နာရဒဘုရား
ပဒုမဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် အန္တရကပ်တခု၏ ဆုတ်ကပ် လူတို့၏ သက်တမ်း ကိုးသောင်းသို့ ရောက်သောအခါ အနေမဒဿီမှအစ ဘုရားသုံးဆူပွင့်သော ဝရကမ္ဘာ၌ တတိယမြောက် နာရဒဘုရားရှင် ပွင့်တော်မူခဲ့သည်။
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
နာရဒဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်ပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအရ တုသိတာနတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့ စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော်နတ်သားအား လောကတွင် ဘုရားဖြစ်တော်မူရန်အချိန်တန်ပြီဖြစ်၍ လူ့ပြည်သို့ဆင်းသက် ပဋိသန္ဓေယူရန် တောင်းပန်ခဲ့ကြသည်။ အလောင်းတော်သည် နတ်ဗြဟ္မာတို့ တောင်းပန်ချက်အရ တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည်သို့ ဆင်းသက်ကာ ဓညဝတီမြို့တော် သုဒေဝမင်းကြီး၏ တောင်ညာစံဒေဝီအဂ္ဂမဟေသီ အနောမာအမည်ရှိသော မိဖုရားကြီး၏ဝမ်း၌ ပဋိသန္ဓေစွဲကပ်တော်မူသည်၏။ ဆယ်လလွန်မြောက် သောအခါ မယ်တော်မိဖုရားကြီးသည် အလောင်းတော်မင်းသားကို ဓနဉ္စယဥယျာဉ်တော်၌ ဖွားမြင်တော်မူခဲ့သည်။ အလောင်းတော်မင်းသားကို အမည်မှည့်အံ့သောနေ့၌ ဇမ္ဗူဒိပ်တကျွန်းလုံးတွင် လူတို့အသုံးအဆောင်ဖြသ်သော အဝတ်တန်ဆာအမျိုးမျိုးတို့သည် ကောင်းကင်မှ မိူးကြီးရွာချသည့်ပမာ အလိုလို ကြွေကျလာခဲ့၏။ ပညာရှိတို့သည် လူတို့အား လျောက်ပတ်သော အဝတ်တန်ဆာတို့ကို ပေးတတ်သည်ဟူသော အကြောင်းဗျုပ္ပတ်ကို အစွဲပြု၍ အလောင်းတော်မင်းသားအား "နာရဒ" ဟူသော အမည်ကို မှည့်ခေါ်ခဲ့ကြကုန်၏။ အလောင်းမင်းသားပဋိသန္ဓေနေတော်မူသောအခါ ဖွားမြင်တော်မူသောအခါတို့၌ နိမိတ်ကြီးများထင်ခဲ့သည့်အပြင် အလောင်းတော်ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ရှိသည့် ဓမ္မတာအတိုင်း အထူးအံ့ဩဖွယ်ရာများဖြစ်ပေါ်ခဲ့သည်။
အလောင်းတော် နာရဒမင်းသားသည် တရွေ့ရွေ့ကြီးမြောက်အရွယ်ရောက်အခါ ဝိဇိတသေနာဒေဝီမင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့သည်။ ဥတုသုံးလီ ရာသီနှင့် လိုက်အောင် ဆောက်လုပ်ထားသော် ဇိတရွှေနန်းတော် ဝိဇိတရွှေနန်းတော်၊ အဘိရာမ ရွှေနန်းတော်တည်းဟူသော နန်းပြသာဒ်သုံးဆောင်တို့၌ ဝိဇိတသေနာမိဖုရား အမှူးပြုသော ရံရွေတော် တသိန်းနှစ်သောင်းတို့၏ ဖျော်ဖြေလုပ်ကျွေးခြင်းကို ခံယူလျက် ဝိဇိတသေနာမိဖုရားကြီးနှင့်အတူ နှစ်ပေါင်းကိုးထောင် ကာလပတ်လုံးထီးနန်းစည်းစိမ်ကို ခံစားတော်မူခဲ့သည်။ အလောင်းတော်၏ သားတော်မှာ နန္ဒုတ္တရမင်းသားဖြစ်၏။
တော်ထွက်တော်မူခြင်း
အလောင်းတော် နာရဒမင်းသားသည် ထိုသို့ မင်းစည်းစိမ်ကို ခံစားတော်မူနေစဉ် ဝိဇိတသေနာမိဖုရားကြီးမှ နန္ဒုတ္တရသားတော်ကို ဖွာမြင်တော်မူသောအခါ နတ်တို့ ဖန်ဆင်းပြသခဲ့သည့် သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူခဲ့ပြီး သတိသံဝေဂ ကြီးစွာရလျက် စစ်အင်္ဂါလေးပါး ခြံရံကာ မင်္ဂလာဥယျာဉ်တော်သို့ ခြေလျင်ထွက်ကြွတော်မူခဲ့သည်။ ဥယျာဉ်တော်သို့ ရောက်လေလျှင် အဆင်တန်ဆာတို့ကို ချွတ်၍ ဘဏ္ဍာစိုးလက်သို့ အပ်နှင်းပြီး လက်သုံးတော်သန်လျက်ဖြင့် ဆံတော်ကို ပယ်ကာ ကောင်းကင်သို့ ပစ်လွှတ်တော်မူခဲ့သည်။ သိကြားမင်းသည် ထိုဆံတော်ကို ရွှေပန်းတောင်းဖြင့် ခံယူတော်မူ၍ တာဝိံသာ နတ်ပြည်၌သုံးယူဇနာအမြင့်ရှိသော စေတီတော်ကြီး တည်ထားခဲ့သည်။ အလောင်းတော်မင်းသားသည် ဗြဟ္မာကြီး လှူဒါန်းသော သင်္ကန်းကို ဝတ်ရုံကာ ရဟန်းပြုတော်မူခဲ့သည်။ အလောင်းတော်မင်းသား ရဟန်းပြုသည်ကို ကြားသိခဲ့ကြကုန်သော ေယာကျ်ားပေါင်း တစ်သိန်းတို့လည်း လိုက်ပါ ရဟန်းပြုခဲ့ကြကုန်၏။
နာရဒ ဘုရားအလောင်းတော်သည် ထိုမင်္ဂလာဥယျာဉ်တော်၌ပင် ခုနှစ်ရက်ပတ်လုံး ဒုက္ကရစရိယာ ကျင့်တော်မူ၍ ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့၌ ဝိဇိတသေနာမိဖုရားကြီးလှူသော ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူလျက် ထိုမင်္ဓလာဥယျာဉ်၌ပင် နေခိုတော်မူခဲ့သည်။
ဘုရားဖြစ်တော်မူခြင်း
ဘုရားအလောင်းတော်သည် မင်္ဂလာဥယျာဉ်တော်၌ နေခိုတော်မူပြီးနောက် ညနေချမ်းအချိန်သို့ရောက်သောအခါ အခြံအရံ ရဟန်းတို့ကို စွန့်ခွာခဲ့ပြီး ဗောဓိပင်ရှိရာအရပ်သို့ တစ်ပါတည်း ကြွတော်မူခဲ့၏။ လမ်းခရီးအကြား၌ သုဒဿနအမည်ရှိသော ဥယျာဉ်မှူးလှူဒါန်းသည့် မြက်ရှစ်ဆုပ်တို့ကို အလှူခံတော်မူကာ မဟာဗောဓိ ကြောင်လျှာကြီးပင် အရင်း၌ ထိုမြက် ရှစ်ဆုပ်တို့ကို ဖြန့်ခင်းလိုက်သည်နှင့် တပြိုက်နက် ငါးဆယ်ခုနှစ်တောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်တော်မူလာခဲ့သည်။ ထိုအပရာဇိတပလ္လင်ပေါ်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူပြီး အင်္ဂါလေးပါးရှိသော ဝီရိယတော်ကို ဆောက်တည်တော်မူခဲ့၏။ ထို့နေ့ နေမဝင်မီ မာရ်စစ်သည်တို့ကို ပယ်နှင်ေအာင်မြင်တော်မူပြီးနောက် ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်းယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ နေအရုဏ်တက်သည်နှင့် တပြိုင်နက် အသာသဝက္ခဉာဏ်တော်ကို ရတော်မူကာ လောကသုံးပါး၌ သမ္မာသမ္ဗုဒ္ဓအစစ် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည။
ဓမ္မစကြာတရားဦး ဟောတော်မူခြင်း
နာရဒဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင်အနီးမှာပင် သတ္တသတ္တာဟ-လေးဆယ့်ကိုးရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသားဖြင့် စံနေတော်မူခဲ့၏။ အဋ္ဌမသတ္တာဟသို့ ရောက်သောအခါ ဗြဟ္မာမင်း၏ တောင်းပန်မှုကို လက်ခံတော်မူ၍ တရားဟောရန် သတ္တလောကကို ဗုဒ္ဓစက္ခုဖြင့် ကြည့်ရှုတော်မူလေလျှင် ကိုယ်တော်မြတ် တောထွက်စဉ်က လိုက်ပါရဟန်းပြုခဲ့ကြသော ရဟန်းတော် တစ်သိန်းတို့ကို မြင်တော်မူ၍ ထိုရဟန်းတို့ရှိရာ ဓနဉ္ဇယဥယျာဉ်တော်ကြီးသို့ ကောင်းကင်ခရီးဖြင့် တခဏချင်း ကြွသွားတော်မူခဲ့၏။ ဓနဉ္ဇယဥယျာဉ်တော်ကြီးသို့ ရောက်လေလျှင် ရဟန်းတသိန်း ခြံရံလျက် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့ အလယ်၌ ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာတော်ကို ဟောတော်မူခဲ့သည်။ ဒေသနာတော်အဆုံး၌ ကုဋေတသိန်းသော လူနတ်ဗြဟ္မာသတ္တဝါတို့ တရားထူးကို ရခဲ့ကြကုန်၏။
ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံခြင်း
နာရဒဘုရားရှင်လက်ထက်တော်၌ ဂေါတမဘုရားအလောင်းတော်သည် ရသေ့ဖြစ်၍ ဟိမဝန္တာတောင်ယံ၌ သင်္ခမ်းကျောင်းဆောက်လုပ်နေထိုင်ခဲ့၏။ အလောင်းတော်ရသေ့သည် အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးတို့၌ လေ့လာနိုင်နင်းတော်မူခဲ့၏။ နာရဒ ဘုရားရှင်သည် ရဟန္တာပေါင်းကုဋေရှစ်ဆယ်၊ အနာဂါမ်ဥပါသကာဒါယကာအပေါင်း တစ်သောင်းခြံရံလျက် အလောင်းတော်ရသေ့၏ သင်္ခမ်းကျောင်းသို့ ကြွလာတော်မူခဲ့၏။ အလောင်းတော်ရသေ့သူမြတ်သည် ဘုရားရှင်ကို ဖူးမြင်ရသောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက် ဘုရားရှင်သီတင်းသုံးရန် သင်္ခမ်းကျောင်းကို ဖန်ဆင်း၍ ဘုရားနှင့်တကွ အခြံအရံတပည့်သာဝကနှင့် ဒါယကာများကို သီတင်းသုံးစေတော်မူခဲ့သည်။ တစ်ညဉ့်ပတ်လုံး မြတ်စွာဘုရားဂုဏ်တော်ကျေးဇူးတော်တို့ကို ချီးကျူးလျှောက်ထားခဲ့၏။ နံနက်မိုးသောက်အလင်းရောက်သော မြောက်ကျွန်းသို့ အဘိညာဉ်တန်ခိုးဖြင့် သွားရောက်ပြီး ဆွမ်းစသော အစာအဟာရကို ဆောင်ယူခဲ့၍ အခြံအရံသံဃာ၊ ဥပါသကာတို့နှင့်တကွ ဘုရားရှင်အား ဆွမ်းအလှူကြီးကို ပေး၍ ဟိမဝန္တာမှ အဖိုးများစွာ ထိုက်တန်သော စန္ဒကူးနီကို ဆောင်ယူကာ ထိုစန္ဒကူးနီဖြင့် ဘုရားရှင်ကို ပူဇော်ခဲ့၏။ ဘုရားရှင်သည် တရားဟောတော်မူပြီးနောက် "ဤရသေ့သည် နောင်အခါ ဘဒ္ဒကမ္ဘာဝယ် ဂေါတမဘုရားစင်စစ် ဖြစ်လတ္တံ့"ဟု ဗျာဒိတ်စကားမိန့်ကြားတော်မူခဲ့သည်။ အလောင်းတော် ရှင်ရသေ့သည် ဗျာဒိတ်စကားကို ကြားရလေလျှင် လွန်မင်းစွာ ရွှင်လန်းဝမ်းမြောက်လျက် ပါရမီတော်တို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်ခဲ့လေသည်။
နာရဒဘုရားရှင်၏ တပည့်သာဝကများ
နာရဒဘုရားရှင်၏(အဂ္ဂသာဝက) တပည့်မြတ်အစုံတို့သည် အရှင် ဘဒ္ဒသာလမထေရ်နှင့် အရှင်ဇိတမိတ္တမထေရ်တို့ ဖြစ်ခဲ့ကြကုန်၍ အလုပ်အကျွေးရဟန်းမှာ အရှင်ဝါသေဋ္ဌမထေရ်ဖြစ်ခဲ့သည်။ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မအစုံတို့ကား အရှင်မ ဥတ္တရာထေရီနှင့် အရှင်မ ဖဂ္ဂုနီထေရီတို့ ဖြစ်ကြကုန်ပြီး ပွင့်တော်မူရာဗောဓိပင်သည် ကြောင်လျှာနီပင် ဖြစ်ခဲ့၏။ (အဂ္ဂဥပဋ္ဌာက)မြတ်သော အလုပ်အကျွေးဒါယကာတို့မှာ ဥဂ္ဂရိန္ဒသူဌေးနှင့် ဝသဘသူဌေးတို့ ဖြစ်ခဲ့ကြကုန်၍ (အဂ္ဂဥပဋ္ဌိကာ) မြတ်သော အလုပ်အကျွေးဒါယိကာမတို့မှာ ဣန္ဒာဝရီဥပါသိကာမနှင့် ဝဏ္ဍီဥပါသိကာမတို့ ဖြစ်ခဲ့ကြသည်။ နာရဒဘုရားရှင်၏ အရပ်တော်မှာ ရှစ်ဆယ့်ရှစ်တောင်မြင့်၍ ရွှေတိုင်ကြီးအလား တင့်တယ်တော်မူခဲ့ပါ၏။ ကိုယ်တော်မှထွက်သော ရောင်ခြည်တော်တို့သည် နေ့ညဉ့် စဉ်ဆက်မပြတ် တစ်ယူဇနာတိုင်အောင် ပျံ့နှံ့ကွန့်မြူးနေတော်မူခဲ့သည်။
ဓမ္မာဘိသမယ တရားပွဲကြီးများ
နာရဒဘုရားရှင်၏ ဓနဉ္ဇယဥယျာဉ်တော်ကြီး၌ လူနတ်ဗြဟ္မာသတ္တဝါတို့အား ဓမ္မစကြာတရားဦးဟောတော်မူသော တရားပွဲသည် ရှေးဦးစွာ (ဓမ္မာဘိသမယ) တရားပွဲကြီးဖြစ်တော်မူခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေတစ်သိန်းသော လူနတ်ဗြဟ္မာသတ္တဝါတို့ တရားထူးကို ရကြကာ ကျွတ်တမ်းဝင်ခဲ့ကြသည်။
ထို့နောက် ဒေါဏမည်သော နဂါမင်းသည် မဟာဒေါဏမြို့အနီး ဂင်္ဂါမြစ်ကမ်း၌ စိုးမိုး၍ နေခဲ့၏။ ထိုအရပ်၌ နေသော သူတို့သည် အကယ်၍ နဂါမင်းကို ပူဇော်မှုမပြုကြကုန်အံ့။ ထိုသူတို့၏ နေရာအရပ်ကို မိုးမရွာခြင်းဖြင့်လည်းကောင်း၊ အလွန်အမင်းမိုးရွာခြင်းဖြင့်လည်းကောင်း၊ ကျောက်စရစ်ခဲမိုးရွာစေခြင်းဖြင့်လည်းကောင်း ပျက်စီးစေခဲ့၏။ လူတို့ကို အလွန်ညှင်းဆဲနှိပ်စက်ခဲ့၏။ နာရဒဘုရားရှင်သည် ထိုလူအပေါင်းကို ကယ်မခြင်းငှာ နဂါမင်းနေရာသို့ ရဟန်းတော်များခြံရံ၍ ကြွတော်မူလာခဲ့၏။ နဂါမင်းသည် ၎င်းအတွက်ခင်းထားသော ပန်းအခင်းထက်၌ ထိုင်နေတော်မူသော မြတ်စွာဘုရားကို တွေ့ရသည့်အခါ ဒေါသအမျက်ထွက်၍ အခိုးလွှတ်ကာ ဘုရားရှင်ကို ညှင်းဆဲတော့သည်။ ဘုရားရှင်သည် အဘိညာဉ်တန်ခိုးဖြင့် အခိုးပြန်လွှတ်ကာ နဂါးမင်းကို ဆုံးမခဲ့၏။ နဂါမင်းသည် မီးတောက်မီးလျှံလွှတ်ပြန်၏။ ဘုရားရှင်ကလည်း မီးတောက်မီးလျှံပြန်လှန် လွှတ်၍ နဂါးမင်းကို ဆုံးမခဲ့၏။ နောက်ဆုံးတွင်နဂါမင်းသည် ဘုရားရှင်ကို အဆိပ်လွှတ်၍ တိုက်ခိုက်သော်လည်း ဘုရားရှင်၏ မွေးညင်းတော် တစ်ပင်မျှကိုပင် တုန်လှုပ်စေခြင်းငှာ မစွမ်းနိုင်ခဲ့၍ နဂါမင်းကြီး အရှုံးပေးကာ ဘုရားရှင်ကို ဆည်းကပ်ခဲ့ရလေတော့သည်။ နာရဒဘုရားရှင်၏ နဂါမင်းကို ဆုံးမ၍လူနတ်ဗြဟ္မာသတ္တဝါတို့အား တန်ခိုးပြာဋိဟာပြ၍ တရားဟောသောတရားပွဲသည် ဒုတိယမြောက် (ဓမ္မဘိသမယ) တရားပွဲကြီးဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေကိုးသောင်းသော လူနတ် ဗြဟ္မာ သတ္တဝါတို့ တရားထူးရကြကာ ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။
ထို့နောက် နာရဒဘုရားရှင်၏ သားတော် နန္ဒုတ္တရမင်းသားကို ဆုံးမသည့် တရားပွဲတော်သည် တတိယအကြိမ်မြောက် (ဓမ္မဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေရှစ်သောင်းသော နတ်လူဗြဟ္မာသတ္တဝါတို့ မဂ်ဖိုလ်တရားထူးကို ရကြကာကျွတ်တမ်းဝင်ခဲ့ကြသည်။
သာဝက (သန္နိပါတ) အစည်းအဝေးကြီးများ
ထုလ္လကောဋ္ဌိတမြို့တွင် အဂ္ဂသာဝကဖြစ်တော်မူကြမည့် ဘဒ္ဒသာလနှင့် ဇိတမိတ္တပုဏ္ဏားလုလင် နှစ်ေယာက်တို့သည် အမြိုက်တရားကို ရှာစဉ် နာရဒဘုရားရှင်ကို ဖူးတွေ့ခဲ့ရ၏။ ဘုရားရှင်၌ သဒ္ဓါတရားကြီးစွာဖြစ်ကုန်လျက် အခြံအရံပရိတ်သတ်နှင့်တကွ ရဟန်းပြုခဲ့ကြကုန်၏။ ထိုရဟန်းတော်တို့ အရဟတ္တဖိုလ်သို့ ရောက်သောအခါ ရဟန်းတော်ပေါင်း ကုဋေတစ်သန်းတို့၏ အလယ်၌ ဩဝါဒတိမောက်ကို ပြတော်မူခဲ့၏။ ထိုအစည်းအဝေးကား ရှေးဦးစွာသော သာဝက (သန္နိပါတ) အစည်းအဝေးကြီးပင်ဖြစ်ခဲ့၏။ အခါတပါးဝယ် နာရဒဘုရားရှင်သည် ဆွေတော်မျိုးတော်တို့၏ အလယ်၌ ကိုယ်တော်မြတ် ဘုရားဆုကို တောင်းတော်မူသည်မှစ၍ ဗုဒ္ဓဝင်ဒေသနာတော်ကို ဟောကြားတော်မူခဲ့၏။ ထိုအစည်းအဝေး၌ ရဟန္တာပေါင်း ကုဋေကိုးသောင်းတို့ စုဝေးမိခဲ့ကြကုန်၏။ ထိုအစည်းအဝေးသည် ဒုတိယအကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအေဝးကြီး ဖြစ်ခဲ့၏။ ထို့နောက် အခါတပါးဝယ် မဟာဒေါဏ နဂါးမင်းကို ဆုံးမတော်မူရာတွင် ဝေရောစန နဂါးမင်းသည် ဘုရားရှင်အား လွန်စွာကြည်ညိုခဲ့၏။ ဂင်္ဂါမြစ်ကမ်းအနီး သုံးဂါဝုတ် ပမာဏရှိသော မဏ္ဍပ်ကြီးကို ဖန်ဆင်းဆောက်လုပ်၍ အခြံအရံသံဃာတော်များနှင့်တကွ ဘုရားရှင်ကို သီတင်းသုံးစေတော်မူခဲ့၏။ ဇနပုဒ်နေ လူအပေါင်းတို့အားလည်း အလှူမဏ္ဍပ်သို့ လာရောက်ကြည့်ရှု့ကြရန်ဖိတ်ကြားခဲ့၏။ နဂါးကချေသည် အပေါင်းတို့ကို တီးမှုတ်ကခုန်စေလျက် ခြိမ့်ခြိမ့်သဲသဲ ပူဇော်ပွဲကျင်းပခဲ့၏။ အလှူကြီးကိုလည်း ပေးလှူခဲ့သည်။ ထိုအခါ နာရဒဘုရားရှင်သည် သတ္တဝါအပေါင်းတို့အား တရားဟောတော်မူခဲ့ရာ ကြည်ညိုသဒ္ဓါရှိသူ လူအပေါင်းတို့က ရဟန်းပြုခွင့်တောင်းခံခဲ့ရာ ဘုရားရှင်က ဧဟိဘိက္ခု ခေါ်တော်မူ၍ ရဟန်းပြုပေးတော်မူခဲ့သည်။ ထိုအခါ ဧဟိဘိက္ခုရဟန်းရှစ်သန်းတို့၏ အလယ်၌ ဩဝါဒပါတမောက်ပြတော်မူခဲ့သည်။ ထိုအစည်းအဝေးသည် တတိယအကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်သည်။
ပရိတ်နိဗ္ဗာန်စံဝင်တော်မူခြင်း
ကောင်းကင်သည် ကြယ်တာရာတို့ဖြင့် ဆန်းကြယ်လျက် တင့်တယ်သကဲ့သို့ နာရဒဘုရားရှင်၏ သာသနာတော်သည် ရဟန္တာတို့ဖြင့် တင့်တယ်တော်မူခဲ့၏။ ရဟန္တာတို့မှ ကြွင်းသော ကျင့်ဆဲပုဂ္ဂိုလ်တို့ကို သံသရာရေအလျဉ်ကို ကူးမြောက်စေခြင်းငှာ မဂ်တရားတည်းဟူသော တံတားကို မြဲမြံစွာတည်ဆောက်၍ နိဗ္ဗာန်ပြုတော်မူခဲ့လေပြီ။ "နာရဒဘုရားရှင်သည်လည်းကောင်း၊ တန်ခိုးကြီးသော ဘုရားရှင်၏ တပည့်ရဟန်းတို့သည်လည်းကောင်း ထိုအားလုံးတို့သည် ကွယ်ပျောက်ခဲ့လေပြီ ခပ်သိမ်းသော သင်္ခါရတရားတို့သည် ခိုင်မြဲသော အနှစ်သာရမရှိကုန်။ အချည်းနှီး သာဖြစ်ကုန်စွ"
စေတီတည်ထား ကိုးကွယ်တော်မူခြင်း
မာရ်ငါးပါးကို အောင်မြင်တော်မူသော နာရဒဘုရားရှင်သည် သုဒဿနမြို့တော်၌ ပရိနဗ္ဗာန်စံလွန်တော်မူခဲ့၏။ ထိုမြို့တော်၌ပင် စေတီတော်ကို တည်ထားကိုးကွယ်တော်မူခဲ့ကြရာ စေတီတော်သည် လေးယူဇနာမြင့်တော်မူခဲ့၏။ သက်တော်ရှည်ကြာသော ဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ၊ တလုံးတခဲတည်းသော အသမ္ဘိန္နဓာတ်တော်ကို ထိုစေတီတော်အတွင်း၌ ဌာပနာသွင်းခဲ့ကြကုန်၏။ ဇမ္ဗူဒိပ်ကျွန်းနေ လူအပေါင်းတို့သည် ရတနာ ခုနှစ်ပါးဖြင့် မွမ်းမံခြယ်လှယ်ကာ စေတီတော်ကို ပြီးဆုံးစေခဲ့ကြကုန်သတည်း။[1]