သုမနဘုရား
သုမနဘုရား
ဗုဒ္ဓဝင်
၁။ မင်္ဂလမြတ်စွာဘုရား၏ နောက်အဖို့၌ သုမနမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် အလုံးစုံသော တရားတို့ကြောင့် တူသော ပုဂ္ဂိုလ် ရှိတော်မမူ၊ အလုံးစုံသော သတ္တဝါတို့ထက် မြတ်တော်မူ၏။
၂။ ထိုအခါ ထိုမြတ်စွာဘုရားသည် မေခလမြို့၌ တရားခရုသင်းနှင့် ကောင်းစွာ ယှဉ်သော အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရား အဆုံးအမတည်းဟူသော အမြိုက် စည်ကြီးကို ရိုက်တီးတော်မူ၏။
၃။ ထိုမြတ်စွာဘုရားသည် ကိလေသာတို့ကို အောင်မြင်၍ သမ္မာသမ္ဗောဓိ ဉာဏ် တော်မြတ်သို့ ရောက်ပြီးလျှင် သူတော်ကောင်း တရားတည်းဟူသော မြတ်သော နိဗ္ဗာန်မြို့တော်ကို ဖန်ဆင်းတော်မူ၏။
၄။ ထိုမြတ်စွာဘုရားသည် ထိုမြို့၌ အကြားအလပ် မရှိဘဲ မကွေ့မကောက် ဖြောင့်တန်းလျက် ပြန့်ကျယ်သော သတိပဋ္ဌာန် တရားမြတ်တည်းဟူသော လမ်း မတော်ကြီးကို ဖန်ဆင်းတော်မူ၏။
၅။ ထိုလမ်းမတော်ကြီး၌ အရိယမဂ်ဖိုလ်လေးပါး၊ ပဋိသမ္ဘိဒါလေးပါး၊ အဘိညာဉ် ခြောက်ပါး၊ သမာပတ်ရှစ်ပါးတည်းဟူသော ကုန်ဈေးတို့ကို ဖြန့်ခင်းတော်မူ၏။
၆။ အကြင်သူတို့သည် မေ့လျော့ခြင်း မရှိကုန်၊ ကိလေသာ ငြောင့်တံသင်း ကင်း ကုန်၏။ ရှက်ခြင်း ဟိရီ၊ အားထုတ်ခြင်း ဝီရိယ တို့နှင့် ပြည့်စုံကုန်၏။ ထိုသူ တို့သည် ဤမြတ်သော ဂုဏ်တို့ကို လွယ်လွယ် ကူကူ ရယူနိုင်ကုန်၏။
၇။ ဤသို့ မြတ်စွာဘုရားသည် ဤအားထုတ်ခြင်း လုံ့လဖြင့် များစွာသော သတ္တဝါ အပေါင်းကို ထုတ်ဆောင်ကယ်တင်လျက် ကုဋေတစ်သိန်းသော လူ နတ် ဗြဟ္မာတို့ ကို ရှေးဦးစွာ သစ္စာလေးပါးကို သိစေတော်မူ၏။
၈။ အကြင်အခါ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရားသည် တိတ္ထိအပေါင်း တို့ကို ဆုံးမတော်မူ၏၊ နှစ်ကြိမ်မြောက် တရားဟောရာ ထိုအခါ၌ ကုဋေတစ်ထောင် သော လူ နတ် ဗြဟ္မာတို့သည် သစ္စာလေးပါးကို ထိုးထွင်းသိကုန်၏။
၉။ အကြင်အခါ နတ်ç ဗြဟ္မာတို့သည် လည်းကောင်း၊ လူတို့သည် လည်းကောင်း စိတ်တူ ကိုယ်မျှ ညီညွတ်ကြကုန်သည်ဖြစ်၍ စိတ်၌ ယုံမှားခြင်းရှိသော နိရောဓ (သမာပတ်) နှင့်စပ်သော ပြဿနာကို မေးလျှောက်ကြကုန်၏။
၁၀။ နိရောဓသမာပတ်ကို ဖြေရှင်းပြသ တရားဟောတော်မူရာ ထိုအခါ၌လည်း ကုဋေကိုးသောင်းသော လူ နတ် ဗြဟ္မာတို့၏ သုံးကြိမ်မြောက် သစ္စာလေးပါးကို ထိုးထွင်းသိခြင်းသည် ဖြစ်၏။
၁၁။ သုမနမြတ်စွာဘုရားအား ကိလေသာ အညစ်အကြေး ကင်းကုန်သော ငြိမ် သက်သောစိတ် ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်း အဝေးတို့သည် သုံးကြိမ်တို့ ဖြစ်ကုန်၏။
၁၂။ ဝါမှ ထတော်မူသော မြတ်စွာဘုရား၏ ပဝါရဏာကို ကြွေးကြော်ရာ (ပဝါရဏာ ပွဲ)၌ မြတ်စွာဘုရားသည် ကုဋေတစ်သိန်းသော ရဟန္တာတို့နှင့်အတူ ပဝါရဏာ ပြုတော်မူလေ၏။
၁၃။ ထို့နောက် စည်းဝေးရာဖြစ်သော အညစ်အကြေး ကင်းသော ကဉ္စန(ရွှေ) တောင်၌ ရဟန္တာ ကုဋေကိုးသောင်းတို့၏ အစည်းအဝေးသည် နှစ်ကြိမ်မြောက် အစည်းအဝေး ဖြစ်လေ၏။
၁၄။ အကြင်အခါ သိကြားနတ်မင်းသည် မြတ်စွာဘုရားအား ဖူးမြင်ခြင်းငှါ ချဉ်းကပ် ၏၊ ထိုအခါ ကုဋေရှစ်သောင်းသော ရဟန္တာတို့၏ အစည်းအဝေးသည် သုံးကြိမ် မြောက် အစည်းအဝေး ဖြစ်လေ၏။
၁၅။ ထိုအခါ ငါသည် အမည်အားဖြင့် အတုလ ဟု ထင်ရှားသော များစွာသော ကုသိုလ်ကို ဆည်းပူးခဲ့သော တန်ခိုးကြီးသော နဂါးမင်း ဖြစ်၏။
၁၆။ ထိုအခါ ငါသည် ဆွေမျိုးတို့နှင့်တကွ နဂါးဘုံမှ ထွက်၍ နဂါးတို့၏ နတ်၌ဖြစ် သော တူရိယာတို့ဖြင့် သံဃာနှင့်တကွသော မြတ်စွာဘုရားကို လုပ်ကျွေးပူဇော်ခဲ့ ၏။
၁၇။ ငါသည် ကုဋေတစ်သိန်းသော ရဟန္တာတို့အား ထမင်း အဖျော်ဖြင့် ရောင့်ရဲ နှစ်သက်စေခဲ့၏၊ အသီးအသီးသော ပုဆိုးအစုံကို လှူ၍ ထိုရတနာသုံးပါးကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ခဲ့၏။
၁၈။ လောက၏ ရှေ့သွားဖြစ်သော ထိုသုမနမြတ်စွာဘုရားသည်လည်း ငါ့ကို ဗျာဒိတ်စကား မိန့်ကြားတော်မူ၏- ဤနဂါးမင်သည် ဤကမ္ဘာမှ မရေတွက်နိုင် သော ကမ္ဘာ၌ ဘုရား ဖြစ်လတ္တံ့။
၁၉။ ကမ္မဋ္ဌာန်း စီးဖြန်းခြင်း လုံ့လကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား ၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။
၂၀။ ငါသည် ထိုမြတ်စွာဘုရား၏ စကားကိုလည်း ကြားနာရ၍ စိတ်ကို အလွန် ကြည်ညိုစေခဲ့၏၊ ပါရမီဆယ်ပါးကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည် ခဲ့၏။
၂၁။ သုမနမြတ်စွာဘုရား၏ မြို့တော်သည် မေခလ မည်၏၊ (ခမည်းတော်)သည် သုဒတ္တမင်း မည် ၏၊ မယ်တော်သည် သိရိမာမိဖုရား မည်၏။
၂၂။ ထိုဘုရားအလောင်းသည် အနှစ်ကိုးထောင်တို့ ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ ထိုဘုရားလောင်းအား စန္ဒ သုစန္ဒ ဝဋံသအားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင်တို့သည် ရှိကုန်၏။
၂၃။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း ခြောက်သန်းသုံးသိန်း တို့သည် ရှိကုန်၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည် ဝဋံသိကာ မည်၏၊ သား တော်သည် အနူပမ မည်၏။
၂၄။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ဆင်ယာဉ်ဖြင့် တော ထွက်တော် မူ၏၊ မယုတ်မလျော့ ဆယ်လတို့ပတ်လုံး ကမ္မဋ္ဌာန်း စီးဖြန်းခြင်း လုံ့လ ကို အားထုတ်တော်မူ၏။
၂၅။ ကြီးသော လုံ့လရှိတော်မူသော သုမနမြတ်စွာဘုရားသည် ဗြဟ္မာမင်းသည် တောင်းပန်အပ်သည် ဖြစ်၍ မေခလမြို့တော်၌ ဓမ္မစကြာကို ဟောတော်မူ၏။
၂၆။ သရဏသည် လည်းကောင်း၊ ဘာဝိတတ္တသည် လည်းကောင်း သုမနမြတ်စွာ ဘုရား၏ မြတ်သော တပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ အလုပ်အကျွေးသည် ဥဒေန မည်၏။
၂၇။ သောဏာသည် လည်းကောင်း၊ ဥပသောဏာသည် လည်းကောင်း ထိုမြတ်စွာ ဘုရား၏ မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်၏။ မနှိုင်းယှဉ်နိုင်သော အခြံအရံ အကျော်အစော ရှိတော်မူသော ထိုမြတ်စွာဘုရားသည်လည်း ကံ့ကော် ပင်ရင်း၌ ပွင့်တော်မူ၏။
၂၈။ ဝရုဏသည်လည်းကောင်း၊ သရဏသည်လည်းကောင်း မြတ်သော အလုပ် အကျွေး ဒါယကာ အဂ္ဂဥပဋ္ဌက တို့ ဖြစ်ကုန်၏။ စာလာသည်လည်းကောင်း၊ ဥပစာလာသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ အဂ္ဂဥပဋ္ဌိ ကာ တို့ ဖြစ်ကုန်၏။
၂၉။ ထိုမြတ်စွာဘုရားသည် အမြင့်အားဖြင့် အတောင်ကိုးဆယ် မြင့်လျက် ရွှေတု ရိုဏ်တိုင်ကြီးနှင့် တူသည်ဖြစ်၍ လောကဓာတ်တစ်သောင်း၌ တင့်တယ် တော်မူ၏။
၃၀။ ထိုအခါ အသက်တမ်းသည် အနှစ်ကိုးသောင်းရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှလောက် အသက် တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင် တော်မူ၏။
၃၁။ မြတ်စွာဘုရားသည် ကယ်တင်ထိုက်သော သူတို့ကို ကယ်တင်၍ (သစ္စာ လေးပါးကို) သိစေထိုက်သော သူတို့ကိုလည်း သိစေတော်မူ၏၊ လမင်းသည် ကွယ်ဝင်သွားသကဲ့သို့ ပရိနိဗ္ဗာန် ပြုတော်မူလေ၏။
၃၂။ အကြင်ရဟန္တာç အကြင်မြတ်စွာဘုရားတို့သည် များသော အခြံအရံ အကျော် အစော ရှိကုန်၏၊ ထိုရဟန္တာတို့သည် လည်းကောင်း၊ ထိုအတုမဲ့ မြတ်စွာဘုရား သည် လည်းကောင်း အတူမရှိသော အရောင်အလင်းကို ပြ၍ ပရိနိဗ္ဗာန် ပြုတော်မူ ကြလေကုန်ပြီ။
၃၃။ ထိုအတူမရှိသော ဉာဏ်တော်သည် လည်းကောင်း၊ ထိုအတူမရှိသော ရတနာ တို့သည် လည်းကောင်း ထိုအားလုံးတို့သည်ပင် ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံ သော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါလော။
၃၄။ အခြံအရံ အကျော်အစောကို ဆောင်တော်မူသော သုမနမြတ်စွာဘုရားသည် အင်္ဂါရာမ ကျောင်းတိုက်၌ ပရိနိဗ္ဗာန် ပြုတော်မူလေ၏၊ ထိုအင်္ဂါ ရာမကျောင်းတိုက်၌ ပင် ထိုမြတ်စွာဘုရား၏ စေတီ(ပုထိုး)တော်သည် လေးယူဇနာ မြင့်တော်မူလေ၏။ [1]
ကျမ်းကိုး
- ဗုဒ္ဓဝံသပါဠိတော်