ကောဏဂုံဘုရား

ကောဏဂုံဘုရား (ကောဏာဂမန) သည် ကကုသန်ဘုရားကဿပဘုရားဂေါတမဘုရားအရိမေတ္တေယျဘုရား စသည့် ဘုရားကြီး ငါးဆူမှ ပွင့်တော်မူပြီးသော ဘုရား ဖြစ်သည်။

ဗုဒ္ဓဝင်

၁။ ကကုသန်မြတ်စွာဘုရား၏ နောက်အဖို့၌ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော အခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူသော လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော ကောဏာဂုံမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏။

၂။ ထိုမြတ်စွာဘုရားသည် ပါရမီ တရားဆယ်ပါးတို့ကို ဖြည့်ကျင့်၍ ဘဝခရီးခဲကို လွန်မြောက်တော်မူလေ၏၊ (ကိလေသာ) အညစ်အကြေး အားလုံးကို မျှော၍ မြတ်သော ဗောဓိဉာဏ်သို့ ရောက်တော်မူလေ၏။

၃။ ကောဏာဂုံမြတ်စွာဘုရားသည် ဓမ္မစကြာကို ဟောတော်မူသည်ရှိသော် ကုဋေသုံးသောင်းသော လူနတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် ရှေးဦးစွာ (သိခြင်း) ဖြစ်လေ၏။

၄။ သူတစ်ပါးတို့၏ အယူဝါဒကို နှိမ်နင်းလျက် တန်ခိုးပြာဋိဟာကို ပြတော်မူသည် ရှိသော် ကုဋေနှစ်သောင်းသော လူနတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်း သည် နှစ်ကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၅။ ထို့နောက် မြတ်စွာဘုရားသည် (တန်ခိုး) အမျိုးမျိုး ဖန်ဆင်းခြင်းကို ပြုပြီးလျှင် တာဝတိံသာနတ်ပြည်သို့ ကြွသွားတော်မူ၏၊ ထိုနတ်ပြည်တွင် မြတ်စွာဘုရားသည် ပဏ္ဍုကမ္ဗလာကျောက်ဖျာ၌ (သီတင်းသုံး)နေတော်မူ၏။

၆။ ထိုမြတ်စွာဘုရားသည် (အဘိဓမ္မာ) ခုနစ်ကျမ်းတို့ကို ဟောတော်မူလျက် မိုးလပတ် လုံးနေတော်မူ၏၊ (ထိုအခါ) ကုဋေတစ်သောင်းသော နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် သုံးကြိမ်မြောက်(သိခြင်း) ဖြစ်လေ၏။

၇။ နတ်ထက် နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရား၏လည်း (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးသည် တစ်ကြိမ်သာ ဖြစ်လေ၏။ ၈။ ထိုအခါ (ထိုအစည်းအဝေးသည်) ဩဃလေးပါးတို့ကို လွန်မြောက်လျက် သေခြင်းကို ဖျက်ဆီးပြီးကုန်သော သုံးသောင်းသော ရဟန္တာတို့၏ အစည်းအဝေး သည် ဖြစ်လေ၏။

၉။ ထိုအခါ ငါသည် မိတ်ဆွေအမတ်တို့နှင့် ပြည့်စုံလျက် စစ်သည် ဗိုလ်ပါ များစွာရှိ သော ပဗ္ဗတမည်သော မင်းဖြစ်ခဲ့၏။

၁၀။ ငါသည် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ သွား၍ တရားတော်ကို နာကြားပြီး သည် ရှိသော် မြတ်စွာဘုရားနှင့်တကွသော သံဃာကို ပင့်ဖိတ်လျက် အလိုရှိတိုင်း အလှူကို ပေးလှူပြီးလျှင် -

၁၁။ မြတ်စွာဘုရားနှင့် တပည့်သာဝကတို့အား ပဋ္ဋုဏ္ဏတိုင်းဖြစ် အထည် စိန့်တိုင်း ဖြစ် အထည်ကို လည်းကောင်း၊ ပိုးထည် ကမ္ဗလာ (သက္ကလတ်) ထည်ကို လည်းကောင်း၊ ရွှေခြေနင်းကို လည်းကောင်း ပေးလှူခဲ့၏။

၁၂။ ထိုမြတ်စွာဘုရားသည်လည်း သံဃာ့အလယ်၌ ထိုင်နေ၍ ငါ့ကို ဤမင်းသည် ဤ ဘဒ္ဒကမ္ဘာ၌ပင် ဘုရား ဖြစ်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။

၁၃။ ထိုအခါ ပျော်မွေ့ဖွယ်ကောင်းသော ကပိလမြို့မှ ထွက်၍။ပ။ ဤ(ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၄။ (ငါသည်) မြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန်ကြည်ညို စေခဲ့၏၊ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက် တည် ခဲ့၏။

၁၅။ ငါသည် သဗ္ဗညုတဉာဏ်ကို ရှာမှီးစဉ် မြတ်စွာဘုရားအား အလှူကို ပေးလှူ၍ ကြီးကျယ်သော မင်းစည်းစိမ်ကို စွန့်ပြီးလျှင် မြတ်စွာဘုရားအထံ၌ ရဟန်းပြုခဲ့၏။

၁၆။ (ကောဏာဂုံမြတ်စွာဘုရား၏) မြို့တော်သည် {သောဘဝတီ} မည်၏၊ မင်းသည် {သောဘ} အမည် ရှိသူဖြစ်၏၊ ထိုမြို့၌ မြတ်စွာဘုရား၏ ဆွေတော် မျိုးတော် အပေါင်းသည် နေ၏။

၁၇။ နတ် လူတို့၏ ဆရာဖြစ်တော်မူသော ကောဏာဂုံ မြတ်စွာဘုရား၏ ခမည်း တော်သည် {ယညဒတ္တပုဏ္ဏား} ဖြစ်၏၊ မယ်တော်သည် {ဥတ္တရာ}မည်၏။

၁၈။ ထိုဘုရားလောင်းသည် အနှစ်သုံးထောင်တို့ပတ်လုံး နန်းတော်ကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) တုသိတ သန္တုသိတ သန္တုဋ္ဌအားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင်တို့သည် ရှိကုန်၏။

၁၉။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမတို့သည် မယုတ်မလျော့ တစ်သောင်း ခြောက်ထောင်(တိတိ) ရှိကုန်၏၊ မိဖုရားသည် {ရုစိဂတ္တာ} မည်၏၊ သားတော်သည် {သတ္ထဝါဟ} မည်၏။

၂၀။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ဆင်ယာဉ်ဖြင့် တော ထွက်တော်မူ၏၊ ခြောက်လပတ်လုံး ကမ္မဋ္ဌာန်း စီးဖြန်းခြင်း လုံ့လကို အားထုတ် တော်မူ၏။

၂၁။ ကြီးသော လုံ့လ ရှိတော်မူသော လူတို့ထက် မြတ်သော ကောဏာဂုံမြတ်စွာ ဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ မိဂဒါဝုန် (သမင်တော) ၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၂။ ဘိယျသသည် လည်းကောင်း၊ ဥတ္တရသည် လည်းကောင်း ကောဏာဂုံ မြတ်စွာ ဘုရား၏ မြတ်သောတပည့် {အဂ္ဂသာဝက}တို့ ဖြစ်ကုန်၏။ ကောဏာဂုံ မြတ်စွာဘုရား၏ အလုပ် အကျွေးသည် {သောတ္ထိဇ}မည်၏။

၂၃။ သမုဒ္ဒါသည် လည်းကောင်း၊ ဥတ္တရာသည် လည်းကောင်း မြတ်သော တပည့်မ {အဂ္ဂသာဝိကာ} တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ရေသဖန်းပင် ဟူ၍ ခေါ်ဆိုအပ်၏။

၂၄။ ဥဂ္ဂသည် လည်းကောင်း၊ သောမဒေဝသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ {အဂ္ဂဥပဋ္ဌက}တို့ ဖြစ်ကုန်၏။ သီဝလာသည် လည်း ကောင်း၊ သာမာသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ {အဂ္ဂဥပဋ္ဌိကာ} တို့ ဖြစ်ကုန်၏။

၂၅။ ထိုမြတ်စွာဘုရားသည် အရပ်တော် အမြင့်အားဖြင့် အတောင်သုံးဆယ် မြင့်တော်မူ၏၊ ဖို (မိုက်ခွက်)၌ (တည်သော) ရွှေကဲ့သို့ ဤအတူ ရောင်ခြည်တို့ဖြင့် တန်ဆာဆင်လျက် ရှိတော်မူ၏။

၂၆။ ထိုအခါ မြတ်စွာဘုရား၏ အသက်သည် အနှစ်သုံးသောင်း ရှိ၏၊ ထိုမြတ်စွာ ဘုရားသည် ထိုမျှလောက် အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်း ကို ကယ်တင်တော် မူ၏။

၂၇။ ထိုမြတ်စွာဘုရားသည် (ဗောဓိပက္ခိယတရားဟူသော) ဓမ္မစေတီကို တည် ဆောက်၍ (သစ္စာလေးပါး) တရားတံခွန်ဖြင့် တန်ဆာဆင်အပ်သော တရားပန်းကုံး ကို ကုံးပြီးလျှင် တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန် ပြုတော်မူလေ၏။

၂၈။ ထိုမြတ်စွာဘုရား၏ ကြီးစွာသော (တန်ခိုး၏) ပြန့်ပြောခြင်းရှိသော တပည့် {သာဝက} အပေါင်းသည် လည်းကောင်း၊ အသရေရှိသော (လောကုတ္တရာ) တရားကို ပြတော်မူသော မြတ်စွာဘုရားသည် လည်းကောင်း ထိုအားလုံးသည်ပင် ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန် သည် မဟုတ်ပါလော။

၂၉။ ကောဏာဂုံမြတ်စွာဘုရားသည် ပဗ္ဗတာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန် ပြုတော်မူ၏၊ (ထိုမြတ်စွာဘုရား၏) ဓာတ်တော်သည် (ထိုထိုအရပ်မျက်နှာတို့၌ ) ပျံ့နှံ့လျက်ရှိလေသတည်း။

ကောဏာဂမနဗုဒ္ဓဝင် ပြီး၏။ [1]

ကျမ်းကိုး

  1. ဗုဒ္ဓဝံသပါဠိတော်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.