုရားတို့သည် တစ်ခုတည်းသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကုန်၏။ သာရမဏ္ဍကမ္ဘာသည် ဘုရား ၄ ဆူပွင့်သော ကမ္ဘာဖြစ်သည်။

၂။ ဒီပင်္ကရာမြတ်စွာဘုရား၏ နောက်အဖို့၌ ကောဏ္ဍညမည်သော မြတ်စွာဘုရားသည် တစ်ခုသော သာရကမ္ဘာ၌ တစ်ဆူတည်းသာလျှင် ပွင့်တော်မူ၍ များစွာသော သတ္တဝါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။

၃။ ထိုဒီပင်္ကရာမြတ်စွာဘုရားနှင့် ကောဏ္ဍညမြတ်စွာဘုရားတို့၏ အကြား၌ ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။ ထိုကာလကို ဂေါတမဘုရားလောင်း၏ ပါရမီဖြည့်ကာလ ၁ အသင်္ချေဟုသတ်မှတ်သည်။ ၄ အသင်္ချေနှင့် ကမ္ဘာ တစ်သိန်းကာလအတွက် ပထမ အသင်္ချေဖြစ်သည်။

၄။ ကောဏ္ဍညမြတ်စွာဘုရား၏ နောက်အဖို့၌ မင်္ဂလမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။ ထိုကာလကို ဂေါတမဘုရားလောင်း၏ ပါရမီဖြည့်ကာလ ၄ အသင်္ချေနှင့် ကမ္ဘာ တစ်သိန်းကာလအတွက် ဒုတိယ အသင်္ချေဖြစ်သည်။

၅။ မင်္ဂလမြတ်စွာဘုရားသည် လည်းကောင်း၊ သုမနမြတ်စွာဘုရားသည် လည်းကောင်း၊ ရေဝတမြတ်စွာဘုရားသည် လည်းကောင်း၊ သောဘိတမြတ်စွာ ဘုရားသည် လည်းကောင်း စက္ခု (ငါးမျိုး) ရှိတော်မူကုန်သော အလင်းရောင်ကို ပြုတော်မူတတ်ကုန်သော ထိုမြတ်စွာဘုရားတို့သည်လည်း တစ်ခုသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကြကုန်၏။ သာရမဏ္ဍကမ္ဘာသည် ဘုရား ၄ ဆူပွင့်သော ကမ္ဘာဖြစ်သည်။

၆။ သောဘိတမြတ်စွာဘုရား၏ နောက်အဖို့၌ များသော အခြံအရံရှိသော အနောမဒဿီ မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။ ထိုကာလကို ဂေါတမဘုရားလောင်း၏ ပါရမီဖြည့်ကာလ ၄ အသင်္ချေနှင့် ကမ္ဘာ တစ်သိန်းကာလအတွက် တတိယ အသင်္ချေဖြစ်သည်။

၇။ အနောမဒဿီမြတ်စွာဘုရားသည် လည်းကောင်း၊ ပဒုမမြတ်စွာဘုရားသည် လည်းကောင်း၊ နာရဒ မြတ်စွာဘုရားသည် လည်းကောင်း သစ္စာလေးပါးကို သိတော်မူကြကုန်သော အမိုက်မှောင်၏ အဆုံးကို ပြုတတ်ကုန်သော ထိုမြတ်စွာ ဘုရားတို့သည်လည်း တစ်ခုသော ဝရကမ္ဘာ၌ ပွင့်တော်မူကုန်၏။ ဝရကမ္ဘာသည် ဘုရား ၄ ဆူပွင့်သော ကမ္ဘာဖြစ်သည်။

၈။ နာရဒမြတ်စွာဘုရား၏ နောက်အဖို့၌ ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် တစ်ခုသော သာရကမ္ဘာ၌ ပွင့်တော်မူလျက် များစွာသော သတ္တဝါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။

၉။ နာရဒမြတ်စွာဘုရားနှင့် ပဒုမုတ္တရမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။ ထိုကာလကို ဂေါတမဘုရားလောင်း၏ ပါရမီဖြည့်ကာလ ၄ အသင်္ချေနှင့် ကမ္ဘာ တစ်သိန်းကာလအတွက် စတုတ္ထ အသင်္ချေဖြစ်သည်။

၁၀။ ကမ္ဘာတစ်သိန်းထက်၌ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ်ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။ ပဒုမုတ္တရမြတ်စွာဘုရားမှနေ၍ ယနေ့ ကမ္ဘာအထိကို ဂေါတမဘုရားလောင်း၏ ပါရမီဖြည့်ကာလ ၄ အသင်္ချေနှင့် ကမ္ဘာ တစ်သိန်းကာလအတွက် ရေတွက်၍ရသော ကမ္ဘာတစ်သိန်းဖြစ်သည်။

၁၁။ ပဒုမုတ္တရမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာသုံးသောင်းထက်၌ သုမေဓမြတ်စွာဘုရား သည် လည်းကောင်း၊ သုဇာတမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။

၁၂။ သုဇာတမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာ တစ်ထောင့်ရှစ်ရာထက်၌ (နိဗ္ဗာန်သို့) ပို့ဆောင်တော်မူတတ်ကုန်သော ပိယဒဿီ၊ အတ္ထဒဿီ၊ ဓမ္မဒဿီ အားဖြင့် သုံးဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။

၁၃။ သုဇာတမြတ်စွာဘုရား၏ ဤမှာဘက်၌ ကိုယ်‌တိုင် သစ္စာလေးပါးကို သိတော်မူကုန်သော ခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူကုန်သော လောက၌ ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော်မမူကုန်သော ထိုပိယဒဿီစသော မြတ်စွာဘုရားတို့သည် တစ်ခုသော ဝရကမ္ဘာ၌ ပွင့်တော်မူကြကုန်၏။

၁၄။ ဤကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ လောကသုံးပါးကို သိတော်မူသော (ကိလေသာ) ညှောင့်ကို နှုတ်ပယ်တော်မူတတ်သော အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။

၁၅။ ဤကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ တူသောသူ ရှိတော်မမူကုန်သော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော်မမူကုန်သော တိဿမြတ်စွာဘုရားသည် လည်းကောင်း၊ ဖုဿမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။

၁၆။ ဤကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဝိပဿီမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ သနားခြင်း ကရုဏာ ရှိတော်မူသော ထိုမြတ်စွာဘုရားသည်လည်း သတ္တဝါတို့ကို သံယောဇဉ်အနှောင်အဖွဲ့မှ လွတ်စေတော်မူ၏။

၁၇။ ဤကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ တူသောပုဂ္ဂိုလ် ရှိတော်မမူသော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော်မမူကုန်သော သိခီမြတ်စွာဘုရားသည် လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။

၁၈။ ဤဘဒ္ဒကမ္ဘာ၌ ကကုသန်မြတ်စွာဘုရားသည် လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရားသည် လည်းကောင်း၊ ကဿပမြတ်စွာဘုရားသည် လည်းကောင်း သုံးဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။

၁၉။ ယခုအခါ ငါသည် ဘုရားဖြစ်တော်မူ၏၊ မေတ္တေယျမြတ်စွာဘုရားသည်လည်း (နောက်၌) ပွင့်တော်မူလတ္တံ့၊ ပညာရှိတော်မူကုန်သော လောကကို အစဉ် သနား စောင့်ရှောက်တော်မူတတ်ကုန်သော ဤငါးဆူသော မြတ်စွာဘုရားတို့သည်လည်း ဤဘဒ္ဒကမ္ဘာ၌ပင် ပွင့်တော်မူကြကုန်၏။

၂၀။ ဤတရားမင်း မြတ်စွာဘုရားတို့သည် လည်းကောင်း၊ အကုဋေမကများစွာသော အခြား တစ်ပါးသော မြတ်စွာဘုရားတို့သည် လည်းကောင်း ထိုဗုဒ္ဓဝင် အကျင့်လမ်းကို ဟောကြားပြီးလျှင် ထိုမြတ်စွာဘုရားတို့သည် တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန် ပြုတော်မူကြလေကုန်ပြီ။[2]


နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်များ

ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာတွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဒိတ်ပေးသော “ ဒီပင်္ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာတွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ဘုရားရှင် ၂၈ - ဆူ ရှိလေသည်။ ဤဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။

ဂေါတမ ဘုရားလောင်း ဗျာဒိတ်ခံယူသော ကမ္ဘာမှစ၍ ပွင့်တော်မူသော ဘုရားရှင်များ၏ အမည်တော်တို့ဖြစ်သည်။

  1. တဏှင်္ကရာဘုရား - ဒုက္ကရစရိယာ ၇-ရက်၊ စရီးပင် (တောင်မရိုးပင်) ဗောဓိ၊ သက်တော်တစ်သိန်း နေတော်မူ၏။
  2. မေဓင်္ကရာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ပေါက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
  3. သရဏင်္ကရာဘုရား-ဒုက္ကရစရိယာ တစ်လ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။
  4. ဒီပင်္ကရာဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ညောင်ကြပ်ပင် ဗောဓိ၊ သက်တော် တစ်သိန်း။
  5. ကောဏ္ဍညဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကြောင်လျှာပင် ဗောဓိ၊ သက်တော် တစ်သိန်း။
  6. မင်္ဂလဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
  7. သုမနဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
  8. ရေဝတဘုရား-ဒုက္ကရစရိယာ ၇-လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ခြောက်သောင်း။
  9. သောဘိတဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
  10. အနောမဒဿီဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ထောက်ကြံ့ပင် ဗောဓိ၊ သက်တော် တစ်သိန်း။
  11. ပဒုမဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် တစ်သိန်း။
  12. နာရဒဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
  13. ပဒုမုတ္တရဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ထင်းရူးပင် ဗောဓိ၊ သက်တော် တစ်သိန်း။
  14. သုမေဓာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ထိန်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
  15. သုဇာတဘုရား-ဒုက္ကရစရိယာ ကိုးလ ၊ ဝါးပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
  16. ပီယဒဿီဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေခတက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
  17. အတ္တဒဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ စကားပင် ဗောဓိ၊ သက်တော် တစ်သိန်း။
  18. ဓမ္မဒဿီဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ လိပ်ဆူးရွှေပင် ဗောဓိ၊ သက်တော် တစ်သိန်း။
  19. သိဒ္ဓတ္ထဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ မဟာလှေကားပင် ဗောဓိ၊ သက်တော် တစ်သိန်း။
  20. တိဿဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ပိတောက်ပင် ဗောဓိ၊ သက်တော် တစ်သိန်း။
  21. ဖုဿဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ သျှိသျှားပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
  22. ဝိပဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။
  23. သိခီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သရက်ဖြူပင် ဗောဓိ၊ သက်တော် ခုနစ်သောင်း။
  24. ဝေဿဘူဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ အင်ကြင်းပင်ဗောဓိ၊ သက်တော် ခြောက်သောင်း။
  25. ကကုသန်ဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကုက္ကိုပင် ဗောဓိ၊ သက်တော် လေးသောင်း။
  26. ကောဏဂုံဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေသဖန်းပင် ဗောဓိ၊ သက်တော် သုံးသောင်း။
  27. ကဿပဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ပညောင်ပင် ဗောဓိ၊ သက်တော် နှစ်သောင်း။
  28. ဂေါတမဘုရား-ဒုက္ကရစရိယာ ခြောက်နှစ်ကြာ၊ ညောင်ဗုဒ္ဓဟေပင်ရင်း၌ ပွင့်တော်မူသည်၊ သက်တော် ရှစ်ဆယ် နေတော်မူသည်။

ထူးခြားချက်

နှစ်ကျိပ်ရှစ်ဆူသော ဘုရားကိုယ်တော်မြတ်များသည် တနင်္ဂနွေသား (၄) ဆူ ၊တနင်္လာသား(၄)ဆူ …(၇)နေ့ မှာ ၄-ဆူစီ အတိအကျ ဖြစ်နေကြ၏။

  • တနင်္ဂနွေ သား (၄) ဆူ - မေဓင်္ဂရာ ၊ သောဘိတ ၊ ပိယဒဿီ ၊ သိခီ ။
  • တနင်္လာ သား (၄) ဆူ - သရဏှင်္ဂရာ ၊ အနောမဒဿီ ၊ အတ္ထဒဿီ ၊ ဝေဿဘူ ။
  • အင်္ဂါ သား (၄) ဆူ - ဒီပင်္ကရာ ၊ ပဒုမ ၊ ဓမ္မဒဿီ ၊ ကကုသန် ။
  • ဗုဒ္ဓဟူး သား (၄) ဆူ - ကောဏ္ဍည ၊ နာရဒ ၊ သိဒ္ဓတ္ထ ၊ ကောဏဂုံ ။
  • ကြာသပတေး သား(၄) ဆူ - မင်္ဂလ ၊ ပဒုမုတ္တရ ၊ တိဿ ၊ ကဿပ ။
  • သောကြာ သား (၄) ဆူ - သုမန ၊ သုမေဓာ ၊ ဖုဿ ၊ ဂေါတမ ။
  • စနေ သား (၄) ဆူ - တဏှင်္ကရာ ၊ ရေဝတ ၊ သုဇာတာ ၊ ဝိပဿီဘုရား ။

ဘုရားရှင်တို့၏ ဉာဏ်တော်များနှင့် အသုံးချတော်မူပုံ

(၁) အကြောင်းဟုတ်၊ မဟုတ်ကို သိသော ဌာနာဌာန ကောသလ္လ ဉာဏ်တော် (သတ္တဝါ တစ်စုံတစ်ယောက် အာသဝေါတရား ကုန်နိုင်၊ မကုန်နိုင် (သို့) ရဟန္တာဖြစ်နိုင်၊မဖြစ်နိုင်ကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)

(၂) ကောင်းကျိုး၊ မကောင်းကျိုး ကို သိသော ဝိပါကဉာဏ်တော် (ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ အန္တရာယ် (အဟိတ်၊ ဒွိဟိတ်ပဋိသန္ဓေနေမှု) ရှိ၊ မရှိကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)

(၃) သတ္တဝါတို့လားရာ၊ ရောက်ရာကို သိသော သဗ္ဗတ္ထ ဂါမိနီပဋိပဒါဉာဏ်တော် (ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ ပဉ္စာနန္တိရိယကံ ရှိ၊ မရှိကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)

(၄) အထူးထူးသော ဓာတ်သဘောများကို သိသော အနေကဓာတု နာနာဓာတုဉာဏ်တော် (အထက်ပါ ဉာဏ်(၃)မျိုးနဲ့ ကြည့်ပြီး အန္တရာယ်ကင်းပါမှ ကျွတ်နိုင် ချွတ်နိုင်သော စရိုက်နှင့် ကိုက်ညီမည့် တရားဟော (ဝါ) ကမ္မဋ္ဌာန်းပေးရန် ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)

(၅) သတ္တဝါတို့၏ ဆန္ဒအလိုကို သိသော နာနာဓိမုတ္တိကဉာဏ်တော် (သတ္တဝါတို့၏ နှလုံးသွင်းတတ်မှု သဘောထားကို သိပြီး သင့်လျော်သောတရားဟောရန် ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)

(၆) လူတို့၏ ဣန္ဒြေအနုအရင့်ကို သိသော ဣန္ဒြိယပရောပရိယတ္တဉာဏ်တော် (သတ္တဝါတို့၏ သဒ္ဓါတရားကောင်း၊ မကောင်းကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)

(၇) ဈာန်၊ ဝိမောက္ခ၊ သမာဓိ၊ သမာပတ် စသည်တို့၏ ညစ်ညူးကြောင်းကို သိသော ဈာနဝိမောက္ခ သမာဓိ သမာပတ္တိဉာဏ်တော် (ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူပြီးမှ ချွတ်သင့်သည်ဆိုလျှင် ဝေးကွာသော အရပ်သို့ပင် ကြွရောက်တော်မူပါသည်။)

(၈) ရှေးဖြစ်ဟောင်း၊ ဘဝခန္ဓာဖြစ်စဉ်ကို သိသော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော် (ရှေးဘဝဖြစ်စဉ်နှင့် အထုံ၊ပါရမီစသည်တို့ကို ဤဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူသည်။)

(၉) သတ္တဝါတို့၏ ပဋိသန္ဓေနေခြင်း၊ စုတေခြင်း တို့ကို သိသော စုတူပပါတ (ဝါ) ဒိဗ္ဗစက္ခုဉာဏ်တော် (သတ္တဝါတို့၏ လက်တလောစိတ်ဖြစ်စဉ်ကိုလဲ ဤဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူသည်။)

(၁၀) အာသဝေါတရား ကုန်ရာဖြစ်သော အာသဝက္ခယဉာဏ်တော် (သတ္တဝါတို့အား အရဟတ္တမဂ် တရားပေါက်အောင် တရားဟောရန်အလို့ငှာ ဤဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူသည်။)[3]

ဘုရားရှင်တို့၏ တူသောအချက်များ

ဘုရားရှင်တို့၏ တူသော အချက်များ (၃၀) ရှိပါသည် ။

(၁) အလောင်းတော်သည် နောက်ဆုံးသောဘဝ၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ နေတော်မူသည်။ (ထူးခြားချက်မှာ နတ်ပြည်မှသာ စုတေကြခြင်းဖြစ်ပါသည်။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူခြင်းမရှိပါ။ အ‌ကြောင်းမှာ ဗြဟ္မာပြည်ကနေ လာလျှင် ကာမဂုဏ်ကို ရွံမုန်းတဲ့စိတ် အထုံ လူ့ပြည်ကိုပါလာမည်။ အိမ်ထောင်ပြုမှာ မဟုတ်ဘူး။ (တချို.အပျိုကြီး၊ လူပျိုကြီး တွေလဲ ဗြဟ္မာပြည်က လာလို့ အိမ်ထောင်မပြုတာလို့ ပြောတာပဲ...ဤကားစာကြွင်း)

အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေလျှင် မဇ္ဈိမလမ်းစဉ်ကို တွေ့ဖို့ခက်မည် ဟု ဆိုပါသည် ။

(၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္လင်ဖွဲ့ခွေ၍ အရှေ့သို့ မျက်နှာမူပြီးနေပါသည်။ (အလောင်းတော်တွေဟာ သာမန်လူ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါ။ အတည့်ပဲနေပါသည်။ မယ်တော်ရဲ့ဝမ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ။ မယ်တော်ဟာ ကိုယ့်သားကို ဗိုက်ကနေ ကောင်းကောင်းမြင်နေရပါသည်။ ချင်ခြင်းတပ်ခြင်း၊ နာကျင်အော့အန်ခြင်း မရှိပါ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ။)

(၃) အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားသည် ။ (ညစ်ပေမှု မရှိပါ၊ မိခင်လည်း ကျန်းမာစွာ ရှိရပါသည်၊ နောက် (၇)ရက်မှာတော့ မိခင် ကံတော်ကုန်ရပါသည်။ သကျသာကီဝင် ဆိုသည်မှာ ပင်ကိုယ်စွမ်းရည်ရှိသူဟု အဓိပ္ပါယ်ရသည့်အတိုင်း မွေးမွေးခြင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါသည်။ စောင့်ကြည့်နေကြသော နတ်၊ဗြဟ္မာတွေတောင် မျက်လုံးပြူးကုန်ကြသည်ဟုဆိုသည်။ (ဤကား အရှင်ဉာဏိသာရ၏ အဟော)

(၄) တောအရပ်၌သာ ဖွားတော်မူပါသည်။

(၅) ဖွားပြီးပြီးခြင်း မြောက်အရပ်သို့ ခြေ (၇)လှမ်းကြွကာ "ဤလောက၌ ငါသာ အမြတ်ဆုံးတည်း၊ ငါ၏ နောက်ဆုံး ပဋိသန္ဓေ နေရခြင်းတည်း၊နောက်ထပ် ပဋိသန္ဓေ နေစရာမလိုတော့ပြီ" ဟု ကြုံးဝါးတော်မူပါသည်။ (ထိုကာလတွင် အကိုးကွယ်ခံ ဘဝသို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း ဟုဆို၏။ ဂေါတမ ဘုရားလောင်းသည် (၃) ဘဝ၌ ဖွားစမှာပင် စကားပြော၏။ မဟောသဓာ၊ ဝေဿန္တရာ နှင့် နောက်ဆုံးဘဝ -(သုခမှတ်စု))

(၆) သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်(၄)ပါးမြင်၍ သား(၁)ယောက်ဖွားသော ညမှသာ တောထွက်တော်မူကြသည်။ (ထိုနိမိတ်ပြသော နတ်သားကို ဘုရားလောင်း၏ ဆရာ ၅-ယောက် တွင် ၁-ယောက် အပါအဝင်ဟု သတ်မှတ်သည်။)

(၇) အရဟတ္တဖိုလ်၏ တံခွန်ဖြစ်သော ရဟန်းအဖြစ်ကို ရယူပြီးမှ ဒုက္ကရစရိယကျင့်သည်။ (အရဟတ္တဖိုလ်၏ တန်ဖိုးသည် ရဟန်းမှလွဲ၍ မည်သည့် အမျိုးနှင့်မျှ မတန်ဟုဆိုသည်။ လူဝတ်ကြောင် မှ အရဟတ္တဖိုလ်ရလျှင်လည်း ရဟန်းဝတ်လျှင်ဝတ်၊ မဝတ်လျှင် ပရိနိဗ္ဗာန်စံဝင်ကြရသည်။)

(၈) ဘုရားဖြစ်မည့်နေ့ နွားနို့ဃနာဆွမ်း ဘုန်းပေးတော်မူကြသည်။ (ထိုဆွမ်းတွင် နတ်ဩဇာပါတတ်ပြီး ဘုရားဖြစ်ပြီး (၇)ပတ်၊ (၄၉)ရက်စာ အာဟာရဖြစ်သည်။ ဘုရားရှင်၏ ဝမ်းထဲတွင် အစာခြေလဲ မမြန်၊ မြန်မြန်လဲ မဆာလောင်ဘဲ သမာပတ်ဝင်စားခြင်း၊ တရားတော်များကို ဆင်ခြင်သုံးသပ်ခြင်းများ အတွက် ကောင်းစွာ ထောက်ပံ့သည်။)

(၉) မြက်အခင်းတွင် ထိုင်တော်မူလျက် ဘုရားဖြစ်သည်။

(၁၀) အာနပါန ကမ္မဌာန်းကို စီးဖြန်းတော်မူကြသည်။ (ဘုရားရှင်တို့သည် အာနပါန ကမ္မဌာန်းဖြင့်သာ သဗ္ဗညုတဉာဏ်တော်ကို ရရှိကြသောကြောင့် ဂေါတမ ဘုရားရှင်သည်လည်း အာနပါနကို လွန်စွာချီးမွမ်းတော်မူသည်။ မဟာသတိပဌာနသုတ်(ဒီ-၂၊ ၃၁)၊ မဟာသတိပဌာနသုတ်(မ-၁၊ ၇၀)၊ တတိယပါရာဇိက ပါဠိ(ဝိ-၁၊ ၈၉)၊ အာနာပါနဿတိသုတ်(မ-၃၊ ၁၂၂)၊ မဟာရာဟုလောဝါဒသုတ်(မ-၂၊ ၈၈)၊ ကာယဂတာသတိသုတ်(မ-၃၊ ၁၃၀) တို့၌ ဟောတော်မူခဲ့သည်။)

(၁၁) မာရ်စစ်သည်ကို အောင်တော်မူသည်။

(၁၂) ဗောဓိပလ္လင်၌သာ ဝိဇ္ဇာ(၃)ပါးစသော ဆအသာဓာရဏ အစရှိသော ကျေးဇူးတရားအပေါင်းကို ရတော်မူကြပါသည်။

(၁၃) ဗောဓိပင်၏ ထက်ဝန်းကျင်၌သာ သတ္တ သတ္တာယ(၇) ဌာန ကျင့်တော်မူကြသည်။

(၁၄) တရားဦးဟော စိမ့်သောငှာ ဗြဟ္မာမင်းက လျှောက်ရသည်။ ၇-သတ္တဟ အပြီး ၅၀-ရက်မြောက်နေ့မှာ အဘယ်သူအား တရားဟောရမည်နည်း၊ အဘယ်သူသည် ခက်ခဲနက်နဲသော ဤတရားများကို ခေတ်ကာလ၏ အယူဝါဒများမှ ခွဲထွက်၍ လျင်မြန်စွာနားလည်နိုင်မည်နည်းဟု ဆင်ခြင်ကြည့်တော်မူပါသည်။ ဆင်ခြင်သည့် နေရာတွင် ဘုရားရှင်များသည် ပကတိမျက်စိကိုပဲ သုံးတော်မူကြတယ်လို့ ဟောသည်။ ပကတိမျက်စိနှင့် ကြည့်တော့ ပထမမှာ ဒီလောက် ခက်ခဲနေတဲ့တရားတွေကို နားလည်သဘောပေါက်ပြီး စောစောစီးစီး တရားထူးရမည့်သူကို မတွေ့ဘူးဟု ဆိုသည်။ ကိလေသာထူပြောလွန်းတဲ့ လောကကို တရားမဟော၊ တစ်ကိုယ်တည်း ဖိုလ် ချမ်းသာနဲ့ နေတော့မည် ဆိုသည့် စိတ်အကြံလည်း ဖြစ်လာသည်။ ထိုအခါ ဗြဟ္မာမင်းက တရားဦးဟောရန်လျှောက်ရသည်။ ဂေါတမဘုရားရှင်ကို မဟာသဟမ္ပတိဗြဟ္မာမင်းက တောင်းပန်သည် ဟုဆိုပါသည်။ (ဒီဃနိကယ်မှာ ဝိပဿီဘုရားရှင်လည်း ဒီလို ဖြစ်ခဲ့သည်ဟု အတိအလင်း ရေးထားသည်။)

(၁၅) ဣတိပတနမိဂဒါဝုန်တော၌သာ ဓမ္မစကြာတရားဦးဟောတော်မူကြသည်။

(၁၆) တပို့တွဲလပြည့်နေ့၌သာ ပါတိမောက် ပြတော်မူကြသည်။

(၁၇) ဇေတဝန်မည်သော ကျောင်းတော်၌သာ သီတင်းသုံးကြသည်။ (ပိဋကတ်တော်တွင် (၁၄) ဝါမြောက်၊ (၂၁) ဝါမှ (၄၄) ဝါ အထိ (၂၅) ဝါ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးပါသည်။ ဇာတိမြေ ကပိလဝတ်မှ နိဂြောဓါရုံကျောင်းမှာ(၁၅) ဝါမြောက် တစ်ဝါသာ သီတင်းသုံးတော်မူပါသည်။)

(၁၈) သာဝတ္ထိမြို့၌သာ ယမိုက်ပြာဋိဟာ ပြတော်မူပါသည်။ (ယမိုက်+ပြာဋိဟာ = အစုံစုံ + တန်ခိုး ။ ရေအစုံ၊ မီးအစုံ ဟုဆိုအပ်သော အစုံလိုက် အစုံလိုက် ဖြစ်ပေါ်စေသော တန်ခိုးတော်)

(၁၉) တာဝတိံသာ၌သာ အဘိဓမ္မာတရားဟောသည်။

(၂၀) သင်္ကဿနဂိုရ်ပြည်၌သာ နတ်ပြည်မှ သက်တော်မူပါသည်။

(၂၁) ဖလသမာပတ်ကို မပြတ်ဝင်စားတော်မူပါသည်။

(၂၂) နံနက်အခါ ၊ ညဉ့်အခါ တို့၌ ကျွတ်ထိုက်သော ဝေနေယျကို ကြည့်ရှုတော်မူပါသည်။ (နေ့ (၃) ခါ ၊ ည (၃)ခါ ..၆ ခါ ကြည့် ပါသည်။)

(၂၃) အကြောင်းရှိမှ ဝိနည်းတရားတို့ကို ပညတ်တော်မူပါသည်။ (ဒီဝိနည်းတွေကို စောစောကတည်းက ကြိုထုတ်ထားလျှင် ဘယ်သူမှ ရဟန်းဝတ်ရဲ/ဝတ်ချင်မှာ မဟုတ်ဘူးဟု ဆိုသည်။ ထို့ကြောင့် ဖြစ်စဉ်ပေါ်လာမှ စည်းကမ်းထုတ်ခြင်း ဖြစ်သည်။)

(၂၄) အတ္ထုပ္ပတ္တိနှင့် တိုက်ဆိုင်မှုရှိလျှင် အတိတ်မှ ဇာတ်တရားများကို ဟောသည်။

(၂၅) ဆွေတော်၊ မျိုးတော်တို့၏ အစည်းအဝေး တရားပွဲများတွင် ဗုဒ္ဓဝင် ကိုသာဟောတော်မူကြသည်။

(၂၆) ဧည့်သည်ရဟန်းတို့နှင့် တရားစကားပြောတော်မူကြသည်။

(၂၇) ဒါယကာတို့ ဖိတ်၍ ဝါဆိုတော်မူသော်၊ ဝါကျွတ်လျှင် ဒါယကာတို့အား ပန်ကြားပြီးမှသာ ထွက်ခွာကြွသွားတော်မူကြသည်။

(၂၈) နေ့စဉ် အခါခပ်သိမ်း ဗုဒ္ဓကိစ္စငါးပါး ကို ပြုတော်မူသည်။

(၂၉) ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူသည်။ (မြတ်စွာဘုရား နောက်ဆုံးဘုဉ်းပေးတဲ့ဆွမ်းသည် ဝက်သား (ဝက်ပျိုသား) (မဟာအဋ္ဌကထာ၊ PDS dictionary အရ) နဲ့ မှို ဆိုပြီး (၂)မျိုး ရှိနေသည်။ ပါဠိလို “သူကရမက္တဝ” လို့ခေါ်တဲ့ အရာ(ဘောဇဉ်) ကို ဘုရားရှင် ဘုဉ်းပေးခြင်းဖြစ်သည်။ ကမ္ဘာပေါ်မှာ ပါဠိ-အင်္ဂလိပ် အဘိဓာန် ၁ ခုကလွဲရင် အခြားသော ဘာသာပြန်တွေမှာ မှို လို့ပဲ အဓိပ္ပါယ် ဖွင့်ကြသည်။ အားလုံး အဘိဓာန် (၅)ခုက ဘာသာပြန်ထားသည်။ မှို၊ ဆေးပေါင်းစုံဟင်း၊ နူးညံ့လှစွာသော မကြီးမငယ် ဝက်သား၊ မျှစ် (ဥဒါန်းအဋ္ဌကထာအရ)၊ နွားနို့နဲ့ ချက်ထားတဲ့ ထမင်းစားဖွယ် စသည် (၅)မျိုး ရှိနေပါသည်။ မြန်မာဆရာတော်တွေက ထိုရာသီမှာ မှို မပွင့်သေးလို့ ဝက်သားကိုပဲ ယူသည်။ နိုင်ငံတကာမှာကတော့ မှိုကို ယူကြသည်။ အခါမဟုတ်မှိုကို ဘုန်းပေးပြီးတော့ အဆိပ်သင့်တာလို့ ဆိုကြသည်။ ထို့ကြောင့် “သူကရမက္တဝ”ဟာ ဘာသာပြန်ကွဲလွဲမှုရှိနေသည်။ ဘုရားရှင်တို့၏ တူရာ အချက် (၃၀) အရ သားပြွမ်းဆွမ်း ဘုဉ်းပေးတော်မူရမယ်ဆိုတော့ ဝက်သား ဟု ပြောရမှာပါ။)

(၃၀) သမာပတ်ဝင်စားပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူသည်။[4]

ရုပ်ပုံများ

ရည်ညွှန်းကိုးကား

  1. သမ္ဗုဒ္ဓေ ဂါ ထာ
  2. ဗုဒ္ဓပကိဏ္ဏကခန်း
  3. ဗုဒ္ဓဘာသာကောင်းတစ်ယောက် မှ
  4. ဦးပညာသီဟ “ ပိဋကတ် လမ်းညွှန် စာအုပ် ”
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.